34 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ပြန်လမ်းမရှိ ဆိတ်သုဉ်းသည့် Stagflation အခြေအနေ ရောက်ရှိ ၊ ပိုမို ဆင်းရဲ မွဲတေ ဆိုးရွားသည့် အနာဂတ်ဆီသို့ ပြည်သူအားလုံး လိုက်ပါသွားနေရ

Must read

By မေရီ

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီက ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှ စတင်၍ ယနေ့ ၁၈ လကျော်ကြာမြင့်ချိန်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် ပြန်လမ်းမရှိ ၊ အဖတ် ဆယ်၍ မရသော စီးပွားရေး တိုးတက်မှု အားလုံး ဆိတ်သုဉ်း သွားသည့် Stagflation အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

စတက်ဖလေးရှင်း (Stagflation) သည် တိုးတက်မှု ဆိတ်သုဉ်းခြင်း ဟု အဓိပ္ပါယ်ရသည့် စတက်နေးရှင်း (Stagnation) နှင့် ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေကြေးဖောင်းပွခြင်း ဟု အဓိပ္ပါယ်ရသည့် အင်ဖလေးရှင်း (Inflation) နှစ်ခု ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

အလုပ်လက်မဲ့ဉီးရေ များပြားခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း၊ စီးပွားရေး တုံ့ဆိုင်းနှေးကွေးခြင်းတို့ တပြိုင်နက်တည်း ဖြစ်ပေါ်သည့် အခြေအနေသည် စတက်ဖလေးရှင်း ဖြစ်သည်။

နိုင်ငံရေးနှင့် စီးပွားရေးသည် စွယ်တော်ရွက် သဖွယ်ဖြစ်ရာ မြန်မာနိုင်ငံတွင် စစ်တပ်၏ ဥပဒေမဲ့ အာဏာ သိမ်း ကာလ ကြာ ရှည်လာသည် နှင့်အမျှ စီးပွားရေးစနစ် အပေါ် ယုံကြည်မှု၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ယန္တရားအပေါ် ယုံကြည်မှုများ လုံး၀ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်အသုံးစရိတ်မြင့်မားမှုတို့၏ နောက်ဆက်တွဲ ဆိုးကျိုးရှိလာခြင်း၊ အမိန့်၊ အာဏာများဖြင့် ငွေကြေးနှင့် စျေးကွက်ကို ထိန်းချုပ်ခြင်းများကြောင့် လွတ်လပ်သော စျေးကွက်စီးပွားရေးမရှိတော့ဘဲ ဈေးကွက်အပေါ်ယုံကြည်မှု လုံး၀ ပျက်ပြားသွားခြင်းဖြစ်သည်။

စစ်အုပ်စု၏ လွဲချော်ပြီး အမျှော်အမြင်မရှိသည့် ဘဏ္ဍာရေးကိုင်တွယ်မှုနှင့်ပေါ်လစီ၊ ငွေကြေးပေါ်လစီတို့ကြောင့် ကုန်သွယ်မှု မူဝါဒ အောက်ရှိ Real sector ထုတ်လုပ်မှုကဏ္ဍ ပျက်စီးသွားသည်။ ထုတ် လုပ် မှုကဏ္ဍရှိ ပြည်တွင်းလုပ်ငန်းများနှင့် နိုင်ငံခြားရင်းနီးမြှုပ်နှံမှုု များသည်လည်း ဥပဒေမဲ့ အာ ဏာသိမ်းမှုကြောင့် လုံးဝ ထိုးစိုက်ကျဆင်းကာ ပြန်လည်၍ အဖတ်မဆယ် မရနိုင်သော Stagflation အခြေအနေ ရောက်ရှိလာခြင်းဖြစ်သည်။

အာဏာသိမ်းပြီး ၁၈ လကျော်အကြာအချိန်တွင် မြန်မာနိုင်ငံ၏ အခြေအနေသည် ငွေကြေးဖောင်းပွမှု (ခေါ်) အင်ဖလေးရှင်း (Inflation) မှ စတက်ဖလေးရှင်း (Stagflation) သို့ အချိန်တိုအတွင်း ပြောင်း လဲ သွားသည်။

စတက်ဖလေးရှင်းဖြစ်ပေါ်နေသောကာလတွင် စီးပွားရေးလုပ်ငန်းကြီးငယ်အားလုံးသည် ကုန်ကျ စရိတ် မြင့်တက်နေခြင်း၊ ရောင်းလိုအားနှင့်ဝယ်လိုအားကျဆင်းနေခြင်း စသဖြင့် အနုတ်လက္ခဏာ ဆောင်သော အခြေအနေများကို သာ ရင်ဆိုင်နေကြရသည်။

အချိန်တိုအတွင်း မမှန်းဆနိုင် လောက် အောင် မြင့်မား ထိုးတက်လာသည့် ကုန်ဈေးနှုန်းများ၊ အနုတ်ပြနေသည့် ကုန်ထုတ်လုပ်မှု၊ ရှားပါးသောအလုပ်အကိုင် အခွင့်အလမ်း ၊ နိမ့်ကျလာသော ဝင်ငွေအဆင့် အတန်း တို့ ဖြစ်ပေါ်နေသည်။

လက်ရှိ စစ်အုပ်စု၏ လုပ်နည်းလုပ်ဟန်သည် မည်သည့်အလုပ်အကိုင် အခွင့်အလမ်းမျှ တိုးပွားလာစရာ အကြောင်း မရှိဘဲ ဝင်ငွေအဆင့် မြင့်မားရန်လည်း အလားအလာ မတွေ့ရပေ။ Stagflation အတွင်း ကျရောက်နေသည့် နိုင်ငံ့စီးပွားရေးသည် အနာဂတ်မရှိတော့ဘဲ စီးပွားရေးကဏ္ဍအားလုံး တဖြည်းဖြည်းချင်း ပြိုလဲလာမည်ဖြစ်သည်။

မူလကပင် သွင်းကုန်အပေါ် မှီခိုသည့် နိုင်ငံဖြစ်သည့်အတွက် အမေရိကန်ဒေါ်လာ ဝင်ငွေသည် နိုင်ငံစီးပွားရေး လည်ပတ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပင်မ အသက်သွေးကြောဖြစ်နေသည်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပို့ကုန်တင်ပို့မှု နိုင်ငံခြားဝင်ငွေ ၊ ဖွံ့ဖြိုးမှု အကူအညီ နိုင်ငံခြားငွေနှင့် နိုင်ငံတကာအဖွဲ့ အစည်း များ၊ မြီရှင် နိုင်ငံများမှ ချေးငွေ အစရှိသော နိုင်ငံခြားငွေကြေးအရင်းအမြစ်များ အားလုံးနီးပါး လုံးဝ အားပျော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်းနှင့် အသစ် မဝင်လာခြင်း တို့ကို မလွဲမသေ ကြုံနေရသည်။ စစ်ကောင်စီတွင် ဒေါ်လာ ငွေရရန် လမ်း ကြောင်း များက တဖြည်းဖြည်း မရှိသလောက် နည်းလာနေသည်။

ရပ်တန့်ပြီး တုံ့ဆိုင်း ကသောင်းကနင်းဖြစ်နေသည့် ငွေကြေးနှင့် ဘဏ်စနစ်အတွင်းသို့ လက်ပူတိုက်၍ ငွေကြေး လည်ပတ် စီးဆင်းစေရန် ငွေစက္ကူအသစ်များ ဘီလီယံရာပေါင်းများစွာ ရိုက်ထုတ်ခြင်းသည် ကျပ်ငွေတန်ဖိုးကို ဇောက်ထိုးအရှိန်နှင့် ထိုးဆင်းစေခဲ့သည်။

စစ်အုပ်စုသည် ဒေါ်လာတန်ဖိုး မြင့်တက်မှု၊ ကျပ်ငွေ တန်ဖိုး ထိုးကျမှု ကို ထိန်းချုပ်နိုင်ရန် ကြိုး စားသော်လည်း ပြိုလဲနေပြီဖြစ်သည့် ဈေးကွက်ကို ကုစားနိုင် ခြင်းမရှိတော့ပေ။ တရိပ်ရိပ် တက်နေသည့် ငွေလဲနှုန်းမှာ နိုင်ငံ၏ သမိုင်းတွင် အမြင့်မားဆုံးသောစံချိန်တင် ငွေလဲနှုန်းကို ရောက်ရှိနေပြီဖြစ်သည်။ စီးပွားရေးကဏ္ဍ ပြိုလဲသည်နှင့်အမျှ ကျပ်ငွေ တန်ဖိုးထိုးကျမှု ထပ်မံ၍ စံချိန်တင်ဦးမည်ဖြစ်သည်။

စတက်ဖလေးရှင်းအခြေအနေကို ပြန်လည်ကုစားရန်မှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုက အဓိကအဖြေ အကြောင်း တရားဖြစ်သည်။ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု စီးပွားရေးဝန်းကျင်နှင့် ဆက်စပ်ပတ်သက် မှုများကိုလည်း ထည့်သွင်းစဉ်းစားနိုင်ရန် လိုသည်။

နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများ၊ မတည်ငြိမ် သည့်နိုင်ငံရေး အခင်းအကျင်း နှင့် စစ်တပ်၏ ဥပဒေမဲ့ သတ်ဖြတ် ရမ်းကားမှုများ ကြောင့် ထွက်ခွာသွားကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက ၂၀၂၁ခုနှစ် မြန်မာ့စီးပွားရေးကို ဒလိမ့် ခေါက်ကွေး ကျဆင်းစေခဲ့သည်။ ကမ္ဘာဘဏ်အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် မြန်မာ့စီးပွားရေးသည် အနုတ်လက္ခဏာ ၁၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့ရသည်။

လတ်တလော မင်းအောင်လှိုင်က ၆ လအတွင်း စီးပွားရေး ဦးမော့လာရေး လုပ်ဆောင်မည်ဟု ကြွေး ကြော်နေခြင်းမှာ မင်းအောင်လှိုင် ရူးနှမ်းနေ၍သာဖြစ်သည်။ ရူးနှမ်းနေ၍သာ ထင်ရာမြင်ရာ ပြောနေခြင်းဖြစ်သည်။

လက်ရှိကာလသည် စီးပွားရေး ဦးမော့ဖို့ မဆိုထားဘိ စစ်ဖြစ်ပွားမှု ဧရိယာ ကျယ်ပြန့်လာ၍ စိုက်ပျိုး ရေးလုပ်ငန်းများ ပင် ပုံမှန်စိုက်ပျိုး မလည်ပတ်နိုင်တော့ဘဲ လာမည့် ၆ လအတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် အငတ်ဘေး မဆိုက်ရေး မနည်း လုပ်ရမည်။

Stagflation ကြောင့် သန်း ၅၀ ကျော်သော မြန်မာပြည်သူများ အငတ်ဘေး ဆိုက်နိုင်သည်။ ဆင်းရဲမွဲတေမှု အခြေအနေဆိုးဝါးလာပြီး အထူးသဖြင့် ကျေးလက်ဒေသများ၏ ဆင်းရဲမှုနှင့် အငတ်ဘေးက အလွန်ဆိုးဝါးမည်။

၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ နိုင်ငံရေး ပြောင်းလဲမှု မရှိသမျှ ကာလပတ်လုံး မြန်မာနိုင်ငံသည် Stagflation အခြေအနေမှ လွတ်မြောက်ရန် လမ်းမမြင်ဘဲ နိုင်ငံပြိုကွဲခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ အမြင့်မားဆုံး ရှိနေခြင်း ၊ တရား ဥပဒေစိုးမိုးမှု မရှိသော စစ်ဘုရင်ငယ်များ ကြီးစိုးသည့် နယ်မြေများစွာ ပေါ်ထွန်းခြင်းများ ကြုံရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ပြိုကွဲခြင်းသည် အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများသာမက အာရှတိုက် အတွက်လည်း မတည်မငြိမ် ဖြစ်စေ မည်။ မြန်မာနိုင်ငံပြိုကွဲခြင်းနှင့်အတူ မူးယစ်ဆေးဝါး၊ တရားမဝင် လောင်းကစားများနှင့် ဒုစရိုက်လုပ်ငန်းများ အခြေစိုက်ရန် နယ်မြေသစ် တချို့လည်း ပေါ်ထွန်းလာမည်ဖြစ်သည်။

သန်း ၅၀ ကျော်သော မြန်မာပြည်သူ များအတွက်မူကား Stagflation အတွင်း ကျရောက်နေသည့် အချိန်ကာလများ သည် ပို၍ ကျပ်တည်း ဆင်းရဲ မွဲတေ အငတ်ဘေး ရင်ဆိုင်ရသည့် ကာလများအဖြစ် နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံရမည်ဖြစ်ပြီး လူ့အသက်သည် အဖိုးမတန်သော အခြေအနေဆိုးများကို ယခုထက်ပိုမို၍ ဆက်လက် ရင်ဆိုင်ရန် သာရှိသည်။

(ဆောင်းပါးရှင် မေရီသည် စီးပွားရေးနှင့်ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်)

ဓာတ်ပုံ- စပါးကို ပန်းအိုး ထဲ စိုက်ထည့်မှု သရုပ်ပြမှုကို လေ့လာ ကျေနပ်အားရနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article