30 C
Yangon

အကိုကြီးသော်လည်း အဖ အရာ မမြောက်ဘဲ စစ်တပ်အလိုတော်ကျ အသုံး တော်ခံသည့် အောင်ဆန်းဦး (သို့မဟုတ်) နှမငယ်အပေါ် မနာလို မရှုစိမ့်သည့် မိဘမျက်နှာ အိုးမည်းသုတ်သူ

Must read

By ရန်ကုန်ခေတ်သစ်

အောင်ဆန်းဦးဟုဆိုလိုက်လျှင် တစ်နိုင်ငံလုံး၏ စာရိတ္တအရာတွင် စံပြခေါင် းဆောင်အဖြစ်ချစ်မြတ်နိုးကြသော ဗိုလ်ချုပ် အောင်ဆန်း၏ သားအကြီးဆုံးအဖြစ် သိထားကြသည်။ သို့ရာတွင် အောင်ဆန်းဦးသည် မြန်မာ့သမိုင်းတွင် ပြည်သူလူထု၏ မုန်းတီးမှု ခံရသူအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် နှမငယ် ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် ထောင်သွင်းအကျဉ်းချ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သော စစ်အာဏာရှင် အဆက် ဆက်နှင့် ပလဲပနံ သင့်နေသူဖြစ်သောကြောင့် ပင်ဖြစ်သည်။

သူ့ကို ပြည်သူက အသည်းခိုက်အောင် မုန်းသည့်အကြောင်းတရားများတွင် မိခင်ကြီးဒေါ်ခင်ကြည်ချန်ထားရစ်ခဲ့သော အိမ်ကြီးကို သူအမွေတောင်းသည့် ကိစ္စတစ်ခုတည်းကြောင့်မဟုတ်ပေ။

နှမငယ်ဖြစ်သူကို မညှာတာသည့် အပြင် ဖခင်ဗိုလ်ချုပ်အောင်ဆန်း ၏ ဂုဏ် သိက္ခာ နှင့် မိသားစုကိုပါ အမျိုးမျိုး ညှိုးနွမ်းအောင် သမိုင်းတလျှောက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သော ဖက်ဆစ် စစ်အဏာရှင်များနှင့် ဇနီးဖြစ်သူ အလို ကျ မဘက်လိုက်၍ မိုက်ဘက်ပါခဲ့ခြင်းကြောင့် ဖြစ်သည်။

ဒေါ်ခင်ကြည်သည် မုဆိုးမဖြစ်သည့်တိုင်အောင် သားသမီးများ၏ ပညာရေးကို အကောင်းဆုံး စီမံပေးခဲ့သူဖြစ်ရာ အောင်ဆန်းဦးသည် ပြည်ပတွင် အဆင့်မြင့်တက္ကသိုလ်ပညာကို ထိပ်တန်းတက္ကသိုလ်များတွင် သင်ယူခွင့်ရခဲ့သည်။

မိခင်ကြီး ဒေါ်ခင်ကြည်က အောင်ဆန်းဦး အပါအဝင် သားသမီးများကို ငယ်စဉ်ကပင် စာကြည့်တိုက် ပို့လွှတ်ပြီး စာဖတ်စေခြင်းဖြင့် ကောင်းမွန်စွာ မွေးမြူခဲ့သော် လည်း မြန်မာပြည်အတွက် အကျိုးမဖြစ်စေသော အောင်ဆန်းဦးကဲ့သို့ သား တစ်ဦးကျန်ရစ်ခဲ့ခြင်းက မိခင်ဝမ်းရည်စပ်သော အဖြစ်ပင်။

မိခင်၏ ကြိုးစား ကျောင်းထားပေးမှုကြောင့် အောင်ဆန်းဦးသည် ဝင်ငွေကောင်းပြီးတင့်တယ်သော ဘဝတစ်ခုကိုရရှိခဲ့သည်။ သူသည် အင်္ဂလန်နိုင်ငံမှ လျှပ်စစ်အင်ဂျင်နီယာသိပ္ပံဘွဲ့ ( Bachelor of Science in Electric Engineering (BSEE)) နှင့် လျှပ်စစ်အင်ဂျင်နီယာမဟာသိပ္ပံဘွဲ့ ( Master of Science in Electric Engineering (MSEE))တို့ကို ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

အင်ဂျင်နီယာ ဘဝဖြင့် အမေရိကန် ကုမ္ပဏီများတွင် ဘဝတစ်ခုလုံးနီးပါး ငွေကြေး တစ်ခုတည်းအတွက်သာ လုပ်ကိုင်ခဲ့သည့်အပြင် သူ့အဆိုအရ အမေရိကန်ရေတပ်၏ လုပ်ငန်းများတွင်လည်း အလုပ် လုပ်ကိုင်ခဲ့သည်။

အမေရိကန်နိုင်ငံသား၊ အမေရိကန်စစ်တပ်တွင် အလုပ်လုပ်ခဲ့သူတစ်ယောက်ကို နိုင်ငံခြားသားဆိုလျှင် မုန်းတီးလှသော စစ် အာဏာရှင် အဆက်ဆက်တို့က အောင်ဆန်းဦးကို ၎င်းတို့ဘက်တော်သားအဖြစ် သိမ်း သွင်းနိုင်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သားတစ်ဦးထံမှ စစ်တပ်အလိုကျ ပူးပေါင်းဆောင်ရွက်မှုကိုရယူရန် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်က ထောက်လှမ်းရေးများနှင့်နီးစပ်သော လဲ့လဲ့နွယ်သိန်း ဆိုသော အမျိုးသမီးတစ်ဦးနှင့် လက် ထပ် ထိပ်မြှားစေခဲ့သည်ဟု ပြောဆိုမှုများက စစ်တပ်အသိုင်းအ၀ိုင်းမှ စတင်ပေါက်ကြားလာပြီး ထိုအဆိုမှာမည်မျှမှန်ကန်သည်ကို မသိရပါ။

အောင်ဆန်းဦး၏ ဇနီး လဲ့လဲ့နွယ်သိန်းသည် မွန်နှင့်တရုတ်စပ်သော မော်လမြိုင်သူဖြစ်ပြီး အောင်ဆန်းဦးနှင့် မတွေ့ဆုံမီ အနောက်နိုင်ငံများ၏ သံရုံးဧည့်ခံပွဲများ၌ကျင်လည်ခဲ့သော အိမ်ထောင်ပျက်ခဲ့သူတစ်ဦးဖြစ်သည်ဟု ဆိုကြသည်။

လဲ့လဲ့နွယ်သိန်းနှင့် စစ်ထောက်လှမ်းရေးများ နီးစပ်မှုများစွာအနက်မှ မပြေးသော် လည်း ကန်ရာရှိ ဆိုသည့် အကြောင်းမှာ ၂၀၀၃ ခုနှစ် အောင်ဆန်းဦး ရဟန်းဝတ် ဆံချစဉ် လူသတ်စစ်ရာဇဝတ်ကောင် ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဇနီးဒေါ်ခင်ဝင်းရွှေတို့က ဆံချသည့် ပုဝါကို တစ် ဖက်ကကိုင်ထားပြီး ဒေါ်လဲ့လဲ့နွယ်သိန်းက တစ်ဖက်က ရှိနေခဲ့သောဓာတ် ပုံပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် စစ်အာဏာရှင်နေဝင်း သမီး ဒေါ်စန္ဒာဝင်း၊ မြေး အေးနေဝင်းတို့က မနာလို မရှုစိမ့် မုန်းတီးမှု၊ ခါးသည်းမှုများစွာကို ထုတ် ဖော်ပြောဆိုမှုများရှိနေချိန် အောင်ဆန်းဦး၏ ဇနီး လဲ့လဲ့နွယ်သိန်းက အေးနေဝင်းအပါအဝင် အာဏာရှင် နေဝင်းမိသားစုဝင်များ အလွန်ခင်မင်ရင်းနှီးနေပြန်သည်။

တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားကန်ဘေး အမွေဆိုင် အိမ်ကိစ္စနှင့်ပတ် သက် ၍ ဒေါ်အောင်ဆန်းစုကြည်စိတ်ကသိ ကအောင့်ဖြစ်ခဲ့ရသည်မှာ ယခုမှပင် မဟုတ်ပေ။ ၂၀၁၀ ခုနှစ်တွင် YCDC ၏ ခွင့်ပြုချက်ဖြင့် အိမ်ကို ပြင်ဆင်ခဲ့စဉ်ကလည်း ပြင်လက်စမှာပင် ရပ်ဆိုင်းထားရမည် ဆက်ပြင်ခွင့်မရှိဟု ထိုစဉ်က စစ်အစိုးရက တားမြစ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အိမ်ပြင်ဆင်မှု တားဆီးခံရခြင်းသည် ဦးအောင်ဆန်းဦး၏ စနက်ပါကောင်းပါနိုင်သည်ဟု ဦးဉာဏ်ဝင်းအားပြောဆိုခဲ့ဖူးသည်ဟု အမေရိကန်သံရုံးကြေးနန်းများ wikileaks မှတဆင့်သိရှိရသည်။

ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုများဖြင့် ဒေါ်အောင်ဆန်းစုကြည် အာ ဏာ ရလာချိန်တွင်မူ တစ်ခါတစ်ရံမှ ပြည်သူနှင့် မထိစပ်ခဲ့သော ထိုပုဂ္ဂိုလ်က https://www.aungsanu.com/ ဟူ၍ ကိုယ်ပိုင် ဝက်ဆိုက်ထောင်က နှမဖြစ်သူ၏ အစိုးရကို စစ်အစိုးရ၏ ဝါဒဖြန့်ချိရေးလေလုံးများအတိုင်း တစိုက်မတ်မတ်ရေးသားတိုက်ခိုက်လာခဲ့သည်။

ဦးအောင်ဆန်းဦးနှင့် စစ်အစိုးရပတ်သက်မှုများကို အိမ်ကိစ္စတစ်ခုတည်းနှင့် ကြည့်၍ မလုံလောက်နိုင်ကြောင်းကို ၎င်း၏ ဝက်ဆိုက်များတွင် တင်ပြပုံကိုကြည့်လျှင်သိနိုင်သည်။

ဦးအောင်ဆန်းဦးသည် စစ်တပ်အားပေး ထောက်ခံသည့်အပြင် ရိုဟင်ဂျာအရေးတွင် လူမျိုးရေးမုန်းတီးမှု၊ လူလူချင်း ခွဲခြားဆက်ဆံမှုတို့ဖြင့် တပ်၏ အလိုကျပြောဆိုပြီး နှမဖြစ်သူ၏ NLD အစိုးရကို စဥ်ဆက်မပြတ်ရှုတ်ချခဲ့သူတစ်ဦးဖြစ်သည်။

ထို့ပြင် မိမိကျွမ်းကျင်ရာနယ်ပယ်မဟုတ်သော နိုင်ငံရေးတွင်လည်း ဆောင်းပါးများ ကို ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် အမျိုးမျိုးရေးသားလာခဲ့ခြင်းအားဖြင့် စာဖတ်သူကို အဆိပ်ချသည့်လမ်းစဉ်သို့ ပို့ဆောင်နေခဲ့သည်။

အောင်ဆန်းဦးသည် အများပြည်သူနှင့် အဆက်အဆံနည်းလှပြီး မြန်မာပြည်တွင် နေထိုင်လျှင်လည်း အာဇာ နည်နေ့မှ အပ ပြည်သူများနှင့် အရောတဝင်နေလေ့ မရှိခြင်းက နှမဖြစ်သူနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်တိုင်အောင် ယခု အချိန်မှ စာတိုပေစနှင့် ပြည်သူအတွက် တွေးပူနေဟန် ရေးနေခြင်းက ယုတ္တိမရှိပေ။

ဦးအောင်ဆန်းဦး၏ အရေးအသားများသည် ရိုဟင်ဂျာများ၏ သမိုင်းနှင့်ပတ် သက်ပြီး ကြုံရာကျဘမ်းစာရွက်စာတမ်းများကို ကိုးကားပြီး နှမဖြစ်သူအစိုးရကို သိက္ခာချရန်လည်း အစီအစဉ်တကျရေးသားခဲ့ရုံမျှမက နိုင်ငံကို အာဏာရှင်ဖိနပ်အောက်သို့ တွန်းပို့ပြီး ငွေရှိသူက စိတ်ကျ ခြယ်လှယ်နိုင်သော အခြေအနေသို့ နှပ်ကြောင်းပေးခဲ့သော အရေးအသားမျိုးကိုလည်း ရေးသားခဲ့သည်။

စစ်တပ်အလိုကျ နိုင်ငံရေးကို အောက်လုံးဖြင့် တိုက်ခိုက်သောလုပ်ရပ်များကြောင့် NLD အစိုးရဘက်က အောင်ဆန်းဦး၏ Website ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ပိတ်ပင်ပစ်ခဲ့သည်။

အောင်ဆန်းဦး အမည်ဖြင့် Website တွင် ဖော်ပြခဲ့သော အကိုကြီးပြောပြသော ရည်မှန်းချက်မဲ့ စုကြည်လို ပုဂ္ဂိုလ်ဟူသော ဆောင်းပါးမှာ သူကိုယ်တိုင်ရေးသည်မှာ ဟုတ်မဟုတ် သံသယဖြစ်စရာပင်။ သို့တည်းမဟုတ် သူသည် မိမိ၏ နာမည်တစ်လုံးကို အကျိုးစီးပွားအတွက် အသုံးခံသည်လော။ မိမိကိုယ်တိုင်ကပင် Racist တစ်ယောက် ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံသားခံယူထားပြီး ဖက်ဆစ်အတွေးများကို ယုံယုံကြည်ကြည်ဖြန့်ချိနေသူလော တွေးစရာပင်။ အဆိုပါစာတွင် နှမငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမပေးကြရန် ပြည်သူများကို တိုက်တွန်းခဲ့ပြန်သည်။

လက်ရှိအချိန် ဒေါ်အောင်ဆန်းစုကြည်အစိုးရထံမှ စစ်တပ်က အာဏာလုယူပြီး ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်လျက်ရှိနေချိန်တွင် အောင်ဆန်းဦးသည် ခြံအမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို စစ်တပ်နှင့်ပူးပေါင်း၍ အတင်းလုယူ လေလံပစ်ရန် ကြိုးစားသည်။

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သားတစ်ဦးဖြစ်သော်ငြား ပြည်သူလူထုထောင်ပေါင်းများစွာကို စစ်တပ်က သတ်ဖြတ်ချိန် နှုတ်ဆိတ်နေပြီး အမွေဆိုင်အိမ်ကို ရရှိရေး စစ်တပ်နှင့်ပူးပေါင်းခဲ့ခြင်းကား မိဘမျက်နှာ အိုးမည်းသုတ်သော လုပ်ရပ်ဖြစ်သည်။

အောင်ဆန်းဦးသည် အကိုကြီးသော်လည်း အဖရာ မမြောက်။ ဗိုလ်ချုပ်အောင်ဆန်း၏ သွေးသားဖြစ်သော်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးမပြုရုံမျှမက စစ်တပ်အာဏာရှင်ကို ထောက်ခံအားပေးနေသည့် အန္တရာယ်တစ်ခုအဖြစ်ပင် ရှိနေသည်။

ဓာတ်ပုံ- အောင်ဆန်းဦးနှင့်လဲ့လဲ့နွယ်သိန်းတို့ အာဇာနည်နေ့ အခမ်းအနား တစ်ခု တက်ရောက်နေစဉ်။ (ပုံအဟောင်းဖြစ်သည်)

Photo- Reuters။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article