28 C
Yangon

ရန်ကုန်တိုင်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာတို့တွင် ဗုံးများပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံ၊ မရမ်းကုန်းမြို့နယ်၊ တောင်ဥက္ကလာပအပါအဝင် မြို့နယ်များတွင် ဗုံးပေါက်ကွဲသံများကြားရပြီး ပစ်ခတ်သံများကြားရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် ရွှေပြည်သာမြို့နယ် ဒညင်းကုန်းရထားသံလမ်း အကျော်ရှိ စစ်သားစုဆောင်းရေးတပ် နောက် ပေါက်ဂိတ်ကို အဝေးထိန်းဗုံးတစ်လုံးနှင့် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများထွက်လာချိန် ဒုတိယတစ်လုံးနှင့်ဖောက်ခွဲတိုက်ခိုက်သော်လည်း နည်းပညာချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း Yangon UG Association (YUA) ၏ အဖွဲ့ဝင် God’s Hand Forces (GHF) မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Yangon UG Association ( YUA) ၏ ” ပြည်သူ့ကမ်းလက်များ စစ်ဆင်ရေး ” စစ်ရေးဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး တတိယမြောက်ဖော်ဆောင်မှုဖြစ်ကြောင်း သိရှိရသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်၊ ရာသက်ပန်မှတ်တိုင်အနီး၊ ခရေပင်လမ်းပေါ်တွင် ယနေ့ ည ၉ နာရီခွဲ အချိန် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဗုံးပေါက်တာပဲ။ ခွေးတွေ ထိပါစေ ဆုတောင်းတယ်။ တော်တော်ကိုကျယ်လောင်တဲ့ပေါက်ကွဲပဲ။ မင်္ဂလာဒုံနဲ့ ပုလဲမြို့သစ်ကတောင်တော်တော်ကျယ်ကျယ်ကြားရတာ။ မြေတောင်တုန်တယ် ကြားဖူးသမျှထဲအကျယ်ဆုံးပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တောင်ဥက္ကလာပ ၁၃ ရပ်ကွက်တွင် ယနေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ၁၃ ရပ်ကွက် ၊ အနော်မာလမ်းပေါ် ထ ၃ ကျောင်းရှေ့တွင် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

“သူတို့ တပ်စွဲတဲ့အနားမှာ ဗုံးတွေ့တာ။ အဲဒါ ဗုံးကိုသိမ်းပြီး စစ်တပ်က ညနေ ၅ နာရီခွဲလောက်မှာ ဖောက်ခွဲလိုက်တာ။ ဗုံးတွေ့တာက ညနေ ၄ နာရီခွဲမှာ တွေ့တာ။ ဗုံးတွေ့ကတည်းက လမ်းတွေ ပိတ်ထားတာ” ဟု တောင်ဥက္ကလာပဒေသခံတစ်ဦးက ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်တွင်လည်း ယနေ့ည ၁၀ နာရီဝန်းကျင်အချိန် သေနတ်ပစ်ခတ်သံ ၇ ချက် ကြားရကြောင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ညက တိတ်ဆိတ်နေတော့ တစ်ချက်ချင်း ပစ်တာ ၇ ချက်တိတိ ။ ဘာကို ပစ်တာလဲတော့မသိဘူး။ ပစ်သံက အတော်ကျယ်တယ်” ဟု မရမ်းကုန်းမြို့နယ်၊ ကျိုက်၀ိုင်းအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article