35 C
Yangon

စစ်ကောင်စီ ထုတ်တဲ့ လျှို့ဝှက်စာတွေရဲ့ လုံခြုံရေးကုတ် ဆိုတာ ဘယ်လိုမျိုးလဲ၊ ဖရဲသီး နှိမ်နင်းရေး ဆိုတဲ့ စစ်တပ်ရဲ့ စီမံချက် အောင်မြင်နိုင်မှာလား

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကောင်စီက ထုတ်တဲ့ လျှို့ဝှက်စာတွေမှာ တိုင်းနဲ့ ပြည်နယ်အလိုက် လုံခြုံရေးကုတ်တွေ ထည့်သွင်းလေ့ရှိပါတယ်။ အဲဒီ စာလုံးလေးတွေက အတော်ကို သေးလွန်းပြီး သေချာကြည့်မှ မြင်ရပါတယ်။ ရုံးစည်းတံဆိပ်တွေ၊ ညွှန်ကြားစာတွေ ၊ ရုံးလက်မှတ်ထိုးသူ အရာရှိတွေက ပုံစံမျိုးစုံနဲ့ အမှတ်အသားပြုလုပ်ကြတာလည်းဖြစ်ပါတယ်။

အခုနောက်ပိုင်း နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီက ညွှန်ကြားတဲ့ စာတိုင်းမှာ ပြည်နယ်/တိုင်းအတွက် လုံခြုံရေးကုတ် နံပါတ်တွေ ထည့်သွင်းပြီးမှ ပေးပို့လေ့ရှိပါတယ်။ လျှို့ဝှက်စာတွေရော မလျှို့ဝှက်စာတွေရောမှာပါ လုံခြုံရေး ကုတ်နံပါတ်တွေ ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ ရုံးစာအမှတ်တွေမှာလည်း လျှို့ဝှက် နံပါတ်တွေ ထည့်သွင်း လေ့ရှိပါတယ်။ အခြား လျှိ့ဝှက်စာကုတ်တွေရှိနေသေးပေမယ့်လည်း ရုံးစာအမှတ်နဲ့ ပြည်နယ်/တိုင်း လုံခြုံရေး ကုတ်နံပါတ်ကိုတော့ ရုံးစာနဲ့ ညွှန်ကြားစာတွေမှာ အများဆုံးသုံးတယ်လို့ဆိုပါတယ်။

အခုနောက်ဆုံး စစ်ကောင်စီရဲ့ အတွင်းရေးမှူး အောင်လင်းဒွေးက ရုံးစာတွေ လျှို့ဝှက်စာတွေ ပေါက်ကြားရင် ဌာနတစ်ခုလုံးကို အရေးယူမယ်၊ ဖရဲသီးတွေကို အရေးယူထောင်ချမယ်၊ မဖော်တဲ့သူတွေကို စစ်ကြောရေး ပို့မယ့်ဆိုပြီး ခြိမ်းခြောက်လာပါတယ်။

နေပြည်တော်အတွင်းမှာ ရှိနေတဲ့ ဖရဲသီးတွေဟာ အလွှာပေါင်းစုံမှာရှိနေတာပါ။ အဆုံးစွန် စစ်တပ်ရဲ့ ထိပ်တန်းအရာရှိ ကြီးတွေမှာပါ မင်းအောင်လှိုင်ကို မကျေနပ်တဲ့သူတွေ ရှိလာနေပါတယ်။ အဓိကကတော့ မဲလိမ်မဲခိုးလို့ အာဏာထိန်း တယ်လို့ ဘယ်လိုပဲ မင်းအောင်လှိုင်က ဆိုပေနေပေမယ့် အာဏာသိမ်းကာလ ၁၈ လကျော်ကြာလာတဲ့အခါ ဒါတွေဟာ မင်းအောင်လှိုင် အလိမ်အညာတွေဆိုတာ စစ်တပ် ထိပ်ပိုင်း ဗိုလ်ချုပ်တွေကိုယ်တိုင် သိလာကြပါပြီ။

စစ်တပ်ရဲ့ စီမံကိန်း ဆောက်လုပ်ရေး ပရောဂျက်တွေ၊ လက်နက်စက်ရုံ တည်ဆောက်တာတွေမှာ မင်းအောင်လှိုင် မိသားစု၊ ထိပ်ပိုင်း ဗိုလ်ချုပ်မိသားစုတွေကပဲ ချုပ်ကိုင်ထားပြီး လုပ်ကိုင်နေကြတာပါ။ အခုနောက်ဆုံး စက်သုံးဆီ တင်သွင်းမှု လုပ်ငန်းတွေကစလို့ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ချိုးရေလို့ရတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကပဲ ထိန်းချုပ်လုပ် ကိုင်လာပါတယ်။

မြေကွက်တွေ၊ စက်ရုံတွေကို အာဏာသိမ်း ၁၈ လကျော်ကြာကာလအတွင်း မင်းအောင်လှိုင်နဲ့ထိပ်ပိုင်းခေါင်းဆောင် မိသားစုတွေရဲ့ အမျိုးအဆွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီ လွှဲပြောင်းတာတွေလည်းရှိလာပါတယ်။

နေပြည်တော်ရဲ့ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ ကိုယ်တိုင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အာဏာ ထိန်းတယ်ဆိုတာဟာအလိမ်အညာနဲ့ သူတို့ ထိပ်ပိုင်းအုပ်စုတစ်ခုတည်း အကျိုးစီးပွားအတွက် အာဏာသိမ်း တယ်ဆိုတာ မြင်လာကြပါပြီ။

ရန်ကုန်ခေတ်သစ်ကို ပေါက်ကြားခဲ့တဲ့ လျှို့ဝှက်စာတွေနဲ့ သတင်းတွေမှာ မင်းအောင်လှိုင် မိသားစုနဲ့ပတ်သက်တာတွေ အတော်များများပါလာပါတယ်။ ဒီသတင်းရင်းမြစ်တွေဟာ ဒုတိယတန်း စစ်ခေါင်းဆောင်တချို့ရဲ့ အသိုင်းအ၀ိုင်းတွေဆီက ထွက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလိမ်အညာစကားတွေအပေါ် စစ်တပ်ရဲ့ ဒုတိယတန်း ခေါင်းဆောင်တွေ မယုံကြတော့ပါဘူး။ ဒါကြောင့်ပဲ ဘယ်လောက် ထိန်းချုပ်အရေးယူမယ်ပြောပြော လျှို့ဝှက် ချက်တွေ ပေါက်ကြားနေတာဖြစ်ပါတယ်။

အာဏာနဲ့ ကိုယ်ကျိုးစီးပွားရေးအတွက် ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ် ကို ကြာလာတာနဲ့အမျှ ဒီလုပ်ရပ်တွေကို ရွံ့ရှာ ဖော်ထုတ်မယ့် လူတွေက ရှေ့လျှောက် ပိုမိုလို့ များပြားလာဦးမှာဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့ ဖရဲသီး နှိမ်နင်းရေးဆိုတာကလည်း ဖြစ်လာဖို့မရှိတဲ့အပြင် ပိုလို့တောင် ကြီးထွားလာဖို့ပဲရှိနေပါတယ်။

ဓာတ်ပုံ- မကွေးတိုင်း ကုတ်နံပါတ် 18 ထည့်သွင်းထားတဲ့ စစ်ကောင်စီရဲ့ လျှို့ဝှက် အမိန့်စာတစ်ခုကို ထုတ်နုတ်တင်ပြထားသည်။ အဆိုပါညွှန်ကြားစာမှ နေပြည်တော်ရှိ စစ်ကောင်စီက မကွေးတိုင်းစစ်ကောင်စီကို ညွှန်ကြားသည့်စာ ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article