36 C
Yangon

မင်းအောင်လှိုင် ဦးဆောင်သည့် မုဒိမ်းတပ်မတော်၏ အဓမ္မပြုကျင့် သတ်ဖြတ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်က စစ်တပ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၊ တော် လှန်ရေး လူငယ်များ၊ NLD ပါတီဝင်များ ၊ သတင်းသမားများ၊ ပရဟိတသမားများကို စစ်ကြောရေးများနှင့် ဖမ်းဆီးရမိသည့် အချိန်များတွင် မုဒိမ်းကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ စော်ကား သတ်ဖြတ်မှုများကို လက်နက်အဖြစ် တရားဝင် အသုံးပြု ဖိနှိပ်နေသော သက်သေအထောက်အထားများ ထွက်ပေါ်လာပြီဖြစ်သည်။

ဖမ်းဆီးချုပ်နှောင်ရာမှ ပြန်လည် လွတ်မြောက်လာခဲ့သော သတင်းထောက်အမျိုးသားတစ်ဦးက ၎င်းကို စစ်ကြောရေးတွင် စစ်တပ်က မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့ကြောင်း တရားဝင် ရေးသား သတင်းထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ ထင်ရှားသော နိုင်ငံရေး လှုပ်ရှားသူ အမျိုးသမီး တစ်ဦးလည်း စစ် ကြောရေးတွင် မုဒိမ်းကျင့်ခံခဲ့ရပြီး လက်ရှိတွင် အကျဉ်းထောင်တွင် ဆက်လက် အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ သတင်းပေးပို့မှုများရရှိထားသည်။

စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုခံခဲ့ရပြီး ပြန်လည် လွတ်မြောက်ခဲ့သော အမျိုးသမီး၊ အမျိုးသား ၁၃ ဦးကလည်း စစ်ကြောရေးတွင် ၎င်းတို့ကို စစ်တပ်နှင့်ရဲများက မုဒိမ်းကျင့်မည်ဟု ခြိမ်းခြောက်ပြီး ကိုယ် ခန္ဓာအစိတ်အပိုင်းများကို စစ်တပ်နှင့်ရဲများက ပွတ်သတ် ကိုင်တွယ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုကြသည်။

ရန်ကုန်ခေတ်သစ်ကလည်း စစ်တပ်နှင့်ရဲကျူးလွန်သော မုဒိမ်းမှုများကို တောက်လျှောက်ဆိုသလို သတင်း ဖော်ပြခဲ့ရာ အတည်ပြုနိုင်သော မုဒိမ်းကျင့်မှု ၊ မုဒိမ်းကျင့် သတ်ဖြတ်မှု ၆၀ နီးပါး၏ သတင်းများကို ပြန်လည် စုစည်း ဖော်ပြလိုက်ပါသည်။

ကောလင်းတွင် CDM ထွေ/အုပ်ဝန်ထမ်း အပါအဝင် အမျိုးသမီး ၂ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်ပြင်သာ အုပ်စု မင်းကုန်းရွာထိပ် တောင် ကုန်းတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၃ ရက်နေ့ ဒေါ်ခင်စော (အသက် ၄၉ နှစ်)၊ ကောလင်းမြို့နယ် အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနမှ CDM ဝန် ထမ်း မနေခြည်မင်း (အသက်၂၂ နှစ်)တို့ကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်။

ယင်းမာပင်၊ သပြေအေးကျေးရွာမှ အမျိုးသမီး ၁ ဦးကို သတ်ဖြတ် မုဒိမ်းကျင့်

၂၀၂၂ ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေးအေးရွာမှ အပြစ်မဲ့ ပြည်သူအမျိုး သမီးတစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို ခမရ ၃၆၈ မှ စစ်သား ဝင်းသူရ၊ မောင်တူးနှင့် ကျော်ဇင်လတ်တို့ ၃ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း PDF များ ဖမ်းဆီးခံရသော စစ်ကောင်စီတပ်မှ စစ်ပြေးစစ်သားက ပြောဆိုလိုက်သည်။

ခမရ ၃၆၈ တပ်မှ စစ်ပြေးတပ်သားသည် စစ်တပ်မှ ထွက်ပြေးလာစဉ် ယင်းမာပင်မြို့နယ်ရှိ ဒေသ ကာ ကွယ်ရေးတပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ဖမ်းဆီးခံရစဉ် ၎င်းတို့စစ်တပ် ခမရ ၃၆၈ က လုပ်ဆောင်ခဲ့သော စစ်ရာဇဝတ်မှုများကို ပြန်လည် ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပေါက်မြို့နယ် အင်းငယ်ဒေါင့်ရွာမှ ဒေါ်အေးအေးဝင်းကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်

၂၀၂၂ ခုနှစ် ၊ မတ်လ ၅ ရက်နေ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးအေးဝင်းကို စစ်ကောင်စီတပ်များက မုဒိန်းကျင့် သတ်ဖြတ်လိုက်ပြီး အတူတူရှိနေသည့် အသက် ၃ နှစ်အရွယ်သမီးငယ် မရတီမိုးကိုပါဓားဖြင့် ထိုးသတ်သွားခဲ့သည်။

မတ်လ ၅ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်များက အင်းငယ်ဒေါင့်ကျေးရွာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကာ သမီးငယ်နှင့်အတူ ထွက်ပြေးရန် ပြင်ဆင်နေသည့် ဒေါ်အေးအေးဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ရှေ့ ဇရပ်ပေါ်တွင် မုဒိန်းကျင့်သတ်ဖြတ်ပြီး အသက် ၃ နှစ်အရွယ်သမီးငယ် မရတီမိုးကိုပါဓားဖြင့် ထိုးသတ်ခဲ့ကြောင်း၊ အသက် ၁၁နှစ် အရွယ် သမီး မသင်းသင်းမိုးကို ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဆိပ်ဖြူ၊ ပိုင်းရွာတွင် သားသည်မိခင် မနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့် သတ် ဖြတ်

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်း‌ကျေးရွာကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ စစ်ကြောင်း ထိုးခဲ့ပြီး ကျေးရွာသူ မနှင်းဝေ ကို စစ်တပ်က မုဒိမ်းကျင့် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ ကြောင်း မနှင်းဝေ၏ ခင်ပွန်းဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်က ကျေးရွာများသို့ ဝင်ရောက် စီးနင်း သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မနှင်းဝေနှင့် အမျိုးသားဖြစ်သူတို့သည် ဩဂုတ်လ ၉ ရက်နေ့တွင် ၎င်းတို့၏ ကျေးရွာဖြစ်သော ပိုင်းကျေးရွာအတွင်း၌ ဝက်စာ ကျွေးရန် ပြန်လာရောက်စဥ် စစ်သား ၅ ဦးနှင့် ရွာထိပ်တွင် တွေ့ဆုံမိ ကြောင်း၊ စစ်သားများက ၎င်းတို့ ၂ ဦးကို လိုက်လံပစ်ခတ်ဖမ်းဆီးသောကြောင့် ထွက်ပြေးရင်း လူစုကွဲကာ မနှင်းဝေကို စစ်တပ်က ဖမ်းဆီး မိခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက်စစ်တပ်က မနှင်းဝေကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့သစ်တွင် အသက် ၅၁ နှစ် အမျိုးသမီးကို စစ်သား ၃ ဦးက မုဒိမ်းကျင့် သတ်ဖြတ်မှု စစ်တပ်က ဝန်ခံ

၂၀၂၁ ခုနှစ် ၊ ဇူလိုင်လ ၁၇ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်မြို့သစ်၊ နွယ်လွန်းကျေးရွာမှ အသက် ၅၁နှစ်အရွယ် အမျိုး သမီးကြီးတစ်ဦးကို စစ်ကောင်စီတပ်သား ၃ ဦးက မုဒိမ်းကျင့်သတ်ဖြတ်မှုကို အရေးယူမည်ဖြစ် ကြောင်း စစ်ကောင်စီဘက်က တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာမှ အမျိုးသမီးတစ်ဦးသည် ဇူလိုင် ၁၄ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း၊ မုဒိမ်းကျင့် သတ်ဖြတ်သူများမှာ စစ်ကောင်စီ တပ်မ ၈၈ မှ တပ်ဖွဲ့ဝင် ၃ ဦးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာတွင် ယင်း လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်ပြင်သို့သွားရောက်ခဲ့သော တပ်ဖွဲ့ဝင် ၃ ဦးသည် အမျိုးသမီးကြီးတစ်ဦးနှင့် စကားများရာမှ ဒေါသအလျောက် ဓားဖြင့်ထိုးခဲ့ပြီး ဓားကို ကျေးရွာအနီးရှိ ချောင်းအတွင်းသို့ ပစ်ချခဲ့ကြောင်း ပြောဆိုထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို နယ်မြေခံတပ်တွင် ချုပ်နှောင်ထားရှိပြီး လူသတ်မှုနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးကြီး၏ အလောင်းကို ရင်ခွဲစစ်ဆေးချက်အပြင် ဓာတုဝန်ရုံးသို့ အချက်အလက်များ ပေးပို့ထားကြောင်း၊ လူသတ်မှုအပြင် အခြားကျူးလွန်သော ပြစ်မှုများကိုပါ ဆက်လက် စစ်ဆေး အရေးယူမည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုလဲ၊ တောင်ရွာသစ်ကျေးရွာမှ အသက်မပြည့်သေးသူ ကလေးငယ် ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မမိုးရည်နှင့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ် ၂ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်မှု အပါအဝင် ဒေသခံပြည်သူ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မိန်းကလေးငယ် ၂ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကြောင်း၊ အခြားသော မိန်းကလေးငယ် ၂ ဦး၏ မိသားစုဝင် ၂ ဦးမှာလည်း သတ်ဖြတ်ခံရကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် အလောင်းများ ပြန်လည်ရရှိခဲ့သည်။

“စစ်တပ်က ထွက်သွားတော့ ရွာထဲပြန်အဝင်မှာ စစ်ခွေးတွေသတ်ထားခဲ့တဲ့ အလောင်း ၅ လောင်း ပြန်ရတယ်။ အဲဒီမှာ အသက် ၁၇ နှစ်အရွယ် မမိုးရည်နဲ့ သူ့အမေ ဖြစ်သူ အလောင်းတွေ့တယ်။ ပြီးတော့ ဦးတင်မောင် အသက် ၄၅ နှစ်နဲ့ သူရဲ့ သမီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးအလောင်းတွေ့တယ်။ နောက် ပြီး အမျိုးသမီး ၁ ဦးအလောင်းလည်း ပြန် ရတယ်။ စုစုပေါင်း အလောင်း ၅ လောင်းပါ။ မိသားစုလိုက် အသတ်ခံရတာဟာ စစ်တပ်က သူတို့သမီးတွေကို မုဒိမ်းမှု ကျူးလွန်ဖို့ လုပ်တာကို မိဘတွေက တောင်းပန်ရင်း မိဘတွေပါအသတ် ခံရတယ်လို့ ခန့်မှန်းရတယ်။ အခုလည်း သေဆုံးသူတွေကို ပြည်သူကာကွယ်ရေးအဖွဲ့တွေ နဲ့ CDMဆရာဝန်တွေနဲ့ ခွဲစိတ်စစ်ဆေးတာတွေပြုလုပ်နေတယ်”ဟု ပုလဲပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ဗိုလ်စစ်ငြိမ်းသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုခဲ့သည်။

ကနီမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် အမျိုးသမီး ၇ ဦးကို စစ်တပ်က မုဒိမ်းကျင့်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ကနီနယ် ကျေးရွာ နှစ်ရွာမှ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦး အပါအဝင် ဒေသခံအမျိုးသမီး ၇ ဦးကို အဓမ္မပြုကျင့်ခဲ့သည်။

ပထမဖြစ်စဉ်အနေဖြင့် ဩဂုတ် ၁၇ ရက်နေ့က အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်သားရဲ့ အဓမ္မပြုကျင့်ခံရပြီး ဒုတိယဖြစ်စဉ်အနေဖြင့် ဩဂုတ် ၂၈ ရက်က တခြား တစ်ရွာမှ အမျိုးသမီး ၆ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။

ဒေသခံတွေအဆိုအရ မုဒိမ်းကျင့်သူများသည် ပြင်ဦးလွင်တပ်မှဖြစ်ပြီး ထိုစစ်ကြောင်းကို ဗိုလ်ကြီး သန်းဝင်းအောင်၊ ဒုတပ်ကြပ် နိုင်လင်းဦး၊ သန်းမိုး၊ သာစိန်မောင်၊ တပ်ကြပ် ဇော်လွင်ဦး၊ တပ်သား ကျော်ထွန်းဝင်း၊ ရဲမျိုးလွင်၊ စန်းကို နာမည်ပါသည့် ကင်းစောင့် တာဝန်ချစာရွက်များတွေ့ရှိခဲ့ကြသည်။

ကနီမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ်မှ ၄၅ နှစ်အထိအရွယ် အမျိုးသမီး ၄ ဦးကို စစ်တပ်က အုပ်စုဖွဲ့မုဒိမ်းကျင့်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီအကြမ်းဖက်တပ်သားများက သက်ငယ်မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေအပါအဝင် မုဒိမ်းပြုကျင့်ခံရသူ အမျိုး သမီး ၄ ဦးထိ ရှိလာနေပြီး မုဒိမ်းမှုကျူးလွန်ခံရသူအမျိုးသမီးများတွင် အသက်အငယ်ဆုံး ၁၄ နှစ်မှ အကြီးဆုံး ၄၅ နှစ်ထိ ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်က ကျူးလွန်ခဲ့သော မုဒိမ်းမှုများသည် ဇွန်လမှာ တကြိမ်၊ ဇူလိုင်လတွင် တကြိမ်နှင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် တကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း ကျူးလွန်ခံရသည့် အမျိုးသမီးမှာ အသက် ၂၆ နှစ်အရွယ် မိန်းမပျိုဖြစ်သည်။ ဇူလိုင်လအတွင်း ကျူးလွန်ခံရသူများသည် အသက် ၃၀ နှစ်နှင့် ၄၅ နှစ်အရွယ် တခုလပ်အမျိုးသမီးများဖြစ်သည်။ စက်တင်ဘာလ ၁၆ ရက်နေ့က ကျူးလွန်ခံရသူသည် အသက် ၁၄ နှစ် အရွယ် မရောက်သေးသည့် မိန်းကလေးငယ်ဖြစ်သည်။

နမ့်ဖတ်ကာတွင် အသက် ၁၄ နှစ်အရွယ် သီလရှင်ကို စစ်သားက မုဒိမ်းကျင့်

၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ စစ်ကောင်စီတပ် စခန်းစွဲထားသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် စစ်ကောင်စီတပ်သားက အသက် (၁၄)နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်ခဲ့သည်။ အဓမ္မပြုကျင့်ပြီးနောက် ပိုက်ဆံ (၅)သိန်းဖြင့် ကျေအေးစေပြီး သီလရှင်ကိုလည်း လူထွက်စေခဲ့ကြောင်း သိရှိရသည်။

မင်းကင်းနှင့်ဂန့်ဂေါတွင် အမျိုးသမီး ၃၀ ထက်မနည်း အစုလိုက်အပြုံလိုက် စစ်တပ်၏ မုဒိမ်းကျင့်ခံရ

၂၀၂၂ ခုနှစ် မတ်လနင့်ဧပြီလ အတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် မင်းအောင်လှိုင်စစ်တပ်က အသက် ၁၄ နှစ်အရွယ်၊ အသက် ၁၆ နှစ်အရွယ်၊ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း People Defense Force Taung Dwin Region-Mingin၏ သတင်းထုတ်ပြန်ခဲ့သည်။

မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် မင်းအောင်လှိုင်စစ်တပ်က ကျော်ရွာကျေးရွာမှ အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်မှု အတည်ပြုနိုင်ခဲ့သည်။

“မတ်လ (၂၈)နေ့က ကျော်ရွာကျေးရွာတွင် တပ်စွဲထားသော ဖက်ဆစ် မုဒိမ်းကောင်များက အမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ပြီး သုံးဦးသေဆုံးခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး သုံးဦးမှာ အသက် ၁၄နှစ်အရွယ်တစ်ယောက်၊၁၆ နှစ်အရွယ်တစ်ယောက်နှင့် ၃၅နှစ်ဝန်းကျင်တစ်ယောက်လို့ သိရပါတယ်” ဟု People Defense Force Taung Dwin Region-Minginက သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက People Defense Force Taung Dwin Region-Minginကို ဆက်သွယ်မေးမြန်းရာ “မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့နာမည်ကိုပဲ အတိ အကျသိရပါသေးတယ်။ ၁၄နှစ်၊ ၁၆နှစ် အရွယ်နှစ်ယောက်ကတော့ နာမည်မသိရသေးဘူး။ အဲ့ဒီရွာက ထွက်ပြေးလာတဲ့တစ်ယောက်ကို ကျနော်တို့ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ ထွက်ပြေးလာသူနဲ့ မေးမြန်းပြီးမှ သတင်းအစုံအလင်ကို ထပ်မံတင်ပေးပါမယ်ဗျ။အခုအဲ့ဒီရွာနဲ့က ဖုန်းဆက်သွယ်လို့ကိုမရ ဖြစ်နေလို့ပါ” ဟု ပြန်လည်ဖြေဆိုသည်။

အလားတူ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ယောနယ်တွင် ဧပြီလ ၄ ရက်နေ့ စစ် တပ်က အမျိုးသမီးတစ်ဦးနှင့်ဖခင်ဖြစ်သူကို ရိုက်နှက်သတ်ဖြတ်ပြီး အမျိုးသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း၊ သက်သေ အထောက် အထားများ ရရှိထားကြောင်း ယောနယ်မှ တော်လှန်ရေးခေါင်းဆောင်တစ်ဦးက အတည်ပြုခဲ့သည်။

ဧပြီလ ၄ ရက်၊ ဂန့်ဂေါ-ကလေး လမ်းပေါ်ရှိ ထယ်လှော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သားအဖနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖခင်ဖြစ်သူကို လက် ပြန်ကြိုးတုတ်ကာ ရိုက်နှက် သတ်ဖြတ်မီးရှို့ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်သမီးဖြစ်သူကိုလည်း အဓမ္မမုဒိမ်းကျင့်ကာ သတ်ဖြတ် မီးရှို့ခဲ့ကြောင်း ယော ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“စကစက ဂန့်ဂေါမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတာ နှစ်ပတ်ကျော်ပြီ။ အဓိကတော့ မြစ်သာမြစ်ဗဟိုပြုပြီး မြစ်ဘေးဝဲယာက ရွာတွေကို ဝင်တယ်။ အိမ်တွေ၊ တောတဲတွေ၊ လယ်ယာသုံးပစ္စည်းတွေ၊ ယာဉ်အမျိုးမျိုးတွေ မီးရှို့ ဖျက်ဆီးခဲ့တယ်။ နောက်ပြီး ခိုင်းနွားတွေအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်တယ်။ ဒီနေ့ဆိုလည်း ထယ်လှော်ရွာမှာ သားအဖနှစ်ယောက် တောသွားရင်းတွေ့လို့ အဖမ်းခံရပြီး အသတ်ခံရတယ်။ ဖအေက အသက် ၅၀ ဝန်းကျင်၊ သမီးက အခုမှ ၁၆ နှစ်ပဲ ရှိသေးတယ်။ မုဒိမ်းကျင့် အသတ်ခံရတယ်။ အိမ်နှစ်လုံးလည်း မီးရှို့ဖျက်ဆီးသွားတယ်။ လက်ရှိတော့ စစ်ကြောင်းက ဂန့်ဂေါဖက်ကို ဦးတည်နေတယ်။ ကျန်သေးတဲ့ရွာတွေ ဘယ်လောက်ထိ ဖျက်ဆီးခံရဦးမယ်မသိသေးဘူး။”ဟု ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ရှိသူက ရှင်းပြသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာနှင့်အုတ်နှဲဘုတ်ကျေးရွာတို့ကို စစ်တပ်က ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ရာတွင် CDM ကျောင်းဆရာမတချို့ အပါအဝင် အမျိုးသမီး ၃၀ ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်မှုဖြစ်ပွားကြောင်း ၊ လက်ရှိတွင် အင်တာနက်နှင့်ဖုန်းလိုင်း ဖြတ်တောက်ထားခြင်း၊ မုဒိမ်းကျင့်ခံရသော အမျိုးသမီးများ၏ လုံခြုံရေးနှင့်အသက်အန္တရာယ်များ ကြောင့် ဖြစ်စဉ်ကို ထုတ်ပြောနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒေသခံအမျိုးသမီးတွေက နံပါတ်တစ်က ရှက်တယ်။ ရွာတွေကလည်း ရွာတွေဖြစ်တော့ အဲဒီကိစ္စကို မဖွင့်ဟချင်ကြဘူး။ နောက်ပြီး အသက်အန္တရာယ်။ အခုတောင် ပြေးနေရတာဆိုတော့ တကယ်လို့များ ဒါကို ထုတ်ဖော်လိုက်ရင် စစ်ကြောင်းတွေ နောက်တစ်ခေါက်ပြန်ဝင်လာပြီး လိုက်ရှာသတ်ဖြတ်တာမျိုး အလုပ်ခံရမှာလည်း ကြောက်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်အကြား တင်းတောကျေးရွာတွင် စစ်တပ်က အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူကို ဖမ်းဆီးပြီး နေအိမ်တွင် ဇနီးဖြစ်သူနှင့်အရွယ်မရောက်သေးသည့် သမီးဖြစ်သူကို မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင်လည်း ကျူးလွန်ခံရသူများ၏ လုံခြုံရေးနှင့်အသက်အန္တရာယ်များအတွက် အသေးစိတ်အချက်အလက်များ ထုတ်ဖော်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

တီးတိန်တွင် မွေးကင်းစကလေး မိခင်ကို ခင်ပွန်းဖြစ်သူရှေ့တွင် စစ်သား ၃ ဦးက အကြိမ်ကြိမ် မုဒိမ်းကျင့်

၂၀၂၁ ခုနစ်၊ နိုဝင်ဘာ ၁၄ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အာလွယ်ကျေးရွာ (Aklui khua) နေ ၁ လ အရွယ်ကလေး မွေးကင်းစ ကလေးငယ် အပါအဝင် ကလေး ၃ ဦး၏ မိခင်ကို ခင်ပွန်းဖြစ်သူရှေ့တွင်ပင် စစ်ကောင်စီတပ်သား ၃ ဦးက နိုဝင်ဘာလ ၁၂ ရက်နေ့ညပိုင်းတွင် အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်များက တရားဝင် သတင်းထုတ်ပြန်ခဲ့ကြသည်။

ဓာတ်ပုံ- မုဒိမ်းစစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင် လင်မယား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article