25 C
Yangon

ဥကရစ်ထစခန်းမှ အကြမ်းဖက်စစ်သားများကဲ့သို့ အသေခံ ခုခံကာကွယ်မှု အတုယူရမည်ဟု စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြား၊ ရှေ့တန်းထွက် စစ်သားတစ်ဦးလျှင် တစ်ရက်ကျပ် ၁၂၀၀ စရိတ်မပေးဘဲ ၆၀၀ ကျပ်သာပေး

Must read

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဥကရစ်ထ စခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ် သား များက ၎င်းတို့ စစ်အခြေစိုက် စခန်း မကျဆုံးစေရန် ခုခံကာကွယ်လျက်ရှိရာ ယင်းကဲ့သို့ အသေခံ ခုခံကာကွယ်မှုကို အတုယူကြရန် စစ်ကောင်စီက တပ်တွင်း ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ 

ဇွန်လ ၂၆ ရက်နေ့မှစတင်ပြီး KNDO ၊ KNLA နှင့် PDF ပူးပေါင်းတပ်များက ဥကရစ်ထ စခန်းကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း ဇူလိုင်လ ၂ ရက်နေ့အထိ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကူများပေးပို့ခြင်းကြောင့် စခန်းမသိမ်းနိုင်သေးဘဲ ရှိနေစဉ် စစ်တပ်အတွင်း ဥကရစ်ထ စခန်းမှ အကြမ်းဖက် စစ်သားများကို နမူနာယူ၍ စခန်းကို ကာကွယ်ကြရန် ညွှန်ကြားချက် ထုတ်ပြန် လာခြင်းဖြစ်ကြောင်း သိရှိရသည်။ 

“လစဥ်ပြုလုပ်တဲ့ တပ်တွင်းဒါဘာတွေမှာ  တပ်ရင်းတပ်ဖွဲ့တိုင်းကို ဥကရစ်ထ စခန်းက စစ်သားတွေကို နမူနာယူဖို့၊ အတုယူဖို့တွေ ထည့်ပြောဖို့ ညွှန်ကြားချက်တွေ ထွက်လာပါတယ်။ အခု ပြောလည်းပြောနေရပြီ။ 

လူအင်အား ၃၀ ခန့်နဲ့ စခန်းသေးသေးလေးကို သာလွန်အားသုံးပြီးတိုက်ပေမယ့် မကျသွားဘူး။ ဒါဟာ သင်ခန်းစာဆိုပြီး ပြောခိုင်းတာ။ ဥကရစ်ထမှာ ဘယ်စစ်သားမှ မသေဘူး။ အကုန်နိုင်နေတယ်ဆိုတာမျိုး ပြောတာ။ ပုံမှန်ပြောနေကျဖြစ်တဲ့  မဲလိမ်မဲခိုးလို့ အာဏာသိမ်းရပါတယ်ဆိုတာက ရိုးသွားတော့ ဥကရစ်ထ ကို ထည့်ပြောခိုင်းတာ။ စိတ်ဓာတ်စစ်ဆင်ရေး တပ်ထဲမှာ ပြန်လုပ်ခိုင်းတာ” ဟု ရန်ကုန်ခေတ်သစ်၏ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။  

စစ်ကောင်စီက စခန်းများနှင့် တပ်ရင်းတပ်ဖွဲ့များကို ခုခံ အသေခံ ကာကွယ်ခိုင်းသော်လည်း ခေါ်စာနှင့် တပ်တွင်း သတ်မှတ် ကတိပေးထားသော အခွင့် အရေးမှန်သမျှ မပေးကြောင်း နေပြည်တော် အထူးဆောက် လုပ် ရေးတပ်မှ သတင်းရင်းမြစ်က ပြောသည်။ 

ယခုနှစ် အဝေးသင်တက္ကသိုလ်စာမေးပွဲ နောက်ဆုံးနှစ် တက်ရောက်ရန် ရှိနေသည့် စစ်သားများကိုလည်း ကျောင်းတက်ခွင့်မပြု ဟု တရားဝင် တားမြစ်လာကြောင်း၊ ထို့ပြင် အထူးဆောက်လုပ်ရေးတပ်မှ စစ်သားများကို လုံခြုံရေးအတွက် အသုံးပြုခြင်း ရှေ့တန်းထွက်ခိုင်းခြင်းများ လုပ်ဆောင်ကြောင်း၊ ရှေ့တန်းထွက်လျှင် တစ်ရက်လျှင် စစ်ဆင်ရေးစရိတ် စစ်သား ၁ ဦး ငွေကျပ် ၁၂၀၀ ပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခု တစ်ဦးလျှင် ၆၀၀ ကျပ်သာ ပေးကြောင်း သိရှိရသည်။ 

ထို့ပြင် တပ်တွင်းတွင် ခေါင်းစဥ်အမျိုးမျိုးပြ၍ လစာ ဖြတ်တောက်မှုများရှိရာ ယခုလတွင် ရွေးကောက်ပွဲ ပုံစံ ၆၆ အသစ်လုပ်ရမည်ဟုဆိုကာ စစ်သားတစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ ဖြတ်တောက်ကြောင်း  သိရှိရသည်။ 

“တပ်က ခေါ်စာတွေမှာ မက်လုံးပေးတိုင်း မယုံကြဖို့ ပြောချင်တယ်။ အခြားအခွင့်အရေးမပြောနဲ့ နေစရာတောင် အဆောင် နေစရာ မပေးလို့ ဖြစ်သလို နေရတယ်။ စီနီယာ ဂျူနီယာ အနိုင်ကျင့်တာကတော့ ပြောမနေနဲ့ ။ တပ်ထဲကို မလာကြပါနဲ့ မဝင်ကြပါနဲ့ ။ ခေါ်စာကိုကြည့်ပြီး လာရင်တော့ ငါးပါးမှောက်ပြီသာမှတ်။ အခု နေပြည်တော်ဆောက်လုပ်ရေးတပ်ဆိုတာ ဘာလုပ်နေရတယ်ထင်လဲ။ လမ်းဘေးကင်းစောင့်နဲ့ မြဝတီဘဏ် လုံခြုံရေး လုပ်နေရတယ်” ဟု  တပ်သတင်းရင်းမြစ်က ပြောသည်။ 

ဓာတ်ပုံ- ရှမ်းပြည်နယ်၊ မြောက်ပိုင်း ကိုးကန့်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း သေဆုံးပြီး အလောင်း ကောက်သူမရှိဘဲ အရိုးကျနေသည့် တပ်မ ၉၉ မှ အကြမ်းဖက် စစ်သားတစ်ဦး၏ အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article