30 C
Yangon

မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ Creative Exploration အပါအဝင် စစ်လက်နက်ပွဲစားတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့ရန် လိုအပ်

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

Creative Exploration ကုမ္ပဏီ (ယခင် နာမည် mySpace International) ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေမှာ ကြံရာပါ ပါဝင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက စနက်တံဖျူးစ်တွေကို ဝယ်ယူတင်ပို့ပေးခဲ့တယ်ဆိုတာကို စုံစမ်းသိရှိခဲ့ရကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

စနက်တံဖျူးစ်တွေဟာ ဗုံးနဲ့အမြှောက်တို့မှာ ပေါက်ကွဲမှုကို ဖြစ်စေတဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

Creative Exploration ကုမ္ပဏီဆိုတာ ဘယ်သူလဲ

စစ်လက်နက်ကုန်သွယ်မှုနဲ့ ကျွမ်းဝင်နှံ့စပ်တဲ့ သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ Creative Exploration ကုမ္ပဏီဟာ မြန်မာ့ရဲတပ်ဖွဲ့အတွက် အဓိကပစ္စည်း တင်သွင်းတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုလည်း ဖြစ်တယ်လို့ ပြောဆိုကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ကာလတွေမှာ အဆိုပါကုမ္ပဏီထံ မြန်မာ့ရဲတပ်ဖွဲ့ရဲ့ တင်ဒါအများအပြားကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

Creative Exploration ကုမ္ပဏီကို ဒေါက်တာကျော်ကျော်ထွန်းနဲ့ ၎င်းရဲ့ဇနီးဖြစ်သူ ဇာဖြူတင်စိုးတို့က ပိုင်ဆိုင်ပြီး ဇာဖြူတင်စိုးက ယခင်ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတစ်ဦးဖြစ်ခဲ့သူ စစ်အရာရှိတစ်ဦးရဲ့ သမီးဖြစ်ပါတယ်။

ကျော်ကျော်ထွန်းဟာလည်း စစ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး၊ စစ်တပ် နည်းပညာတက္ကသိုလ်က ဘွဲ့ရရှိခဲ့ပြီး ရုရှားနိုင်ငံမှာ ဒေါက်တာဘွဲ့ အတွက် လေ့လာသင်ယူခဲ့သလို မော်စကိုတက္ကသိုလ်က နျူးကလိယား ရူပဗေဒသင်တန်းကျောင်း နဲ့ ဆက်စပ်နိုင်ခြေ ရှိတယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကျောင်းမှာ ၂၀၀၆ နဲ့ ၂၀၀၈ ခုနှစ်အတွင်း ကျော်ကျော်ထွန်း နာမည်တူနဲ့ ဖိုတိုနျူးကလိယား ဓါတ်ပြုမှုဆိုင်ရာ ဆောင်းပါးအများအပြား ပူးတွဲရေးသားထားတာကို တွေ့ရတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီကုမ္ပဏီက မြန်မာနိုင်ငံဆီကို စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတွေ တင်ပို့ရောင်းချနေတဲ့ အကြောင်း New York Times သတင်းစာက ဖော်ထုတ်ရေးသားပြီးနောက် ရက်သတ္တပတ်တွေအတွင်းမှာ ကုမ္ပဏီရဲ့ နာမည်ကို Creative Exploration အဖြစ် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် မတ်လမှာတော့ ဇာဖြူတင်စိုးက ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ခဲ့ပေမဲ့၊ ၎င်းအနေနဲ့ စတင်းဂန်းတွေ ထုတ်လုပ်တဲ့ ရုရှားကုမ္ပဏီ March Group ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ပါရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖြုတ်ချလိုက်ပြီဖြစ်တဲ့ mySpace ဝဘ်ဆိုဒ် မှာ ၎င်းတို့ကို CBRNE [Chemical, Biological, Radiological, Nuclear, and high yield Explosives] ဓါတု၊ ဇီဝ၊ နျုးကလီယား၊ အပြင်းစား ဖောက်ခွဲရေး အထူးပြု၊ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းလုံခြုံရေးနဲ့ အထူးတပ်ဖွဲ့များဆိုင်ရာမှာ အဓိကကျွမ်းကျင်မှုရှိတဲ့ “အလုံးစုံ လုံခြုံရေး ဝန်ဆောင်မှုပေးအပ်သူ” အဖြစ် ဖော်ပြထားတယ်လို့ JFM က ဖော်ပြပါတယ်။

အဆိုပါကုမ္ပဏီက ၎င်းတို့ပေးနိုင်တဲ့ အရောင်းပစ္စည်းစာရင်း မှာ လေယာဉ်နဲ့ ရေကြောင်းဆိုင်ရာ စက်ပစ္စည်းတွေ၊ လူမဲ့ပဲ့ထိန်းစနစ်တွေ၊ အီလက်ထရောနစ်နဲ့ စက်ပိုင်းဆိုင်ရာ ပစ္စည်းတွေ၊ embedded computing solutions၊ အီလက်ထရို အလင်းနည်းပညာနဲ့ အာရုံခံကိရိယာတွေ ထည့်သွင်းဖော်ပြ ထားတယ်လို့ သိရပါတယ်။

Creative Exploration ကုမ္ပဏီက အမေရိကန်ဒီဂျစ်တယ် မှုခင်းဆေးပညာဆိုင်ရာ နည်းပညာကိုလည်း အိန္ဒိယနိုင်ငံကတဆင့် တင်သွင်းခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ အိန္ဒိယကုမ္ပဏီ 3rd Eye Techno Solutions Private Limited က အမေရိကန်ကုမ္ပဏီ Oxygen Forensics, Inc က a USB dongle and cable sets တွေ ပါဝင်တဲ့ ကုန်တင်ပို့မှုသုံးကြိမ်ကို mySpace International ဆီ တင်ပို့ခဲ့ပါတယ်။

USB dongle ကတဆင့် ဖြန့်ချီတဲ့ ဆော့ဝဲလ်တစ်ခုဖြစ်တဲ့ Oxygen Forensic Detective က မိုဘိုင်းဖုန်းတွေရဲ့ လုံခြုံရေးကိုကျော်ပြီး ဖုန်းထဲက အချက်အလက်တွေ ရရှိဖို့၊ မိုဘိုင်းဖုန်း အော်ပရေတာ တွေဆီက ဖုန်းခေါ်ထားတဲ့ မှတ်တမ်းတွေကို အသုံးပြုသူတွေရဲ့ တည်နေရာ ကိုဩဒိနိတ်တွေနဲ့ ခွဲခြမ်းသုံးသပ်ဖို့၊ cloud ပေါ်မှာ သိမ်းထားတဲ့ အချက်အလက်တွေကိုရဖို့ စကားဝှက်တွေနဲ့ သက်သေခံ လက်မှတ်တွေကို ဖတ်ယူနိုင်ကြောင်း ဆော့ဝဲလ်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ကြော်ငြာထားတယ်လို့ ဆိုပါတယ်။

လျှို့ဝှက်ပေါက်ကြားလာတဲ့ ဘတ်ဂျက်စာရွက်စာတမ်းတွေအရ မြန်မာ့ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်း စစ်ဆေးရေးဌာန အတွက် Oxygen Forensics ပစ္စည်းတွေ ဝယ်ယူဖို့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်လျာထား သုံးစွဲမှုကို တွေ့ရကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

3rd Eye Techno Solutions က Cellebrite နဲ့ Passware ကုမ္ပဏီတွေ အပါအဝင် မြန်မာစစ်တပ်က စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဒစ်ဂျစ်တယ်မူခင်း ဆေးပညာဆိုင်ရာ နည်းပညာတွေ ဝယ်ယူခဲ့တဲ့ ဒါမှမဟုတ် ဝယ်ယူဖို့ကြိုးပမ်းခဲ့တဲ့ တခြားနိုင်ငံတကာ ပစ္စည်းပေးသွင်း ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့အတူ Oxygen Forensics ကုမ္ပဏီကို မိတ်ဖက်တစ်ဦး အဖြစ် ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ကုလသမဂ္ဂစစ်လက်နက်ဆိုင်ရာစုံစမ်းစစ်ဆေးသူဟောင်း Mike Lewis က “မြန်မာနိုင်ငံရှိအဖွဲ့အစည်းတွေဆီ (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ) လိုင်စင်တစ်ခုတည်းကိုသာ ရောင်းချမှုကို မှတ်တမ်းများအရ တွေ့ရှိရပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ရဲ့ နည်းပညာတွေ အသုံးပြုမှုကို စောင့်ကြည့်နိုင်ခြင်း မရှိပါ။ သို့ရာတွင် ၎င်းနည်းပညာတွေကို ကျွန်ုပ်တို့ရဲ့ လက်ဝယ်အသုံးပြုသူလိုင်စင်ဆိုင်ရာသဘောတူစာချုပ် (EULA)၊ နိုင်ငံတကာဥပဒေ၊ သို့မဟုတ် Oxygen Forensic ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ နည်းလမ်းတစ်ရပ်နဲ့ အသုံးပြုတာကို တွေ့ရှိပါက အဆိုပါလိုင်စင်တွေကို မှတ်သားထားပြီး၊ ၎င်းတို့ကို သက်တမ်းပြန်တိုးနိုင်တော့မှာ မဟုတ်ပါ” လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှာ mySpace ကုမ္ပဏီက ဒစ်ဂျစ်တယ်မူခင်းဆေးပညာအထောက်အထား ရှာဖွေရေးစက်တစ်လုံးကို အိန္ဒိယကုမ္ပဏီ Kwick Soft ကနေ တင်သွင်းခဲ့ပြီး အဆိုပါစက်ပစ္စည်းကို အမေရိကန်ကုမ္ပဏီ Sirchie က ထုတ်လုပ်ခဲ့တာပါ။

၎င်းရှာဖွေရေးစက်က မြန်မာ့ရဲတပ်ဖွဲ့အတွက် တက်ကြွလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေကို စုံစမ်းထောက်လှမ်းဖမ်းဆီးမှုတွေမှာ အားပေးကူညီဖွယ် ရှိနေတာကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို မဖြစ်မနေ အဆုံးသတ်ရမှာ ဖြစ်တယ်လို့ JFM က တိုက်တွန်းထားပါတယ်။

Creative Exploration ကုမ္ပဏီ၊ ၎င်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးသူအားလုံးအပေါ် ချက်ချင်းဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ကိုလည်း ထပ်လောင်း တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article