36 C
Yangon

ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ ဝင်ပစ်၊ ၂ ရက်ဆက်တိုက် တိုက်ပွဲတွင် စစ်သား ၇ ဦးခန့် ထိခိုက်သေဆုံး၊ PDF ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းကျေးရွာ အောင်ဆုပန် ဘုန်းကြီးကျောင်းဝန်းအတွင်း ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့နှင့် ယနေ့ ဇွန်လ ၁ ရက်နေ့တွင် VAKOK (CNDF) နှင့် ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်စဉ် စစ်သား ၇ ဦးခန့် သေဆုံးနိုင်ပြီး PDF ဘက်မှ ၁ ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

နတ်ချောင်းကျေးရွာတွင် တပ်စွဲပြီး နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ ကျေးရွာ ၃ ရွာတွင် စစ်ရေးလှုပ်ရှားနေသော အကြမ်းဖက်စစ်သား ၁၅၀ ဦးခန့်ကို ဒေသကာကွယ်ရေးအဖွဲ့များက ယမန်နေ့ နေ့လယ်၊ ညနေ ၄ နာရီနှင့် ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ရာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့က နေ့လယ် ၁၂ နာရီမှာ ကျနော်တို့ ပူးပေါင်းအဖွဲ့က သူတို့ ကင်းတွေကို သွားချောင်းပစ်တာ၊ သူတို့က အင်အား ၁၅၀ ဆိုတော့ အရမ်းများတယ်၊ အောင်ဆုပန် ဘုန်းကြီးကျောင်းဝန်းထဲမှာ နေတဲ့သူရှိတယ်၊ အပြင်မှာ နေတဲ့သူလည်း ရှိတယ်။ ကျနော်တို့က ရွာနားကို ကပ်ရင်း ကပ်ရင်းနဲ့ နီးသွားတော့ ပစ်တယ်။ ၄ နာရီကျော်မှာ ၁ ကြိမ် ထပ်ဖြစ်တယ်။ မနေ့ညကတော့ သူတို့ လုံးဝ အပြင်မထွက်ရဲဘူး၊ ဘုန်းကြီးကျောင်းဘေးက စာသင်ကျောင်းထဲကို ပြောင်းပြီး တပ်စွဲတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာလည်း ၁ ကြိမ်ထပ်ဖြစ်တယ်ပေါ့။ ကျနော်တို့ ရဲဘော်တွေ မျက်မြင်တွေ့ရတာက စစ်သား ၇ ယောက်လောက် ကျည်ထိပြီး လဲကျသွားတယ်၊ ပေါင်ထိတာတို့ ဖင်ထိတာတို့ အဲလို ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့ ပူးပေါင်းအဖွဲ့ PDF (Kalay) က ရဲဘော် ၁ ဦး လက်နက်ကြီး ထိပြီး ကျတယ်။ နောက်ထပ် ရဲဘော် ၂ ဦး ဒဏ်ရာရတယ်” ဟု Vakok (CNDF) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ဘက်မှ စစ်ကြောင်းထိုးလာပြီး နတ်ချောင်းကျေးရွာတွင် အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း၊ အလားတူ နတ်ချောင်းကျေးရွာ မြောက်ဘက်က အင်အား ၇၀ ဝန်းကျင်ဖြင့်လည်းကောင်း တောင်ဘက်မှ အင်အား ၅၀ ဖြင့် လည်းကောင်း အင်အား ထပ်မံဖြည့်တင်းရန် လှုပ်ရှားနေကြောင်း Vakok (CNDF) က ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အင်အားသုံးစစ်ကြောင်းထိုးကာ အကြောင်းမဲ့ မီးတင်ရှို့နေသလို တောတောင်များအတွင်း ပုန်းအောင်းတိမ်းရှောင်နေသော စစ်ရှောင်ပြည်သူများကို လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း PDF (Kalay) က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို Vakok (CNDF)၊ PDF (Kalay)၊ ပ.က.ဖ၊ RKDF၊ CDF (KKG) တို့ပူးပေါင်းကာ ခုခံတိုက်ခိုက်လျှက်ရှိသည်။

ဓါတ်ပုံ – Vakok (CNDF) တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article