25 C
Yangon

ဟားခါး-ဖလမ်း လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်ပြီး CNA နှင့် CDF ဘက်မှ ၉ ဦးကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ မေ ၅

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကာ နှစ်ဖက်အကျအဆုံး များပြားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဟားခါး-ဖလမ်းကားလမ်း၊ တလန်ဇာရ်ကျေးရွာအနီးတွင် ယနေ့ မေလ ၅ ရက် နံနက်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦးမှ ၂ ပွင့် အရာရှိ ၁ ဦးအပါအဝင် ၆ ဦး၊ CDF ထန်တလန်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်းသိရှိရသည်။

မေလ ၂ ရက်နေ့တွင် ဟားခါးမှ ပြန်လည်ထွက်ခွာလာသော သံချပ်ကာအမြှောက်ကား ၂ စီးပါ ၂၇ စီး စစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ ၄ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့သည်။

အဆိုပါစစ်ယာဉ်တန်းသည် ဟားခါး အကျဉ်းထောင်မှ အကျဉ်းသား ၁၅ ဦးကိုပါ တင်ဆောင်လာခဲ့ပြီး ယင်းသို့ တင်ဆောင်လာခြင်းသည် ကြားဖြတ်တိုက်ခိုက်ခံရမည်ကို သိသဖြင့် လူသားဒိုင်း၊ ဓါးစာခံပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ချင်းသတင်းရင်းမြစ်က ဆိုသည်။

ကြားဖြတ်တိုက်ခိုက်ခံရသော စစ်ကောင်စီယာဉ်တန်းသည် မေလ ၄ ရက်နေ့တွင် ရမ်ထလိုကျေးရွာရှိ နေအိမ် ၁၀ လုံးနှင့် မေလ ၅ ရက်နေ့တွင် တလန်ဇာရ်ကျေးရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်ယာဉ်တန်းသည် ဖေဖေါ်ဝါရီလတွင် ကလေးမြို့မှ ဟားခါးမြို့သို့ ရိက္ခာပို့ရန်ရောက်ရှိလာသော ယာဉ်တန်းဖြစ်ပြီး ဟားခါးမြို့သို့ လာရာလမ်းတလျှောက် ချင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၆၀ ကျော်သေဆုံးခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှ သိရှိရသည်။

ယနေ့ မေလ ၅ ရက်တွင် ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာအနီး၌ ဖြစ်ပွားသော တိုက်ပွဲအသေးစိတ်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က CNA ထံ ကြိုးစားဆက်သွယ်လျှက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article