ရန်ကုန်၊ ဇွန် ၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ပုံကျေးရွာတွင် သွေးသောက်အဖွဲ့ဝင်တစ်ဦးကို ဇွန်လ ၄ ရက်နေ့ ည ၈နာရီတွင် ရှင်းလင်းလိုက်ကြောင်း Dawei Defense Team အဖွဲ့က ပြောသည်။
အသတ်ခံရသူသည် သွေးသောက်အဖွဲ့ဝင် ဖေအေးဆိုသူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို ငွေကြေးထောက်ပံ့ပေးမည်ဟုဆိုကာ ပြည်သူများထံမှ ငွေကြေး လိမ်လည်ကောက်ခံနေသူဖြစ်ကြောင်း၊ အဆိုပါ ရှင်းလင်းလုပ်ဆောင်မှုသည် Dawei Defense Team-DDT တပ်ခွဲ(၃)နှင့်သာသက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝမသက်ဆိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
အလားတူ မန္တလေး ချမ်းမြသာစည်မြို့နယ် တမ္ပဝတီ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မိုးကို ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ယခင်ကလည်း ဓားဖြင့် ထိုး၍ သတ်ဖြတ်ခဲ့သော်လည်း မသေခဲ့သော သူဖြစ်ကြောင်း Generation Z Power အဖွဲ့ထံမှ သိရသည်။
အုပ်ချုပ်ရေးမှူး အောင်မိုးကို Generation Z Power – GZP (Mandalay) ပြည်သူ့ ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး သေနတ်ကျည် ၇ချက် ထိမှန်ကာ သေဆုံး ခဲ့ကြောင်း GZP တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ပြည်ကြီးတံခွန်မြို့နယ် ၇၃ လမ်းနှင့် ၁၁၆ လမ်းတွင် နေအိမ်များကို လိုက်လံ ဖျက်ဆီးနေသည့် စစ်ကောင်စီ တပ်ဖွဲ့အား ဇွန်လ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် GZP တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန် ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး ရင်ဘတ် ကျည်ထိမှန်ခဲ့ပြီး GZP တပ်ဖွဲ့မှလည်း ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း GZP တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- လောင်းလုံးမှ သွေးသောက်အဖွဲ့ဝင် ဖေအေး။