30 C
Yangon

ရုရှားကို ခုခံတိုက်ခိုက်နိုင်လျက်ရှိသော ယူကရိန်းလူထု၏ စုဖွဲ့မှု နမူနာကောင်းများက မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အကူဖြစ်လာနေ

Must read

By Mychailo Wynnyckyj


ကမ္ဘာ့ ဒုတိယအကြီးဆုံး ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပေမယ့် လက်ရှိအချိန်အထိ ယူကရိန်းပြည်သူတွေက ရုရှားရဲ့ ကျူးကျော်စစ်ကို ကောင်းကောင်း တွန်းလှန်ခုခံနေကြပါတယ်။ ရုရှားတွေက သူတို့ အလွယ်တကူ ယူကရိန်း ကို သိမ်းပိုက် အနိုင်ယူနိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် ရုရှားတွေရဲ့ အိပ်မက်ကို ယူကရိန်းပြည်သူတွေက လက်ချင်းယှက်လို့ ဖျက်ဆီးပြလိုက်ပါတယ်။

ယူကရိန်းလူထုရဲ့ စုဖွဲ့မှု အင်အားကောင်းလွန်းပြီး ရှေ့တန်းက ပါဝင်နေတဲ့ ယူကရိန်း ပြည်သူတွေရဲ့ တွန်းလှန်မှုတွေက လူသားအားလုံးအတွက် တကယ့်ကို စံပြ နမူနာတွေဖြစ်လာနေပါတယ်။

မြန်မာနိုင်ငံမှာလည်း မင်းအောင်လှိုင်က အာဏာသိမ်းယူပြီး ပြည်သူတွေကို အလွယ်တကူ အုပ်ချုပ်ခွင့်ရမယ်လို့ မျှော်လင့်ခန့်မှန်းမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း စုဖွဲ့မှု အင်အားကောင်းတဲ့ မြန်မာ့လူထုက လက်ချင်းချိတ်လို့ မင်းအောင်လှိုင်နဲ့စစ်တပ်ရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှုကို ၁ နှစ်ကျော်သည်အထိ တွန်း လှန်နေကြပါတယ်။

ပါမောက္ခ Mychailo Wynnyckyj က ၂၁ ရာစု ခေတ်သစ် လူထုစုဖွဲ့မှု ကွန် ရက်က ရုရှား ရဲ့ရန်လိုမှု တိုက်ဖျက်ရေး စစ်ပွဲမှာ ယူကရိန်း ရဲ့ ခုခံတွန်းလှန်စစ်အတွက် အောင်မြင်မှု ကို ဘယ်လို အထောက်အကူပြုနေလဲဆိုတာ ရှင်းပြထားပါတယ်။ ဒီအချက်ဟာ မြန်မာလူထုအတွက် စဉ်းစားတွေးခေါ်စရာနည်းလမ်းအသစ်တွေ ရရှိစေနိုင်ပါတယ်။

ဒီရုရှား-ယူကရိန်းစစ်ပွဲမှာ တကယ့်ကို ဥပမာအဖြစ် ရယူနိုင်တဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက် ရှိနေတယ်။ ဒီအတွေးဟာ ထူးခြားဆန်းကျယ်တဲ့ အတွေးမျိုးဖြစ်ကောင်းဖြစ်နေမယ်။ ဒါပေမဲ့ လူသားတွေရဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်း အပြောင်းအလဲအတွက် ဘေးဒုက္ခနဲ့ကြုံကြဖို့ လိုအပ်တယ်လို့ သမိုင်းက ပြဆိုနေပုံရတယ်။

ဒါ့ကြောင့် ကျုပ်ရဲ့အကောင်းမြင်စိတ်က လက်ရှိ ( ယူကရိန်း- ရုရှား) စစ်ပွဲဟာ ပိုကောင်းတဲ့ နေရာကို ရောက်ရှိအဆုံးသတ်မယ်လို့ ယုံကြည်တယ်။ လက်ရှိသေကြေ ပျက်စီးနေတာတွေကနေ အပြုသဘော ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါသလား။

လူမှုသိပ္ပံမှာတော့ လွန်ခဲ့တဲ့ နှစ် ၃၀၊ ၄၀ ကာလ အပြောင်းအလဲတွေကို အများကြီးရေးခဲ့ ကြပါပြီ။ စက်မှုလွန်လူ့ အဖွဲ့အစည်း (Daniel Bell)၊ တတိယလှိုင်းဖွံ့ဖြိုးမှု ( Alvin Toffeler)၊ အနောက်လူ့အဖွဲ့အစည်းများ ‘ပို့စ်မော်ဒန်’ သို့ ပြောင်းလဲခြင်း ( Francois Lyotard) ရေးခဲ့ပြောခဲ့ကြပါတယ်။ တကမ္ဘာလုံးမှာ ဥစ္စာဓနဖြစ်ထွန်းမှုဟာ စက်မှုကနေ ဝန်ဆောင်မှုဆီကို ပြောင်းလဲနေပါပြီ။ ယူကရိန်းမှာ ဆိုရင်လည်း လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ဂျီဒီပီရဲ့ ၆၀ရာခိုင်နှုန်းဟာ ဝန်ဆောင်မှုကနေ လာပါတယ်။

စက်မှုကုန်ထုတ်စနစ်ကနေ တစ်ကမ္ဘာလုံး ရွေ့လျားပြောင်းလဲနေတာဟာ အဖွဲ့အစည်းတွေ တည်ဆောက်ပုံကိုလည်းပြောင်းလဲပေးနေပါတယ်။ အထက်အောက်စီမံပုံက နောက်ဆုတ်နေပြီး အားလုံးဝိုင်းလုပ်ကြတဲ့ စနစ်ကပိုနေရာယူလာပြီ။ တီထွင်ဖန်တီးတဲ့လူတန်းစား (creative class- Richard Florida) ဆိုတာ ပေါ်လာ ပြီး ဖွဲ့စည်းစီမံပုံတွေအားလုံးပြောင်း ဖို့ တောင်းဆို လာကြတယ်။

နိုင်ငံရေးမှာဆိုရင်လည်း အစဉ်အလာအရ နားလည်ထားတဲ့နိုင်ငံရေးအာဏာသဘောဟာ အဆုံးသတ်လမ်းကြောင်းကို သွားနေပုံရတယ်လို့ Moses Nai ကထောက်ပြတယ်။

အာဏာ ထက် ပုံသေမဟုတ်တဲ့ ဩဇာရဲ့ အရေးပါမှုက ပိုကျယ်ပြန့် လာနေတယ်။ လူသားတွေ တတိယထောင်စုနှစ်ကို ဝင်လာတဲ့အခါ အထက်အောက်ဗျူရိုကရေစီနဲ့ တည်ဆောက်တဲ့ အမျိုးသားနိုင်ငံတို့၊ အကြီးစားဖွဲ့စည်းပုံတို့ကိုမဟာမိတ်ကွန်ရက်တွေ (နိုင်ငံတကာအပါအဝင်)၊ သမဂ္ဂတွေက အကြိမ်ကြိမ် ထိခိုက်အောင်လုပ်နိုင်ခဲ့တယ်။

အနောက်နဲ့ ဥရောပတစ်ခွင်မှာလည်း ၁၉ ရာစု စက်မှုတော်လှန်ရေးဟာ ၂၀ ရာစု လူနေမှု ပုံစံကို ဖြစ်စေခဲ့တယ်။ လူတန်းစားနဲ့ နိုင်ငံတော်ကြားက ပါဝါ၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ ပမာဏကြီးတဲ့ ဝယ်ယူသုံးစွဲမှု၊ တသီးပုဂ္ဂလ စံတန်ဖိုးများ၊ တည်ငြိမ်တဲ့ စည်းစနစ်သတ်မှတ်ချက်များ စတာတွေရှိခဲ့တယ်။

၂၁ ရာစုရဲ့ တတိယ ဆယ်စုနှစ်ထဲ အရောက်မှာတော့ လူယဉ်ကျေးမှု စနစ်ကြီး တခုလုံးဟာ ပြောင်းနေခဲ့ပြီ။ ရုရှားရဲ့ အပျက်အစီးများလှတဲ့ ယူကရိန်းစစ်ပွဲဟာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲနဲ့ လားရာကို သဲလွန်စတွေပေးနေပါသလား။

အခုအထိမှာတော့ စစ်ပွဲကိုသရုပ်ဖေါ်ကြရင် ရုရှားရဲ့ အထက်အောက်၊ (အကျင့်ပျက်) ဗျူရိုကရေစီ စစ်ယန္တယားကြီးနဲ့ သေးငယ်ပေမဲ့ စံတန်ဖိုး သံန္နိဌာန်ပြင်းတဲ့၊ ပေါ့ပေါ့ပါးပါး ရွေ့ပြောင်းနိုင်တဲ့ နိုင်ငံသားကွန်ရက်( ယူကရိန်း)ရဲ့ရင်ဆိုင်မှုအဖြစ် ပြောကြတယ်။ ယူကရိန်းဟာ အနောက်အုပ်စုက ထောက်ပံ့တဲ့ အဆင်မြင့်တဲ့ လက်နက်တွေရဲ့ အကျိုးကျေးဇူးကို ရခဲ့တာမှန်ပါတယ်။

ဒါပေမဲ့ ယူကရိန်းစစ်တပ်ရဲ့ အစောပိုင်းအောင်ပွဲတွေဟာ ရေပြင်ညီ တပြေးတည်းသွားတဲ့ ဖွဲ့စည်းပုံရဲ့ ကျေးဇူးပါ။ ဒါဟာ ရုရှားကျူးကျော်စစ်ကြောင်းကို ရင်ဆိုင်ရာမှာ အတော်ကို ထိရောက်ခဲ့ပါတယ်။

ယူကရိန်းရဲ့ “အဖွဲ့များစုထားတဲ့ အဖွဲ့ “( team of teams လို့ အမေရိ ကန် ဗိုလ်ချုပ် စတန်လေ မက်ခရိုင် စတယ်က ရည်ညွှန်းတယ်) ဟာ ယူကရိန်း စစ်တပ် မှာ သာမက ယူကရိန်းလူအဖွဲ့အစည်းတခုလုံးမှာပါရှိတယ်။

အမည်အားဖြင့်တော့သမ္မတဇီလန်စကီးက ဦးဆောင်တယ်ပေါ့။ လက်တွေ့မှာတော့ အလိုအလျောက်ပေါ်ထွက်လာတဲ့၊ သေးငယ်ပြီး အရွေ့အပြောင်းမြန်တဲ့၊ ဘာလုပ်ပါလို့ အမိန့်ပေးခိုင်းစေတာမျိုး မလိုဘဲ ဘာလုပ်ရမယ်သိတဲ့ အစုအဖွဲ့တွေက လှုပ်ရှားသွားတာပါ။

ဒါမျိုးကို ယူကရိန်းပြည်တွင်းက အာဏာရှင်ဆန့်ကျင်ရေး မိုင်ဒန်လှုပ်ရှားမှုမှာထဲက မြင်ခဲ့ကြပြီးပြီ။ အခုကတော့ ပိုကျယ်ပြန့်သွားပုံပဲ။ စစ်ပွဲမှာ ယူကရိန်းအောင်မြင်မှုရဲ့ သော့ချက်တခုလည်း ဖြစ်တယ်။

ယူကရိန်း ပြည်သူ့ကွန်ရက်ကြီးကို ထိထိရောက်ရောက် စည်းနှောင်ထားတာက စီးပွါးရေးနဲ့ ရုပ်ဝတ္တုမဟုတ်ပဲ စံတန်ဖိုးရည်မှန်းချက် (idealism) ဖြစ်ပုံရတယ်။ စစ်မြေပြင်မှာရော၊ နောက်တန်းထောက်ပို့ အဖွဲ့တွေမှာပါ (စံတန်ဖိုး) အိုင်ဒီယာရဲ့ အင်အားကို မြင်နေရတယ်။

အဲဒီအိုင်ဒီယာက သိစိတ်အားဖြင့် စုစည်းမိသွားတဲ့ ပြည်သူပြည်သား အားလုံး ( consolidated identity) ဟာအတူတူပဲ၊ အားလုံး ဖိနှိပ်မှု ကျူးကျော်မှုကနေ လွတ်မြောက်ရမယ်။ ယူကရိန်းလို ဘာသာ၊ လူမျိုး၊ဒေသ ကွဲပြားလှတဲ့ နိုင်ငံမှာ ဒါမျိုးဖြစ်စရာမရှိဘူးလို့ ပုံမှန်အားဖြင့်တော့ ယူဆကြမှာပါ။

နိုင်ငံတွေ ပေါ်ပေါက်လာပုံကို ပြောရင် ပုံမှန်အားဖြင့် စမစ် ( Anthony D. Smith)ကိုရည်ညွှန်းကြတယ်။ သူကသမိုင်းဖြစ်ထွန်းမှုအရ ဥရောပမှာ အမျိုးသားနိုင်ငံတွေဟာ ဖြစ်နိုင်ခြေ မော်ဒယ် နှစ်မျိုးထဲက တမျိုးအားဖြင့်ပေါ်ထွက်လာကြတယ်လို့ဆိုတယ်။

တစ်ခုက အနောက်ဥရောပနဲ့ မြောက်အမေရိက မော်ဒယ်။ သူက နိုင်ငံသား အဖြစ်သိစိတ်ဟာ(ဖွဲ့စည်းပုံဥပဒေတို့၊ နယ်မြေတို့၊ အလံတို့ စတဲ့) နိုင်ငံတော် အဆောက်အုံနဲ့ သင်္ကေတတွေကို အဓိကထား သစ္စာစောင့်သိတဲ့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံသားဖြစ်မှု ( inclusive “civic” version) ကို ဗဟိုပြုတယ်။ နိုင်ငံ သားဖြစ်မှုဟာ မျိုးနွယ်ဇာတိ၊ ကိုးကွယ်မှု၊ နောက်ကြောင်းတွေနဲ့ မပတ်သက်ဘူး။

နောက်မော်ဒယ်တမျိုးက အလယ်နဲ့ အရှေ့ဥရောပ ( အထူးသဖြင့် ကမ္ဘာစစ်မတိုင်မီ ဂျာမဏီ) မှာ ကျယ်ပြန့်တယ်။သူက အများကြီး ပိုကျဉ်းမြောင်းတဲ့ ခံယူမှုအပေါ်မှာ တည်ထားတယ်။ လူမျိုး ဘာသာတူတာ၊ သမိုင်းဆိုင်ရာယုံတမ်း စကား တွေကို ယုံကြည်တာအပေါ်မှာ မူတည်တယ်။

၂၀ ရာစု တခုလုံးမှာ အဲဒီလို လူမျိုးနွယ်စုကို မူတည်ခံယူချက်နဲ့ အတူပါလာတဲ့ အကြမ်းဖက်မှု၊ နယ်ချဲ့ထွင်မှု၊ လူစိမ်းကြောက်မှု၊ အတူမနေလိုမှုတွေဖြစ်လာရတယ်။ ဒီဒုတိယမော်ဒယ်နဲ့ ယှဉ်ရင် ပထမမော်ဒယ် ( နိုင်ငံသား ပြည်သူ ဗဟိုပြု သိမှတ်မှု civic identity) က နိုင်ငံတည် အစု အစည်းများ အပေါ်မျိုးချစ်စိတ် ( institutional patriotism) ကိုမြှင့်တင်ပေးတယ်။ ဒါပေမဲ့ အစွန်းရောက်ဝါဒကိုထိန်းတယ်၊ နိုင်ငံရေးရလာဒ်အတွက် မျိုးချစ်စိတ်ကို အသုံးပြုခဲတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်မှု ( ခရိုင်းမီးယားကို သိမ်းယူတဲ့ ၂၀၁၄ ထဲက စပါတယ်) ကြောင့်ပေါ်လာတဲ့ “ နိုင်ငံ” ဆိုင်ရာသိမှတ်ပုံဟာ အထက်မှာ ဖေါ်ပြတဲ့ ပုံမှန်မော်ဒယ်နှစ်ခုလုံးကို စိန်ခေါ်ပါတယ်။ အရှေ့ဥရောပပုံစံလို့ သိမှတ်ထားကြတာနဲ့လည်း ကွဲလွဲပါတယ်။

တကယ်တော့ လူမျိုးစုံတဲ့ ရုရှားဖယ်ဒရေးရှင်းဟာ ပြည်သူ ဗဟိုပြုသိမှတ်ပုံ ( civic identity) ကိုအားပြုသင့် ပါတယ်။ ဒါပေမဲ့ မော်စကိုဟာ နယ်ပယ်ချဲ့ထွင်ပြီး သူ့နယ်နမိတ်နားကရုရှားစကားပြောတဲ့ သူတွေကို ကာကွယ်မယ်ဆိုတဲ့ ဖက်ဆစ်ဝါဒတပိုင်းကိုသာ အရှိန်မြှင့်ပါတယ်။ ထူးဆန်းနေတာက “ရုရှားကြီးစိုးတဲ့ ကမ္ဘာ” ဖြစ်ရေး နယ်ချဲ့စီမံကိန်းအတွက် ယူကရိန်းကို ဝင်တိုက်နေတဲ့ ရုရှားစစ်သားတွေဟာ ချေချင်းညာ၊ ဘာရတ်၊ တာတာနဲ့ တခြားလူမျိုးစုတွေပါ။

ပင်မ ရုရှားလူမျိုးစုတွေ မဟုတ်ကြပါဘူး။ ယူကရိန်းမှာရှိတဲ့ ရုရှားစကားပြောပြည်သူတွေ လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်တိုက်တဲ့ (လူသတ်၊မီးရှို့၊ မုဒိန်းကျင့် ) ရုရှားဖယ်ဒရေးရှင်းတပ်ဟာ အဲဒီပင်မရုရှားမျိုးနွယ်စုမဟုတ်တဲ့ အခြားသော လူမျိုးနွယ်စုတွေ ပါဝင်တဲ့ တပ်ပါ။

သူတို့လွတ်မြောက်စေမယ်ဆိုတဲ့ ( ရုရှားတွေလို့ မော်စကိုကယူဆတဲ့) ရုရှားစကားပြော ယူကရိန်းပြည်သူတွေကလည်း သူတို့ကိုယ် သူတို့ ယူကရိန်းနိုင်ငံသားလို့ပဲ ခံယူထားကြတာပါ။ ထူးဆန်းပြီး အစဉ်အလာခံယူတွေးမြင်လာပုံတွေနဲ့ ကွာနေတဲ့ မျိုးနွယ်စုအခြေပြုသိမှတ်ပုံ ( ethnic identity) နဲ့ အားလုံးအတူ နိုင်ငံသားပြည်သူ ( civic identity) အခြေအနေက အဲသလိုပ။

တဘက်မှာလည်း ( အမျိုးသားရေးဝါဒီ) လက်ယာအစွန်းရောက်တွေကို လက်ခံထားတယ်လို့ စွပ်စွဲ ခံရတဲ့ ယူကရိန်းခေါင်းဆောင်တွေဟာ ရုရှားစကားပြောသူတွေရော၊ ယူကရိန်းစကားပြောသူတွေရော အားလုံးပါဝင်တဲ့ နိုင်ငံသားပြည်သူခံယူမှု ( civic identity) ကိုဖွံ့ဖြိုး အောင် လုပ်နိုင်ခဲ့ပြန်တယ်။

ဒီလို ယူကရိန်းနိုင်ငံသား ပြည်သူများ ဆိုတဲ့ခံယူပုံအသစ်ဟာ လူမျိုးစုနောက်ခံအားလုံး၊ ဘာသာစကား နဲ့ ကိုးကွယ်မှုအားလုံးကို ရည်ရွယ်ချက်ရှိရှိစုစည်းနှောင်ဖွဲ့ပေးပါတယ်။ နိုင်ငံရေးမပါဘူးလို့ ပြောကြတဲ့ “ယူကရိန်းနိုင်ငံသား ပြည်သူများ” ဆိုတဲ့ သိမှတ်ပုံဟာ တစ်နိုင်ငံလုံး အနှံ့ကကိုယ်ထူကိုယ်ထကွန်ယက် နဲ့ စစ်သားတွေကို လှုပ်နှိုး ထကြွစေပြီး ခုခံရေးလှုပ်ရှားမှုကြီး ဖြစ်လာတဲ့ အထိပါပဲ။

ဒါကိုကြည့်တော့ ( လူမျိုးရေးစိတ်မဟုတ်တဲ့) အားလုံးအတူ နိုင်ငံသားပြည်သူစိတ် ( civic identity)က လူတွေနိုးထအောင်လုပ်ရာမှာအားပျော့တယ်ဆိုတဲ့ အယူကလည်း မဟုတ်ပြန်ဘူး။

အောင်ပွဲရပြီးတဲ့ အခါမှာ ဒီစစ်ပွဲကို လူမှုသိပ္ပံသမားတွေသာမက သမိုင်းပညာ ရှင်တွေကပါ လေ့လာကြလိမ့်မယ်။ အခုအချိန်ကာလမှာ ခေတ်မမီတော့တဲ့ စက်မှုခေတ်အထက်အောက်ပုံစံ အမြင်ကနေ လူသားထုတရပ်လုံးက ပြောင်းနေကြပြီ။ အစုအဖွဲ့တွေ အများကြီးက အသိုက်အမြုံ အဖြစ် စုစည်းခံယူပြီး နေ့စဉ်လူမှုဘဝကို စီစဉ်လှုပ်ရှားကြတဲ့သိမှတ်ပုံဆီ သွားနေကြပြီ။ အဲဒီလို သိမှတ်ခံယူပုံတွေ အသစ်တွေက အားကောင်းတဲ့ နေရာမှာရှိမယ်။

ယူကရိန်းရဲ့ အောက်ခြေအစုအဖွဲ့များစွာ ဖြန့်ကျဲ စုရုံးတဲ့ နိုင်ငံရေးယဉ်ကျေးမှု ( heterarchic political culture)နဲ့အသစ်ရရှိတဲ့ ပေါင်းစည်းမှု မော်ဒယ်ဟာ လူ့ယဉ်ကျေးမှုကို ထည့်ဝင်ဖြည့်ဆည်းပေးတဲ့ အရာတွေလို့ တစ်ချိန်မှာ ပြောနိုင်မလား အတွေးပွားမိတယ်။ ပိုကောင်းတဲ့ ဖွံဖြိုးမှုဆီသွားရာ တွန်းအားပေါ့။

ဒီလို ခမ်းခမ်းနာနားတွေပြောနေလို့ လက်ရှိတွေ့ကြုံနေရတဲ့ ကြေကွဲစရာအဖြစ်တွေ ယုတ်လျော့မသွားပါဘူး။ ဒါပေမဲ့ စစ်မြေပြင် အသီးသီးမှာ စွန့်လွှတ်ရင်ဆိုင်နေရင်းကပဲ ကျုပ်တို့ယူကရိန်းတွေဟာ ဥရောပ (အနောက်တိုင်း) ယဉ်ကျေးမှုရဲ့ နောက်ထပ်သော ဖွံ့ဖြိုရေးအပြောင်းအလဲတွေကို တွန်းတင်နေတယ်လို့ ခံယူနိုင်တာ စိတ်သက်သာစရာ ဖြစ်ရပါတယ်။ ဒီနည်းနဲ့ အသိဥာဏ်မဲ့ စစ်ပွဲကို မျှော်ရည်စရာ ဦးတည်ချက် အဓိပ္ပါယ်ရှိအောင် လုပ်လို့ရပါတယ်။

(ဆောင်းပါးရှင် Mychailo Wynnyckyjသည် တွဲဖက်ပါမောက္ခတစ်ဦးဖြစ်ပြီး ယူကရိန်းနိုင်ငံရှိ ပါရဂူတက္ကသိုလ်အကြီးအကဲတစ်ဦးလည်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article