28 C
Yangon

ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက မီးရှို့မှု နေအိမ် ၇၅ လုံး ပြာကျပြီး စစ်ဘေးရှောင် ပြည်သူများကို လမ်းတွင် စစ်တပ်က တားဆီး လုယက်၊ မြောင်မြို့နယ်၊ ညောင်ကားယားရွာတွင် အိမ်ကြီး အိမ်ကောင်း များကို ရွေး၍ စစ်တပ်က မီးရှို့ဖျက်ဆီးသွား

Must read

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ယမန်နေ့က နေအိမ်များကို ဝင်ရောက်မီးရှို့သည့်အပြင် စစ်ဘေးရှောင်ပြည်သူများကို လိုက်လံရှာဖွေ တားဆီးပြီး ပစ္စည်းများလုယက်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့တွင် ခင်ဦးမြို့နယ် ပျဉ်ထောင်ပျူစောထီးကျေးရွာသို့ ရေဦးမြို့မှ စစ်အင်အား ၅၀ ပါ စစ်ကြောင်း အင်အားဖြည့်တင်းလာပြီး သရက်ကုန်းကျေးရွာကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ စစ်တပ်က သရက်ကုန်းကျေးရွာကို မီးရှို့ခဲ့ပြီး စာသင်ကျောင်းအတွင်း တိမ်းရှောင်ခိုကပ်နေသည့် စစ်ဘေးရှောင်များကို ဖမ်းဆီးခဲ့ကာ ထွက်ပြေးသူများကို ဖုန်းဆက်၍ ခေါ်ခိုင်းကြောင်း၊ ထို့ပြင် ဒရုန်းများလွှတ်၍စစ်ဘေးရှောင်များကို လိုက်လံ ပစ်ခတ်ကြောင်း၊ စစ်ဘေးရှောင်များကို ဖမ်းဆီးသည့်အပြင် ပစ္စည်းများကိုပါ လုယက်ကြောင်း သိရှိရသည်။

“စစ်တပ်က အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ သရက်ကုန်းကျေးရွာမှာ အိမ်အလုံး ၇၅ လုံးကို မနေ့က မီးရှို့ဖျက်ဆီးသွားပါတယ်။ သရက်ကုန်းနှင့် အနီးပတ်ဝန်း ကျင် ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်ကြတဲ့ ပြည်သူတွေကို ကာဘိုး-ရင်းတိုက်ဘက် စစ်တပ်နဲ့ပျူတွေ ပူးပေါင်းပြီး စစ်ရှောင် ပြည်သူတွေရဲ့ ရွှေထည်၊ ငွေထည်၊ လက်ဝတ်လက်စားနဲ့အတူ၊ ကား (ပုဇဥ်ကောင်း-ထွေလာ) ၁-စီးကို အကြမ်းဖက်ယူသွားပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းလင်းပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာကိုလည်း စစ်တပ်က မေလ ၁၉ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ခြေ ၂၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊အိမ်ကြီး အိမ်ကောင်း များကိုသာ ရွေး၍ စစ်တပ်က မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

ဓာတ်ပုံ- မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာမှ အိမ်ကြီးအိမ်ကောင်းများကို စစ်တပ်က ရွေး၍ မီးရှို့ဖျက်ဆီးထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article