33 C
Yangon

Lucy Man ဘက်ထရီနှင့်ကားတာယာလုပ်ငန်းရှင်မှ မင်းအောင်လှိုင်နှင့်အောင်ပြည့်စုံ သားအဖ၏ မိသားစု စီးပွားရေး တာဝန်ခံ ဖြစ်လာသော မောင်မောင်နိုင် ဘယ်လိုလူစားလဲ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကစပြီး သားဖြစ်သူ အောင်ပြည့်စုံကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လက်နက်စက်ရုံ အဆောက်အဦးတင်ဒါ၊ ဆိပ်ကမ်းJetty လုပ်ငန်းတည်ဆောက်ခွင့်တွေ အလုံးအရင်းနဲ့ ချပေးခဲ့ပါတယ်။

အဲဒီလို ချပေးတဲ့အတွက် အောင်ပြည့်စုံဟာ ပရောဂျက်ပေါင်းများစွာနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ထိပ်ဆုံးက လုပ်ခွင့်ရတာမို့ သူ့အတွက် စီးပွားရေးလုပ်ငန်းတွေ နာမည်ခံ ဦးစီးလုပ်ကိုင်မယ့်သူတွေကို ခန့်ထားလာရပါတယ်။ အဲဒီလူတွေထဲမှာမှ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံရဲ့ အယုံကြည်ရဆုံးလူဖြစ်လာတာပါ။

၂၀၁၁ ခုနှစ် မင်းအောင်လှိုင် တပ်ချုပ်ရာထူးရရှိတဲ့အချိန်မှာ အောင်ပြည့်စုံဟာ စီးပွားရေးလုပ်ငန်းလေးတွေ စတင်လုပ်ကိုင်လာပါတယ်။ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ် အချိန်တွေဟာ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံအတွက် မြေစမ်းခရမ်းပျိုး စီးပွားရေးလောက ရောက်လာချိန်ဖြစ်လာပါတယ်။ Yangon Glary ပန်းချီပြခန်း ၊ စားသောက်ဆိုင် ဆိုတဲ့ အသေးအမွှား စီးပွားရေးလုပ်ငန်းတွေနဲ့ ဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက် ဆောက်လုပ်ရေး ကုမ္ပဏီအဖြစ် Sky One ကုမ္ပဏီကို စတင်ထူထောင်ပါတယ်။

အဲဒီအချိန်မှာ မောင်မောင်နိုင်ဟာ Sky One ကုမ္ပဏီဒါရိုက်တာ (MD )အဖြစ် စတင်ပါဝင်လာခဲ့ပါတယ်။ အခုဆိုရင်တော့ မြန်မာစစ်သူကြီး၊ Yetagon Energy Trading စတဲ့ မင်းအောင်လှိုင်ရဲ့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အရေးကြီးဆုံးနဲ့ တာဝန်ခံ အဖြစ် ပါဝင်နေပြီလည်းဖြစ်ပါတယ်။

အောင်ပြည့်စုံနဲ့ မောင်မောင်နိုင် စတင်လက်တွဲချိန်မှာ မောင်မောင်နိုင်ဟာ Lucky Man ဘက်ထရီနဲ့ ကားတာယာ လုပ်ငန်းကို လုပ်ကိုင်အောင်မြင်နေခဲ့ပြီဖြစ်ပြီး အခုလက်ရှိမှာလည်း ဆက်လက်လုပ်ကိုင်နေပါတယ်။ မောင်မောင်နိုင် ဘယ်လိုလူစားလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

၁၉၇၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မောင်မောင်နိုင်ဟာ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား စစ်စစ်ဖြစ်ပါတယ်။ လမ်းမတော်မြို့နယ် မှတ်ပုံတင်ကို ကိုင်ဆောင်သူ ရန်ကုန်သား တရုတ်စီးပွားရေးသမားလည်း ဖြစ်ပါတယ်။ အမျိုးသမီးကလည်း တရုတ်စစ်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတွေ၊ ရိုးရာ ကန်တော့ပွဲတွေကို စိတ်နှစ်ပြီး ယုံယုံကြည်ကြည် လုပ်ကိုင်တတ်တဲ့ မြန်မာပြည်သား တရုတ်လူမျိုးလည်းဖြစ်ပါတယ်။

သူဟာ သူရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ မောင်မောင်အောင်၊ မောင်မောင်လတ်၊ မောင်မောင်ဦးတို့နဲ့ Lucky Man ကားတာယာနဲ့ ဘက်ထရီလုပ်ငန်းကို အချိန်အတော်ကြာကတည်းက လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အောင်ပြည့်စုံနဲ့ သူ စတင် လက်တွဲချိန်မှာလည်း Sky One ကုမ္ပဏီနဲ့ Lucky Man နှစ်ခုစလုံးကိုမောင်မောင်နိုင်က ဦးစီးကြီးကြပ်ခဲ့တာပါ။

Sky One ကုမ္ပဏီရုံးက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အောင်ချမ်းသာ ၂ လမ်းနဲ့ ပုလဲလမ်းအကြားမှာရှိပြီး Lucky Man ရုံးချုပ်ကတော့ ကမာရွတ်မြို့နယ်၊ ရတနာမြိုင်လမ်းမှာ တည်ရှိပါတယ်။

Sky One ဆောက်လုပ်ရေးကုမ္ပဏီ စတင်ထူထောင်ချိန် ၂၀၁၃ ခုနှစ်၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာ မောင်မောင်နိုင်ဟာ Sky One နဲ့ သူ့အိမ်ဖြစ်တဲ့ Lucky Man ရုံးအကြားမှာ သွားလိုက် ပြန်လိုက်နဲ့ အလုပ်နှစ်ခုလုံးကို ဦးစီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အောင်ပြည့်စုံ လုပ်ငန်းတွေက ကြီးမားလာတာမို့ Lucky Man ကို သူ့ညီအစ်ကို ဖြစ်သူတွေကပဲ ဦးစီးလုပ်ကိုင်ပါတော့တယ်။ သူကတော့ အောင်ပြည့်စုံ လုပ်ငန်းတွေ အားလုံးကို တာဝန်ခံလာရတာဖြစ်ပါတယ်။

မောင်မောင်နိုင်မှာ သားသမီးတွေရှိပြီး အမျိုးသမီးဖြစ်သူကလည်း တရုတ်လူမျိုး အေးဆေးသူဖြစ်ပါတယ်။ ငွေအတွက်ပဲ ကြည့်တတ်လွန်းတဲ့ မောင်မောင်နိုင်ဟာ မိသားစုထက် အောင်ပြည့်စုံရဲ့ အလုပ်တွေကို ဦးစားပေးသူပါ။

စစ်တပ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှန်သမျှကို အောင်ပြည့်စုံကပဲ ရတာမို့ မောင်မောင်နိုင်က လူယုံ ကျွန်ယုံဘ၀နဲ့ အသုံးတော်ခံနေပါတယ်။ သူ့အတွက်လည်း ရရှိတဲ့ စီးပွားရေး အကျိုးအမြတ်က အလွန်ကို များပြားလွန်း လှပါတယ်။ သာမန် ကားတာယာ၊ ဘက်ထရီလုပ်ငန်းရှင် မောင်မောင်နိုင်က အခုအချိန်မှာ ထိပ်တန်း ခရိုနီစာရင်းဝင်ဖို့ တာစူနေပါပြီ။

၂၀၁၅ ခုနှစ် မောင်မောင်နိုင်နဲ့အတူ အလုပ်လုပ်ဖူးတဲ့ သူတစ်ဦးကတော့ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံအတွက် အချိန်ပြည့် ရုံးမှာ ရှိနေတတ်သူလို့ ဆိုပါတယ်။

“ဦးမောင်မောင်နိုင်က Sky One မှာ ရှိတဲ့အချိန်က ပိုများတယ်။ ရုံးချိန် ကျော် ည ၆ နာရီကျော်ကနေ ၇ နာရီလောက်မှ အမြဲတမ်း အိမ်ပြန်တတ်တယ်။ ရုံးဝန်ထမ်းတွေ ဆင်းပြီးရင်တောင်မှ မဆင်းဘူး။ ကျန်ခဲ့တာများတယ်။ အဲဒီအချိန်ကတော့ ရန်ကုန်မှာ သူအနေများတယ်။ Sky က လုပ်ခွင့်ရတဲ့ စစ်တပ်အဆောက်အဦးတွေ တိုးချဲ့ ပြင်ဆင်တာတွေအတွက် ပြင်ဦးလွင်ဘက်ကို သွားတယ်။ ပုံမှန်က ရန်ကုန်မှာရှိတာ များတယ်။ ရုံးနဲ့ အိမ်နဲ့ပဲ။ စီးပွားရေးထဲပဲ ခေါင်းနှစ်ထားတဲ့သူမျိုး။ သူက တရုတ်လူမျိုး၊ တရုတ်စစ်ပဲ။ လမ်းမတော်တရုတ်ပေါ့။ အမျိုးသမီးကလည်း တရုတ်ပဲ။ တရုတ်အန်ပေါင်း ပေးတာတွေ။ တရုတ်နှစ်ကူးတာတွေ အရမ်းလုပ်တဲ့ တရုတ်တော်တော်စစ်တဲ့လူတွေ။ မြန်မာပြည်ဖွားတရုတ်။ အဲဒီအချိန်တုန်းက သူ့မှာ သား တစ်ယောက် သမီးတစ်ယောက်ရှိတယ်။ အခုတော့ ထပ်မွေးရင်တော့မသိဘူး။ အခုကတော့ ကလေးတွေက ၈ နှစ်နဲ့ ၁၁ နှစ်လောက်ရှိမယ်။ အကျင့်စရိုက်ကတော့ ငွေအရမ်းမက်တယ်။ မိန်းမနဲ့ သားသမီးကိုတောင် အချိန်မပေးနိုင်ဘူး။ Sky One မှာပဲ အချိန်ကုန်တာ။ အရမ်း ငွေကို စိစစ်တယ်။ ပြီးရင် ရုံးမှာ ရှိပြီးတော့ အလုပ်အမြဲတမ်း လုပ်နေတတ်တယ်။ စကားအပြောအဆိုက ပြတ်ပြတ်သားသား ဘောက်ဆက် ဘောက်ဆက် ပြောတယ်။ လိုချင်တာကို ရအောင် ခိုင်းတတ်တယ်။ သူက ဒါကိုလိုချင်ရင် ဖြစ်အောင်လုပ်ပေးရတယ်။ မဟုတ်ရင် အလုပ်မဆင်းရတော့ဘူး။ သူက ငွေစာရင်း Report သိရဖို့ ငွေ စာရင်းချုပ်ဖို့ လကုန်ရက်တိုင်း သူကိုယ်တိုင် ရုံးမှာ ရှိနေတာ” လို့ Sky One မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

မောင်မောင်နိုင်ဟာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ဆက်ဆံရေးကို အရမ်းကိုလျှို့ဝှက်လွန်းတယ်လို့ ဆိုပါတယ်။ သူတို့ ဘယ်လိုချိတ်ဆက်ပြီး ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြတာမရှိပါဘူး။ ဒါပေမယ့် အောင်ပြည့်စုံဟာ မောင်မောင်နိုင်ဆိုရင် စိတ်ချယုံကြည်တဲ့အတွက် တချို့ကိစ္စတွေမှာ မောင်မောင်နိုင်က ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။

“မောင်မောင်နိုင်ကို အောင်ပြည့်စုံက ယုံကြည်တယ်။ သူ့အကျိုးစီးပွားပျက်အောင် မလုပ်ဘူးဆိုတာ ယုံတော့ တချို့ ကိစ္စတွေမှာ မောင်မောင်နိုင်ကပဲ ဦးဆောင်ပြီး လုပ်ကိုင်ပေးတာ” လို့ စီးပွားရေးသတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

ငွေအတွက် အသက်ရှင်ပြီး ငွေရဖို့ ဆိုရင် ဘာမဆိုလုပ်မယ့် မောင်မောင်နိုင်ဟာ လက်ရှိမှာတော့ အောင်ပြည့်စုံရဲ့ စိတ်အချရဆုံးနဲ့ မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို အရဆုံး စီးပွားရေးတာဝန်ခံ ဖြစ်လာခဲ့ပါပြီ။

မင်းအောင်လှိုင်သား အောင်ပြည့်စုံ ထူထောင်ထားတဲ့ ကုမ္ပဏီတွေအားလုံးမှာ မောင်မောင်နိုင်က ဦးစီးလုပ်ကိုင်သူ အဖြစ် ပါဝင်နေပါတယ်။

ရုရှားစက်သုံးဆီတင်သွင်းရေးကော်မတီ အဖွဲ့ဝင် Yetagon Energy Trading အမှုဆောင်အရာရှိချုပ်၊ မြန်မာစစ်သူကြီး ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ၊ Sky One မန်နေဂျင်းဒါရိုက်တာ စတဲ့ ထူးဆန်းလှတဲ့ အမည်ပေါင်းများစွာ ပေးထားတဲ့ ကုမ္ပဏီ လုပ်ငန်းတွေရဲ့ ခေါင်းဆောင်နေရာမှာ မောင်မောင်နိုင် ရှိနေတာလည်းဖြစ်ပါတယ်။

စကားဘောက်ဆတ်ဆတ်ပြောတတ်တဲ့ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံရှေ့မှာတော့ ခြေသုတ်ပုဆိုး မြွေဆွယ်ကျိုး သလို နှိမ့်ချပြီး “သခင်အားရ ကျွန်ပါး၀ ” စိတ်နဲ့ နိုင်ငံ့စီးပွားနဲ့ ပြည်သူလူထု ဘဏ္ဍာတွေကို လုပ်ပိုင်ခွင့် မျိုးစုံနဲ့ ခိုးယူနေတဲ့ သမိုင်းတရားခံတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။

ဓာတ်ပုံ- အနီဖြင့် ၀ိုင်းထားသူမှာ အောင်ပြည့်စုံ၏ စီးပွားရေး လူယုံ မောင်မောင်နိုင်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article