30 C
Yangon

NUGတွင် လွတ်မြောက်နယ်မြေ ရှိနေပြီဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောဆို

Must read

NUGတွင် လွတ်မြောက်နယ်မြေ ရှိနေပြီဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောဆို

■ ၃ နှစ်အတွင်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ အမာခံတိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီဟုဆို

ရန်ကုန်၊ မေ ၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် လွတ်မြောက်နယ်မြေရှိနေပြီဖြစ် ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃ နှစ်ပြည့် အထိမ်း အမှတ် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီကနေ့ NUGမှာ လွတ်မြောက်နယ်မြေ ရှိပြီလားလို့ မေးရင် ရှိပြီလို့ပဲ ဖြေရမယ်။ ဒီနယ်မြေတွေမှာ ရန်သူ့ အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေပြီ ဖြစ်ရုံမက ရန်သူ့တပ်များ မြေ ပြင်က အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် စစ်ရေးအရ ကာကွယ် ဟန့် တား ထားနိုင်တဲ့ နယ်မြေတွေ ရှိနေပြီ။ဒီနယ်မြေတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးကျယ်ပြန့် လာတာ ပိုပြီး ခိုင်မာလာတာကိုလည်း တွေ့ရမယ်။ ဒီလိုအောင် မြင်မှုတွေ ရရှိခဲ့တာဟာ အဓိကအားဖြင့် ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ဖြစ်တယ်။ ရဲဘော်တို့ရဲ့ ဂုဏ်ရောင်ပြောင်တဲ့ အသက်သွေးချွေးပေးဆပ်မှုတွေက သမိုင်းမော်ကွန်းတင်ရမှာ ဖြစ်တယ်” ဟု ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်က ဆိုသည်။

စစ်အာဏာရှင်ကို အနိုင်တိုက်ရေးအတွက် တော်လှန်ရေးကာလတွင် စစ်ရေးနှင့်အုပ်ချုပ်ရေး ခိုင်မာအားကောင်းအောင် ဆောင် ရွက်ကြရန်လည်း ဦးရည်မွန်က တိုက်တွန်းပြောဆိုသည်။

“တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးဟာ ဘယ်လက်နဲ့ညာလက်လိုပဲ လက်နှစ်ဖက်လုံး ခိုင်မာ အားကောင်းဖို့လိုတယ်။ လက်နှစ်ဖက် ဟန်ချက်ညီ အလုပ်လုပ်ဖို့ လိုတယ်။ စစ်ရေးတာဝန်ရှိတဲ့ PDF ပကဖ၊ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပအဖ ပလဖတို့ဟာ တော် လှန်ရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက် လာတဲ့ တော်လှန်ရေးညီနောင်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ရဲဘော် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကူညီရိုင်းပင်းကြဖို့ လိုတယ်။ ကျင့်ဝတ်နဲ့ညီပြီး ကိုယ်တာဝန်ကိုယ် ကျေအောင် ထမ်းကြဖို့ လိုတယ်။အား လုံးရဲ့ ဘုံပန်းတိုင်က တစ်ခုတည်းပဲ၊ စစ်အာဏာရှင်ကို အနိုင်တိုက်ဖို့ပဲ ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောဆိုသွားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ၏ အမာခံတိုက်ခိုက်ရေးအင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်းပြုန်းတီးသွားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ၊ ကာကွယ် ရေးဝန်ကြီးဌာနက PDF ၃ နှစ်ပြည့် တရားဝင် အစီရင်ခံစာထုတ်ပြန်ချက်တွင် ပြောဆိုလိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် တပ်မ ၁၀ ခု၊ စကခ ၂၀ ဖြင့် ဖွဲ့စည်းထားသော စစ်ကောင်စီ အမာခံ တိုက်ခိုက်ရေး အင်အား ၃ ပုံ ၂ ပုံခန့် ယိုယွင်း ပြုန်းတီးခဲ့ပြီ ဖြစ်သည့်အတွက် စစ်အခြေအနေ ဖန်တီးနိုင်မှုသည် တော်လှန်ရေးအင်အားစုများ၏ လက်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ရေးသားထားသည်။

လက်နက်တပ်ဆင်မှုအပိုင်းအနေဖြင့် PDF များနှင့်ပကဖများအား လက်နက်တပ်ဆင်နိုင်ရန် လိုအပ်သော ဘဏ္ဍာရန်ပုံငွေကို ပြည်သူလူထု ၏ ထည့်ဝင်၊ ထောက်ပံ့၊ လှုဒါန်းမှုကို အားပြုခဲ့ရသည်။ လိုအပ်သော လက်နက် ရှာဖွေမှုကို မဟာမိတ် တိုင်းရင်းသား အဖွဲ့အစည်းများက ဝိုင်းဝန်း ကူညီခဲ့ကြောင်း၊ နယ်မြေစိုးမိုးထိန်းချုပ်မှု တိုးတက်လာသည်နှင့်အမျှ မြေပြင်မှ ရရှိသော အခွန်အခများ သည်လည်း တော်လှန်ရေးရန်ပုံငွေအတွက် တတပ်တအား ဖြစ်ခဲ့ကြောင်း၊ လက်နက်တပ်ဆင်မှုတွင် မဟာမိတ် အဖွဲ့အစည်းများက ကူညီတပ်ဆင်မျှဝေပေးသော လက်နက်များလည်း ပါဝင်ကြောင်း၊ လက်နက်ကြီးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ခရိုင်ထုတ်လုပ်ရေးစခန်းများ ထူထောင်လျက် လက်နက်ကြီး ပြောင်းနှင့် ဗုံးသီးများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေသကဲ့သို့ ဒရုန်းသည် လက်နက်ကြီး နေရာ တွင် အစားထိုး နိုင်သော ထိရောက်သည့် ဗျူဟာမြောက်လက်နက် ဖြစ်လာရာ PDF/ပကဖများ၏ ဒရုန်း သုံးစွဲနိုင်မှုနှင့်စွမ်းရည်ကို မြှင့်တင်လျက် ရှိကြောင်း၊ ရရှိသော တော်လှန်ရေး ဘဏ္ဍာရန်ပုံငွေကို တော်လှန်သော မဟာမိတ် EROs များနှင့်မျှဝေ သုံးစွဲမှု အစီအစဥ် များလည်း ဆောင်ရွက်လျက်ရှိကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာက ဆိုသည်။

လတ်တလော စစ်ဆင်ရေးများတွင် စစ်ကောင်စီစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက် ကြီး/ငယ် မြောက်များစွာကို လက် ရ သိမ်းပိုက်လျက်ရှိကြောင်း၊ ရန်သူ့လက်နက်၊ ကိုယ့်လက်နက် ဖြစ်အောင် စွမ်းဆောင်နိုင် ခြင်းသည် အရေးကြီးသော စစ်ရေး တိုးတက် အောင်မြင်မှု ဖြစ်ကြောင်း၊ အဆိုပါ ရန်သူ့ လက်နက်များဖြင့် PDF တပ်မတော်ကို အားဖြည့် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ၃ နှစ်ပြည့်အစီရင်ခံစာက ဆိုသည်။

ထို့ပြင် PDF ရဲဘော်များ၏ လက်နက်ကြီး သုံးစွဲနိုင်စွမ်း မြင့်တက်လာမည် ဖြစ်သကဲ့သို့ PDF ဒရုန်း တပ်ဖွဲ့ ကိုလည်း အင်အားတိုးချဲ့လျက်ရှိကြောင်း၊ ယခုအခါ စစ်ဒေသနှင့်စစ်နယ်ဝှန်း အလိုက် အင်အား ထောင်ချီ ပါဝင်လျက် မွမ်းမံလေ့ကျင့်ခြင်း၊ စုဖွဲ့တပ်ဆင်ခြင်း၊ ကွပ်ကဲမှုတည်ဆောက်ခြင်းဖြင့် ထုအင်အား တည်ဆောက်လျက်ရှိသည်။ ရည်ရွယ်ချက်မှာ မဟာဗျုဟာ ထိုးစစ်များ ဆင်နွှဲရန် ဖြစ်ကြောင်း၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ အင်ဂျင်နီယာတပ်၊ ယာဥ်ယန္တရားတပ် စသော လက်ရုံးတပ်များကိုလည်း အင်အား တိုးချဲ့တည်ဆောက်နေကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article