39 C
Yangon

အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဥ်များ ပိတ်ပင်ခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၇

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက် အွန်လိုင်းရုပ်သံနဲ့ ဗွီဒီယိုတိုက်ရိုက်ထုတ်လွှင့်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dacast က အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ MRTV အွန်လိုင်းရုပ်သံတိုက်ရိုက်ထုတ်လွှင့်တာကို တားမြစ်ပိတ်ပင်လိုက်ပြီလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MRTV ရုပ်သံဟာ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တပ်ပြန်ကြားရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ နိုင်ငံအဆင့်ရုပ်သံဌာနတခုဖြစ်ပြီး ၎င်းရဲ့ MRTV Websiteနဲ့ ဖုန်းအက်ပလီကေးရှင်းအသစ် တွေမှာ တိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် Dacast ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်တပ်က သတင်းမှားနဲ့ အမုန်းစကားတွေ ဖြန့်ဝေဖို့ရာအတွက် MRTV ရုပ်သံကို အသုံးချသလို ၎င်းတို့ရဲ့ ဝါဒဖြန့်ချီရေးအတွက်လည်း အသုံးပြုနေတာပါ။

Justice For Myanmar အနေနဲ့ Dacast ကို ဆက်သွယ်ပြီး မြန်မာစစ်တပ်က ၎င်းတို့ရဲ့ ဆော့ဝဲလ်တွေကို အသုံးပြုနေကြောင်း သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး “ကျွန်ုပ်တို့အနေနဲ့ သုံးစွဲသူများရဲ့ သုံးစွဲမှု အကြောင်းအရာနဲ့ပတ်သတ်ပြီး ကြိုတင်သိရှိထားတာ မရှိတဲ့အတွက်ကြောင့် ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသွားမှာပါ၊ အကယ်၍ ကျွန်ုပ်တို့ရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ရင်လည်း အရေးယူသွားမှာပါ” လို့ Dacast ရဲ့ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ဖြေကြားခဲ့ပြီး နောက်ထပ် မှတ်ချက်ပေးဖို့ကိုတော့ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ MRTV Websiteနဲ့ အက်ပလီကေးရှင်း တိုက်ရိုက်အွန်လိုင်းရုပ်သံ ထုတ်လွှင့်မှုအစီအစဉ်မှာ ရုပ်သံထုတ်လွှင့်မှုအား ပိတ်ပင်တားမြစ် ထားသည် ဆိုတဲ့ စာသား ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

MRTV Website နဲ့ အက်ပလီကေးရှင်းတွေကို ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့မှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

MRTV အက်ပလီကေးရှင်းတွေကို Apple App Store နဲ့ Google Play တို့မှာ ရေးသားထုတ်လွှင့်ခဲ့တဲ့ အိုင်အိုဝါအခြေစိုက် ကုမ္ပဏီ Apps Web Social LLC ကို Justice For Myanmar က မေလမှာ လူသိရှင်ကြား တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဒီတောင်းဆိုမှုကြောင့် ၎င်းတို့က မေလ ၅ ရက်နေ့မှာ App Store နဲ့ Google Play အက်ပလီကေးရှင်းတို့ကနေ ဖယ်ရှားပစ်ခဲ့ပြီး ဝဘ်ဆိုက်ကိုလည်း ဖြုတ်ချခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဆိုပါ ဝဘ်ဆိုက်ကို ဒိုမိန်းအသစ်တစ်ခုမှာ ပြန်ပြီးထုတ်လွှင့်ခဲ့ပြီး အက်ပလီကေးရှင်းကလည်း Apple App Store နဲ့ Google Play တို့မှာ ပြန်ပြီးသုံးစွဲလို့ ရနေတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒိုမိန်းနာမည်သစ် mrtv-media.com အတွက် မှတ်ပုံတင်ပေးတဲ့ ကုမ္ပဏီက အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ GoDaddy.com ဖြစ်တယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Dacast အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တရားမဝင် အာဏာသိမ်း မြန်မာစစ်ကောင်စီက သတင်းမှားနဲ့ အမုန်းစကားတွေ ဖြန့်ဝေဖို့အတွက် သူတို့ရဲ့ဆော့ဖ်ဝဲလ်ကို အသုံးနေကြောင်း သိလိုက်တာနဲ့ ခုလို မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လိုက်တာကို ကျွန်မတို့ ကြိုဆိုပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် Apple၊ Alphabet၊ Cloud flare၊ GoDaddy၊ Telegram နဲ့ Twitter အပါအဝင် နည်းပညာကုမ္ပဏီတွေ အနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး တာဝန်တွေနဲ့အညီ လိုက်နာကျင့်သုံးဖို့၊ မြန်မာစစ်တပ်ရဲ့ မိုဘိုင်းအော်ပရေတာ မိုင်တဲလ်နဲ့ MRTV အပါအဝင် စစ်တပ်စီးပွားရေးလုပ်ငန်း အားလုံးကို အရေးယူ ပိတ်ဆို့တားမြစ်ဖို့ တောင်းဆိုပါတယ် လို့လည်း မရတနာမောင်က ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article