35 C
Yangon

သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က မင်းအောင်လှိုင် လက်ကိုင်ဒုတ်ဖြစ်သည့် မြန်မာရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဆက်လက်ပေးအပ်လျက်ရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ဟာ သူ့ရဲ့ နိုင်ငံတကာရုံးခွဲတစ်ခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေဆဲပဲ ဖြစ်တယ်လို့ Justice for Myanamr အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ AFP ဟာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုနဲ့ ရာဇ၀တ်မှုတွေကို စနစ်တကျနှိမ်နင်းဖို့အတွက် သင်တန်းများပေးနေခြင်းဖြစ်ပြီး၊ AFP အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၄၅၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

AFP ဟာ ရိုဟင်ဂျာ လူမျိူးတုံးသတ်ဖြတ်မှု မတိုင်မှီ ၂၀၁၆ ခုနှစ်မှာ “နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်ဖို့၊ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ နဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ မျှဝေဖို့ “ဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ တရားမ၀င် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို မြန်မာရဲတပ်ဖွဲ့နဲ့ ထိတွေ့ဆက်ဆံပေးနေမှုမှန်သမျှဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ရဲရဲတင်းတင်း ဆက်လက်ကျူးလွန်ဖို့ အားပေးအားမြှောက်ပြုနေတာပဲ ဖြစ်တယ်လို့ JFM က ဆက်လက်ထောက်ပြပါတယ်။

သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) ဟာ မြန်မာနိုင်ငံမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး JFM ရဲ့ လွတ်လပ်စွာ သတင်းရယူခွင့် တောင်းဆိုချက်အပေါ် ငြင်းပယ်တဲ့ စာတစ်စောင်ကို ၅ လအကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။ “နိုင်ငံရပ်ခြားမှာ AFP တာဝန်ပေးခန့်အပ်ခံရသူတွေရဲ့ အသက် အန္တရာယ် ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို အန္တရာယ်ဖြစ်စေနိုင်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီတောင်းဆိုချက်ကို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေမှာ တာဝန်ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ ရဲတပ်ဖွဲတွေနဲ့ ထိတွေ့ဆက်ဆံနေမှု မှန်သမျှကို ထုတ်ဖော်ဖို့ AFP ကို တောင်းဆိုထားသလို၊ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ပံ့ပိုးကူညီတာတွေကို အဆုံးသတ်ဖို့၊ စစ်အုပ်စုရဲ့ အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့တာတွေ ချမှတ်ဖို့ ဩစတြေးလျအစိုးရကို တောင်းဆိုပါတယ်” လို့လည်း Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

“မြန်မာရဲတပ်ဖွဲ့ဟာ အရင်ကလို ပြည်သူ့ရဲတွေ မဟုတ်တော့ပါဘူး။ သူတို့ဟာ ကိုယ့်ပြည်သူတွေကို ပြန်သတ်နေတဲ့ မင်းအောင်လှိုင်ရဲ့ လက်ကိုင်ဒုတ် ဖြစ်နေပါပြီ။ သူတို့ကို ဘယ်လောက်ပဲ သင်တန်းပေးပေး အကျိုးမထူးဘူးဆိုတာ အရင်ရွေးကောက်ခံ အစိုးရလက်ထက်က ဥရောပသမဂ္ဂ(EU)က ဒေါ်လာသန်းချီ အကုန်အကျခံပြီး ပေးခဲ့တဲ့ ရဲသင်တန်းတွေကို ကြည့်ရင်ပဲ မြင်နိုင်ပါတယ်။ အဲဒီတုန်းက EU က သင်တန်းပေးခဲ့တဲ့ရဲတွေက အခုပြည်သူကို ပြန်သတ်တဲ့ ရဲတွေဖြစ်နေပါပြီ။ ဒါကို သိသိနဲ့ ရဲတွေကို သင်တန်းဆက်ပေးနေခြင်းဟာ သူတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အသိအမှတ်ပြု အားပေးရာ ရောက်သွားနိုင်တယ်” လို့ အငြိမ်းစား ရဲအရာရှိတဦးက လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article