ရန်ကုန်၊ ဇွန် ၄
စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မိတ်ဖက်ဒီမိုကရေစီအင်အားစုများနှင့် မဟာမတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်ပြီး ကယန်းပြည်သစ်တပ်မတော်သားတိုင်း နိုးနိုးကြားကြားရှိနေကြရန် အထူးလိုအပ်ကြောင်း Kayan Newland Army စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မြားနိုက ပြောသည်။
ယနေ့ ဇွန်လ ၄ ရက်တွင် ကျရောက်သော ၅၈ နှစ်မြောက် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မြားနိုက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကယန်းပြည်သစ်တပ်မတော်၏ သစ္စာအဓိဌာန် ၅ ချက်တွင် နံပတ် ၂ အချက်အဖြစ် ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေး၏ သစ္စာကို စောင့်သိရိုသေပါမည်ဟု ထည့်သွင်းထားကြောင်း၊ ကယန်းပြည်သစ်တပ်မတော်တွင် အခွင့်ထူးခံလိုသူ၊ ကိုယ်ကျိုးရှာချင်သူ၊ အဆင့်နေရာမက်သူနှင့် လူထုကိုဆန့်ကျင်သူများအတွက် နေရာမရှိကြောင်း စစ်ဦးစီးချုပ် မိန့်ခွန်းတွင် ပါရှိသည်။
ယင်းအပြင် ဗိုလ်မှူးချုပ်မြားနို၏ မိန့်ခွန်းတွင် ကယန်းပြည်သစ်တပ်မတော်သည် လူတစု အာဏာတည်မြဲရေးအတွက် ပါးကွက်အာဏာသားတွေ၊ ခွေးသွားစိပ်တွေအဖြစ် အသုံးတော်ခံ၊ အမှုတော်ထမ်းတဲ့ တပ်မတော် မဟုတ်ကြောင်းပါရှိသည်။
နွေဦးတော်လှန်ရေးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကုင်လမ်းစည်ကို ရွေးယူကာ ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်ခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ပြည်သူလူထုတရပ်လုံး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မိတ်ဖက်ဒီမိုကရေစီအင်အားစုများနှင့် မဟာမတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယန်းပြည်သစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မြားနိုက မိန့်ခွန်းတွင် ပြောဆိုသည်။


