ရန်ကုန်၊ မေ ၂၉
အကြမ်းဖက် စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုနှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ဖုန်းလိုင်းများအားလုံး ဖြတ်တောက်ခံထားရကြောင်း ဒေသခံအများစုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။
မေလ ၂၈ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှ စတင်ပြီး ဖုန်းလိုင်းများ ခေါ်ဆိုမရတော့ဘဲ လိုင်းပျောက်သွားခြင်းဖြစ်ပြီး ယခုမနက်ပိုင်းတွင် မည်သည့်ဖုန်းအမျိုးအစား ဖုန်းကတ်များမှ ဖုန်းခေါ် ဆိုခြင်းနှင့် ဖုန်းအဝင်လက်ခံခြင်းမရရှိတော့ ကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မုံရွာမြို့ပေါ်မှာလည်း ဖုန်းလိုင်းတွေ မရဘူး။ မုံရွာမှာ Ooredooနဲ့ Telenor လိုင်းတွေအကုန် ပျောက်နေတယ်။ တယ်လီနောက လိုင်းအရင် အရင်ပျောက်တာ။ မနေ့ည ၁၁ နာရီ ၄၅မိနစ်လောက်ကတည်းကပျောက်တတာ။ Ooredoo ကတော့ ည ၁၂ နာရီ ၁၀ မိနစ်က စပျောက်တာ။ ယင်းမာပင်ဘက်ကလည်း မရဘူးပြောတယ်။ ကနီ၊ဆားလင်းကြီး၊ ပုလဲ အဲဒီဘက်တွေလည်း မရဘူး။ မနေ့ည ၁၁ နာရီ ၁၂ နာရီအကြားမှာ စဖြတ်တာ။ ဟိုတစ်နေ့ကလည်း အဲဒီလို ဖြတ်တယ်။ ဒီနေ့လည်း ထပ်ဖြတ်တယ်” ဟု မုံရွာဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်၏ လတ်တလော မေးမြန်းချက်အရ စစ်ကိုင်းတိုင်းမြို့နယ်အများစုတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်၊ရေစကြို ၊ဂန့်ဂေါ ၊ပေါက်မြို့များတွင်လည်း ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျေးလက်နေပြည်သူတချို့ မိုဘိုင်းလ်ဖုန်းအသုံးပြုနေစဉ်။ (ပုံအဟောင်းဖြစ်သည်)
Photo- theatlantic