28 C
Yangon

အကြမ်းဖက်စစ်တပ်ကို အထိနာစေသည့် နိုင်ငံအနှံ့ရှိ ဒရုန်းစစ်ဆင်ရေးများကို ပိုမိုအားဖြည့်ရန် Project Skywalk က ဆောင်ရွက်နေပြီး ၁၇ ရက်အတွင်း အလှူငွေ ဒေါ်လာ ၁ သန်း ရရှိရန် မျှော်လင့်

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများတွင် စစ်တပ်အတွက် အထိနာစေသော ဒရုန်းစစ်ဆင်ရေးများကို ယခင်ထက်ပို အားဖြည့်နိုင်ရန် Project Skywalk အဖွဲ့က အလှူငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်း (မြန်မာကျပ်ငွေ သိန်း ၂၁,၀၀၀ ဝန်းကျင်) ရရှိရန် ယုံကြည်ကြောင်း Project Skywalk တာဝန်ခံတစ်ဦးက ပြောဆိုသည်။

‘ဒီကာလမှာ ကမ်ပိန်းတွေက တဖြည်းဖြည်း များလာတာ တွေ့ရတယ်။ ကမ်ပိန်းအများစုက အောင်မြင်ခဲ့တာ တွေ့ရတယ်။ ဥပမာ မမများနဲ့ ပွဲကမယ်ရဲ့ စစ်ကိုင်းတိုင်းအတွက် ပရောဂျက်ဆိုရင်လည်း ကျပ်သိန်းပေါင်း ၂၇,၇၀၀ လောက်ကို ရက်အနည်းငယ်အတွင်းမှာ ရအောင်ရှာနိုင်တာ တွေ့တယ်။ ဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့နွေဦးတော်လှန်ရေးကို မြန်မြန်ပြီးပြတ်ချင်နေပြီဆိုတဲ့ ပြည်သူတွေရဲ့ အောင်စိတ်ကို တွေ့ရပါတယ်။ မနက်ဖြန် ဩဂုတ်လ ၃၀ ရက်ကနေစပြီး Project Skywalk ကို ပြည်သူတွေ စပြီး ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်နိုင်မှာပါ။ တိတိကျကျပြောမယ်ဆိုရင် ၁၇ ရက်အတွင်းမှာ ကမ်ပိန်းက အမေရိကန် ဒေါ်လာ ၁ သန်းပြည့်အောင် အလှူငွေရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒေါ်လာ ၁ သန်းအပြည့်အဝ ရမယ်လို့ ယုံကြည်တယ်၊ ရအောင်လည်း ပြည်သူလူထုအနေနဲ့ ပရောဂျက်ကို ထောက်ပံ့ကူညီလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု Project Skywalk ၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုအာမိတ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

Project Skywalk ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဘဏ္ဍာရေးဌာနနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့တို့က ဦးစီးပြီး ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဦးဆောင်ကြောင်း သိရှိရသည်။

Skywalk စီမံကိန်းမှ မြန်မာနိုင်ငံအနှံ့ရှိ ဒရုန်းတပ်ဖွဲ့များကို စုစည်းပြီး စစ်ကောင်စီ၏ အဓိက ပစ်မှတ်များကို မဟာဗျူဟာကျကျ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

“Project Skywalk ကနေ တနိုင်ငံလုံးမှာရှိတဲ့ ဒရုန်းတပ်ဖွဲ့တွေကို Chain of Command တစ်ခုတည်းအောက်မှာ စုစည်းပြီးတော့ မဟာဗျူဟာမြောက်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ရလာတဲ့ အလှူငွေတွေကို သက်ဆိုင်ရာ ဒေသအလိုက်မှာရှိတဲ့ ဒရုန်းတပ်ဖွဲ့တွေကို လိုအပ်တဲ့ မဟာဗျူဟာမြောက် ပစ္စည်းကိရိယာတွေကို ဝယ်ယူတပ်ဆင်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ကိုအာမိတ်က ဆက်လက်ပြောဆိုသည်။

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင်ရှိနေသော မြန်မာနိုင်ငံသားများနှင့် မြန်မာ့နွေဦးတော်လှန်ရေးကို စိတ်ဝင်စားသော ပညာရှင်အစုအဖွဲ့များကို စုစည်းကာ ယခု စကိုင်းဝေါ့စီမံကိန်းကို ပိုမိုအောင်မြင်မှုရရှိစေရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article