29 C
Yangon

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၃၊ ခမရ ၃၆၆ နှင့် ပျူစောထီးများက မော်လိုက်မြို့နယ်၊ ကုန်းခါတွန်နှင့် ရေခါတွန်ရွာများကို မီးတင်ရှို့ကာ ပစ္စည်းများ ခိုးယူပြီး ပြန်ရောင်း၊ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး စုစုပေါင်း ရွာသား ၉ ဦးကို သတ်ဖြတ်

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၃၊ ခမရ ၃၆၆ တပ်ဖွဲ့များနှင့် လက်ပါးစေ ပျူစောထီးများသည် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ ကုန်းခါတွန်ကျေးရွာနှင့် ရေခါတွန်ကျေးရွာကို ဩဂုတ်လ ၂၁ ရက်နေ့တွင် အကြောင်းမဲ့ မီးတင်ရှို့ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူ ရောင်းချပြီး ကုန်းဝါးရုံသာကျေးရွာမှ ပြည်သူ ၁၉ ဦးကို ဖမ်းဆီးကာ အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်ကြောင်း၊ သတ်ဖြတ်ခံရသည့် ပြည်သူ ၁၃ ဦး ရှိကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“၂၁ ရက်နေ့က ရေခါတွန်ရွာနဲ့ ကုန်းခါတွန်ရွာကို စခ (အကြမ်းဖက်စစ်သား) တွေနဲ့ ကင်းတပ်ရွာ ပျူတွေက မီးရှို့သွားခဲ့ပါတယ်၊ ကုန်းဝါးရုံသာရွာက ပြည်သူ ၁၉ ဦးကိုဖမ်းခေါ်သွားပြီး ၄ ယောက်ကို ဖဲကဇက်ရွာမှာ ပစ်သတ်ပြီး ၉ ယောက်ကို ကင်းတပ်ရွာမှာပစ်သတ်ပါတယ်၊ ၆ဦးကတော့ ပြန်လွတ်လာပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ပစ်သတ်ခံရသူ ၁၃ ဦးအနက်မှ အမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများက အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်လိုက်ကြောင်းနှင့် အဆိုပါ ပျူစောထီးများသည် ကင်းတပ်ကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရေခါတွန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများကို မော်တော်လှေ ၃ စီးဖြင့် တင်ဆောင်ခိုးယူသွားပြီး ပြန်လည်ရောင်းချနေကြောင်းလည်း ဒေသခံက ဆက်ပြောသည်။

“တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မော်လိုက် စခ တပ်ရင်းတွေဆီကို မော်တော် ၃ စီးနဲ့ သယ်ယူတယ်၊ ခိုးရာပါ ပစ္စည်းတွေ ကို စခ အကောင်ကြီးတွေနဲ့ ပုလင်းတူဗူးဆို့ ပူးစားပေါင်းစား လူတချို့က ပစ္စည်းတွေကိုပြန်ရောင်းချပါတယ်” ဟု ဒေသခံက ဆိုသည်။

ခမရ ၃၆၃ သည် ကလေးမြို့အခြေစိုက်တပ်ရင်းဖြစ်ပြီး ခမရ ၃၆၆ သည် မော်လိုက်မြို့အခြေစိုက် တပ်ရင်းများဖြစ်ပြီး ကလေးမြို့ရှိ စကခ ၁၀ လက်အောက်ခံတပ်ရင်းများ ဖြစ်သည်။

ရေခါတွန်ကျေးရွာသည် ချင်းတွင်းမြစ်ကမ်းတွင်တည်ရှိပြီး ကုန်းခါတွန်ကျေးရွာသည် အတွင်းပိုင်း ၁ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်စိမ်းဖလပ်မော်တော်ယာဉ်ကို မော်လိုက် PDF က ပစ်ခတ်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မော်လိုက် PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီက နယ်မြေရှင်းလင်း စစ်ကြောင်းထိုးခြင်းဖြစ်နိုင်ကြောင်းနှင့် ယခု လက်ရှိအချိန်တွင် ပန်သာကျေးရွာနှင့် ကင်းတပ်ကျေးရွာများ၌ စခန်းချတပ်စွဲထားကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article