25 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်နှင့်ယမ်စီ ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကို လုံခြုံရေးယူသော စစ်ကြောင်း ၃ခုနှင့် ဒေသ PDF များ တိုက်ပွဲဖြစ်ပွား၊ သထုံမြို့နယ် ခမရ ၁ ကို သထုံ PDF က ပစ်ခတ်တိုက်ခိုက်၊ ထန်းတပင်တွင် တိုက်ပွဲများဖြစ်

Must read

ရန်ကုန်၊

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်နှင့်ယမ်စီကုမ္ပဏီတို့၏ ကြေးနီစီမံကိန်းများကို လုံခြုံရေးယူပေးနေသော စစ်ကြောင်းနှင့် ဒေသခံ PDF များ ယနေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ကြေးနီထုတ်လုပ်ရေးလုပ်ငန်းများတွင် လုံခြုံရေးယူပြီးနောက် ပြန်ဆုတ်ခွာလာသော အင်အား ၈၀ ခန့် စစ်ကြောင်းသည် ရွှေပန်းခိုင်သဲတောကြီးစာသင်ကျောင်းတွင်အခြေပြုလျက်ရှိသော စစ်ကြောင်း၊ တည်ပင်ကန်းရွာအနီးဝလာရိုးတွင်းရှိ စစ်ကြောင်းများ ပြန်လည် ပေါင်းစုံကြကြောင်း၊ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ဒေသခံ PDF အင်အား ၂၀၀၀ ခန့်က တာဝေးပစ်လက်နက်များ သုံး၍ သုံးဘက်ညှပ်ထိတွေ့တိုက်ပွဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ် သထုံမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၁ ကို ယနေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ၄၀ မမ ဗုံးသီးလက်နက်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ထိခိုက်ကျဆုံးမှု အခြေအနေမသိရှိရသေးကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် ယနေ့ည ၉ နာရီခွဲအချိန်မှစတင်ပြီး နှစ်ဖက် ပစ်ခတ်သံများကြားနေရကြောင်း၊ လက်ရှိ တိုက်ပွဲဖြစ်နေသော နေရာကို မခန့်မှန်းတတ်သေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article