25 C
Yangon

မင်းပြားတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသား ၁ ဦးသေဆုံးပြီး သံဃာ ၁ ပါး ဒဏ်ရာရ၊ ရမ်းဗြဲမြို့တွင်လည်း စစ်ကျန်ဗုံး ပေါက်ကွဲ၍ ကလေး ၃ ဦးနှင့် လူကြီး ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၇

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသား ၁ ဦးသေဆုံးပြီး သံဃာ ၁ ပါးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် စစ်ကောင်စီတိုက်လေယာဉ်က မင်းပြားမြို့ ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဥက္ကာပျံရပ်ကွက်၊ ဓမ္မဓိပက ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး တက္ကသိုလ်ဝင်တန်းကျောင်းသား အသက် ၂၀ အရွယ် မောင်ငြိမ်းထက်သူရအောင်စိုး နှင့် အသျှင်ပညာဝံသတို့ ဒဏ်ရာရရှိကြောင်း၊ ရရှိသောဒဏ်ရာ အလွန်ပြင်းထန်သဖြင့် မောင်ငြိမ်းထက်သူရအောင်စိုးမှာ သေဆုံးသွားခဲ့ပြီး ဆရာ တော် အသျှင်ပညာဝံသမှာမူ ဆေးဝါးကုသမှု ခံယူနေကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည် ရမ်းဗြဲမြို့တွင် စစ်ကျန်လက်နက် ဗုံးသီးပေါက်ကွဲ၍ အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မေလ ၁၆ ရက် နံနက် ၈ နာရီဝန်းကျင်က ရမ်းဗြဲမြို့ထဲ ညောင်ပင်လှရပ်ကွက်၌ ဗုံးကွဲခဲ့ခြင်းဖြစ်ပြီး စစ်ကျန် ဗုံးသီးအား အိမ်သို့ယူဆောင်လာစဉ် ပေါက်ကွဲသွားခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက ” ဗုံးသီးကို ကလေးတွေက အိမ်ကိုယူလာတော့ လူကြီးတွေက လွှင့်ပစ်ခိုင်းရာကနေ ပေါက်ကွဲပြီးဖြစ်တာ။ ကလေး ၃ ယောက်နဲ့ လူကြီး ၂ ယောက် ထိခိုက်ဒဏ်ရာရကြတယ်။ ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ အသက် ၃၆ နှစ်အရွယ် ဒေါ်နုဝင်းရီ၊ အသက် ၃၄ နှစ်အရွယ် ဒေါ်ဝင်းဝင်းရီ၊ အသက် ၁၄ နှစ်အရွယ် ကျော်ကျော်သိန်း၊ အသက် ၃ နှစ်အရွယ် မယဉ်ယဉ်နု၊ အသက် ၁ နှစ်ခွဲအရွယ် မခိုင်သဇင်ဖြိုးတို့ဖြစ်သည်။

ညောင်ပင်လှရပ်ကွက်အနီး ယာခင်းတစ်ခုက ရရှိသော စစ်ကျန်ဗုံးသီးကို ကျော်ကျော်သိန်းက အိမ်ယူလာစဉ် မိခင်ဖြစ်သူ ဒေါ်နုဝင်းရီက လွှင့်ပစ်ခိုင်းရာမှာ လွှင့်ပစ်လိုက်၍ ပေါက်ကွဲမှုဖြစ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ထဲက တစ်မြို့ဖြစ်ပြီး စစ်ကောင်စီဗုံးကြဲ၍ တစ်မြို့လုံးပျက်စီးသွားသော မြို့လည်းဖြစ်သည်။

ရခိုင်ပြည်တွင် အထူးသဖြင့် AA ထိန်းချုပ်ထားသော မြို့နယ်အားလုံးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးနောက် စစ်ကျန်လက်နက် အများအပြားရှိနေသေး၍ မိုင်းအပါအဝင် စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်အကြောင်းကို အသိပညာပေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ပေးရမည်ဟု ရခိုင်ပြည်အတွင်း မိုင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။

” ရခိုင်မှာ အထူးသဖြင့် တိုက်ပွဲဖြစ်ခဲ့တဲ့ မြို့တွေ၊ ကျေးရွာတွေ၊ ရပ်ကွက်တွေ၊ တောတောင်တွေမှာ စစ်ကျန်လက်နက်ပစ္စည်းတွေက အများကြီးရှိနေတယ်။ တွေ့တာ မြင်တာရှိမယ်။ မတွေ့အမြင်သေးတာတွေ ရှိမယ်။ ပြည်သူတွေအနေနဲ့ တော်တော်လေးကို သတိထားရမယ်။ အသိပညာပေးတာတွေက အများကြီးလုပ်ပေးရမယ်။ AA က လည်း လုပ်ပေးရမှာဖြစ်သလို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းတွေကလည်း AA ထိန်းချုပ်တဲ့ မြို့တွေအားလုံးမှာ အသိပေးလုပ်ငန်းတွေ လုပ်ပေးရမယ်။ မဖြစ်မနေကို လုပ်ပေးရမှာ။ စစ်ကျန်လက်နက်ပစ္စည်းအကြောင်းတွေ ပြည်သူတွေ မသိတာ တော်တော်လေးကို များနေသေးတာ။ လက်နက်ခဲယမ်း ဒါမှမဟုတ် စက်ပစ္စည်းလို့ ယူဆတယ်ဆိုရင် အဲဒီအရာကို ထိကို မထိသင့်တာ။ မြင်တာ၊ တွေ့တာရှိရင် အသက်ဆိုင်ရာအဖွဲ့တွေ၊ နားလည်တတ်သိတဲ့သူတွေကို ခေါ်ပြီး အသိပေးသင့်တယ်။ ” ဟု ပြောသည်။

ယမန်နေ့ ရမ်းဗြဲမြို့အတွင်း စစ်ကျန်ဗုံးသီး ပေါက်ကွဲခြင်းသည် ကလေးက မသိ၍ အိမ်သို့ယူဆောင်လာခဲ့သော်လည်း လူကြီးက ဗုံးသီးမှန်း သိလျှက်နှင့် လွှင့်ပစ်ခိုင်းခြင်းသည် စစ်ကျန်လက်နက်ပစ္စည်း အကြောင်းကို အသိပညာပေးလုပ်ငန်း တွင်တွင်ကျင်ကျင် လုပ်ရန် လိုအပ်နေသည်ကို ပြသနေခြင်းဖြစ်သည်။

ဧပြီလအတွင်းတွင်လည်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ဘူးသီးတောင်မှ ကလေးငယ် ၂ ဦးသေဆုံးပြီး မောင်တောမြို့နယ်မှ ကလေးငယ်အချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကာ ဧပြီလတစ်လတည်းတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူ ၉ ဦးအထိ ရှိခဲ့သည်။

ပုံစာ – ရမ်းဗြဲမြို့ ညောင်ပင်လှရပ်ကွက်တွင် ယမန်နေ့ စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ။

Photo-APM

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရမ်းဗြဲမြို့ ညောင်ပင်လှရပ်ကွက်တွင် ယမန်နေ့ စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article