36 C
Yangon

ကြောက်စိတ်ကို အာဏာချုပ်ကိုင်ရေး လက်နက်အဖြစ် အသုံးပြုနေသော မြန်မာစစ်ကောင်စီ

Must read

အင်တာဗျူးကဏ္ဍ

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ဒီမိုကရေစီ အလားအလာများနှင့် စပ်လျဉ်း၍ CIVICUS က မြန်မာနိုင်ငံအခြေစိုက် အရပ်ဖက်လူမှုအဖွဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် ဆွေးနွေးမေးမြန်းထားခြင်း ဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်က ၎င်း၏လုံခြုံရေးအတွက် သူ၏အမည်ကို ဖော်ပြခြင်းမပြုရန် တောင်းဆိုခဲ့သည်။

မေး။ စစ်အာဏာသိမ်းပြီး အချိန်တစ်နှစ်ခွဲအကြာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဖရိုဖရဲ ဖြစ်နေတယ်။ ယိုင်နဲ့နဲ့ ဒီမိုကရေစီကူးပြောင်းမှု လုပ်ငန်းစဉ်ကို အာဏာသိမ်းမှုက ရပ်ဆိုင်းသွားစေခဲ့ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အစိုးရမဏ္ဍိုင်တွေအားလုံး အာဏာသိမ်း စစ်ကောင်စီလက်ထဲကို စုပြုံရောက်ရှိသွားပြီး အခြေခံအခွင့်အရေးတွေ ရုပ်သိမ်းခံလိုက်ရပါတယ်။

အဆင့်အသီးသီးမှာ တရားဥပဒေစိုးမိုးမှု သိသိသာသာကျဆင်းသွားတယ်။ စီးပွားရေးကဏ္ဍမှာဆိုရင် စစ်ကောင်စီရဲ့ ရှေ့နောက်မညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဆုံးဖြတ်ချက် မချတတ်အောင် ဖြစ်နေရတယ်။

မြန်မာနိုင်ငံကနေ စွန့်ခွာသွားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ များပြားလာနေပြီး ဆက်သွယ်ရေးကဏ္ဍဆိုရင် စစ်ကောင်စီရဲ့ လက်ကိုင်ဒုတ်ခရိုနီတွေ လက်ထဲကို လုံးဝရောက်ရှိသွားတယ်။ စစ်ကောင်စီရဲ့ စီးပွားရေး စီမံဆောင်ရွက်နိုင်စွမ်းကို မေးခွန်းထုတ်စရာဖြစ်နေပြီး ငွေကြေးဖောင်းပွမှုကြောင့် အခြေခံကုန် ပစ္စည်းဈေးနှုန်းတွေလည်း မြင့်တက်နေတာ တွေ့ရပါတယ်။

တရားဥပဒေစိုးမိုးရေး ယိုယွင်းလာမှုကြောင့် ပြည်သူတွေရဲ့ နိစ္စဓူဝ နေထိုင်မှုဘဝနဲ့ အသက်မွေးမှုတွေအပေါ် အန္တရာယ်ကျရောက်နေတယ်။ ဖိနှိပ်မှုနဲ့ အခြေခံလူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကြောင့် လူတိုင်းဘေးကင်းလုံခြုံမှု မရှိသလို ခံစားနေရပြီး ကြောက်စိတ်တွေ ကြီးထွားလာနေတယ်။

စစ်ကောင်စီက ကြောက်စိတ်ကို အာဏာချုပ်ကိုင်ရေး လက်နက်အဖြစ် အသုံးချလျက်ရှိပါတယ်။ တစ်ချိန်က အေးအေးချမ်းချမ်းရှိခဲ့ဖူးတဲ့ မြန်မာပြည်အလယ်ပိုင်းက ကျေးရွာတွေဟာ ပဋိပက္ခဒေသတွေဖြစ်လာပြီး သောင်းနဲ့ချီတဲ့လူတွေရဲ့ အိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ကြပါတယ်။

မေး။ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ် အာဏာသိမ်းမှုကြောင့် ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲ။

ဖြေ။ အာဏာသိမ်းမှုအလွန် အခင်းအကျင်းက စိန်ခေါ်မှုအလွန်ကြီးမားတယ်။ စစ်အာဏာရှင်စနစ်ကို ကျော်ဖြတ်ရှင်သန်ခဲ့အပြီး နုနယ်သေးတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ တဖြည်းဖြည်းစုစည်းမိလာကာ ဘုံရည်မှန်းချက်တွေအတွက် စတင်ကြိုးပမ်းအားထုတ်လာကြသမို့ ၂၀၀၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေကတည်းက တစ်စတစ်စ ကြီးထွားတိုးတက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို ဒီအာဏာသိမ်းမှုက နောက်ပြန်ဆုတ် သွားစေခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့အဖွဲ့အစည်းကို အစောပိုင်း မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလမှာ စတင်ဖွဲ့စည်းခဲ့တယ်။ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ အကန့်အသတ်ရှိသလို အရပ်ဖက်အဖွဲ့အစည်းတွေအတွက် လှုပ်သာရှားသာရှိမှုဟာလည်း အကန့်အသတ်ရှိနေတဲ့အချိန်ပေါ့။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ အရပ်ဖက် တက်ကြွလှုပ်ရှားသူတွေကို စုစည်းပေးနိုင်မယ့်နေရာတစ်ခု ဖန်တီးပြီး သူတို့ကိုထောက်ပံ့ကူညီဖို့ ဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကြာအောင် လုပ်ငန်းတွေဆောင်ရွက်ခဲ့အပြီးမှာ မြန်မာနိုင်ငံက အရပ်ဖက်လှုပ်ရှားမှုကို အားပေးမြှင့်တင်ဖို့ဆိုကာ ပိုမိုကျယ်ပြန့်တဲ့ ရည်မှန်းချက်ကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးခဲ့တယ်။ သင့်တော်မှန်ကန်တဲ့ လူထုပရိတ်သတ်တွေဆီကို လက်လှမ်းမှီရောက်ရှိပြီး အရပ်ဖက်လှုပ်ရှားမှုဆိုင်ရာ အချက်အလက်တွေကို နိုင်ငံသားတွေသိရှိဖို့၊ ပါဝင်ဆောင်ရွက်လာဖို့နဲ့ ချိတ်ဆက်ပူးပေါင်းနိုင်ဖို့ ကျွန်တော်တို့ ခေတ်မီနည်းပညာကို အသုံးပြုလျက် ရှိပါတယ်။

လက်ရှိအချိန်မှာ ကျွန်တော်တို့လုပ်ငန်းတွေအပေါ် အလွန်အမင်း ကန့်သတ်ခံနေရတယ်။ အဖွဲ့အစည်းအနည်းငယ်က သူတို့ရုံးတွေကို နယ်စပ်ဒေသ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေဆီ ပြောင်းရွှေ့ကုန်ကြပေမဲ့ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံထဲမှာပဲ ဆက်လက်လုပ်ကိုင်နေပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုရင် လုံခြုံရေးအရ အန္တရာယ်ရှိနိုင်တာကြောင့် တခြားတက်ကြွလှုပ်ရှားတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အများအပြားနည်းတူ သိုသိုသိပ်သိပ် လုပ်ကိုင်တဲ့နည်းလမ်းကို ကျွန်တော်တို့ပြောင်းလဲကျင့်သုံးခဲ့တယ်။ စိန်ခေါ်မှုတွေကိုနားလည်ပြီး ဖြစ်နိုင်ချေရှိသမျှ ထွက်ပေါက်တွေ ရှာတွေ့နိုင်မယ့် နည်းဗျူဟာကျကျ တုံ့ပြန်မှုအတွက် သုတေသနတစ်ခုကိုလည်း ကျွန်တော်တို့ဆောင်ရွက်နေပါတယ်။

မြန်မာပြည်တွင်းက အရပ်ဖက်အဖွဲ့ တက်ကြွလှုပ်ရှားသူအချို့အတွက် ဖိနှိပ်တဲ့အစိုးရ လက်အောက်မှာ နေထိုင်ရတဲ့ဘဝဟာ အတွေ့အကြုံ အသစ်အဆန်းတော့ မဟုတ်ပါဘူး။၂၀၁၀ ပြည့်လွန် မတိုင်မီကလည်း ယနေ့ခေတ်နဲ့အလားတူ အခြေအနေမျိုးမှာ လုပ်ငန်းတွေ သူတို့လည်ပတ် လုပ်ကိုင်ခဲ့ဖူးတယ်။ ကိုယ့်ရပ်ရွာလူထုကို အလုပ်အကျွေးပြုနိုင်ဖို့ သူတို့ဟာ အန္တရာယ်အများအပြားကို ဆက်လက် စွန့်စားလုပ်ကိုင်နေကြတယ်။ တချို့အဖွဲ့အစည်းတွေဆိုရင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီကို ပဋိပက္ခဒေသတွေနဲ့ ထိခိုက်နိုင်ချေများတဲ့ လူ့အသိုင်းအဝန်းတွေဆီ အောင်အောင်မြင်မြင် ချိတ်ဆက်ပေးပို့နိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။

မေး။ ဒီမိုကရေစီလိုလားတဲ့အုပ်စုတွေက ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်နေကြပြီး ဘယ်လို အနှောင့်အယှက်တွေ သူတို့ရင်ဆိုင်နေကြရသလဲ။

ဖြေ။ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပါ။ ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေဟာ ရွေးကောက်ခံအစိုးရတစ်ခုဆီ အာဏာပြန်လွှဲနိုင်ရေး အသည်းအသန် ကြိုးပမ်းနေကြတယ်။ ကြားဖြတ်အစီအစဉ်တွေ၊ ဖက်ဒရယ်စနစ်အတွက် ချုပ်ဆိုမယ့် နိုင်ငံရေးစာချုပ်တွေနဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေစတဲ့ အကြောင်းအရာတွေကို သူတို့ဆွေးနွေးလျက် ရှိပါတယ်။ မြေပြင်မှာတော့ စစ်ကောင်စီရဲ့ဖိနှိပ်မှုကို ခံစားနေရတဲ့ ပြည်သူတွေကို ခုခံကာကွယ်ရင်း လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို အားပေးမြှင့်တင် ဆောင်ရွက်နေပါတယ်။

ပြည်သူလူထုအနေနဲ့ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ သူတို့ရဲ့ ဒီမိုကရေစီ လိုလားတဲ့ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သလို ယခုအခါမှာလည်း ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေကို နည်းမျိုးစုံနဲ့ အားပေးထောက်ခံ ကူညီနေကြတယ်။ ဥပမာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေမှာ ပါဝင်ခြင်း၊ အခွန်မပေးရေး၊ စစ်တပ်ရဲ့ထုတ်ကုန်နဲ့ ကုန်အမှတ်တံဆိပ်တွေကို သပိတ်မှောက်ရေး၊ စစ်ကောင်စီနဲ့ သူတို့ရဲ့မိသားစုဝင်၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဆွေမျိုးတွေအကြောင်း သတင်းအချက်အလက်တွေ ရှာဖွေဖော်ထုတ်ပေးတာမျိုး အပါအဝင် “လူမှုရေး ပြစ်ဒဏ်” လို့ခေါ်တဲ့ လှုပ်ရှားမှုစတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခြင်းတို့ ဖြစ်ပါ တယ်။

ပဋိပက္ခဒေသက ပြည်သူတွေရဲ့လုံခြုံရေးအတွက်နဲ့ အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့အတွက် ပြည်တွင်းက မြန်မာတွေရော ပြည်ပအခြေစိုက် မြန်မာတွေကပါ ငွေကြေးထောက်ပံ့ ကူညီနေကြပါတယ်။

ဒီမိုကရေစီအရေး ဆန္ဒပြပွဲတွေရဲ့ အဓိကရည်ရွယ်ချက်က အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအကြောင်း နားလည်သဘောပေါက်မှုတွေ ရေရှည်တည်တံ့ဖို့၊ အားပေးကူညီဖို့နဲ့ စစ်ကောင်စီရဲ့ အဖိနှိပ်ခံတွေဖြစ်မယ့်အစား ဒီမိုကရေစီအရေး တစ်ခုခုတုံ့ပြန်ဆောင်ရွက်ပြီး သံန္နိဋ္ဌာန်ချမှတ်ထားမှုကို ပြသနိုင်ဖို့ တို့ဖြစ်ပါတယ်။

အစောပိုင်းကာလဆန္ဒပြပွဲတွေမှာ လူငယ်၊ကျောင်းသား၊ အရပ်ဖက်အဖွဲ့အစည်းဝင်တွေနဲ့ နိုင်ငံရေးပါတီဝင်များ၊ အစိုးရဝန်ထမ်းတွေနဲ့ ထင်ရှားကျော်ကြားသူတွေ အပါအဝင် လူတန်းစားအလွှာပေါင်းစုံက ပြည်သူတွေပါဝင်ခဲ့တယ်။ စစ်ကောင်စီက လူသေစေနိုင်လောက်တဲ့ အင်အားအသုံးပြုမှုတွေ ရှိလာသလို အတင်းအကြပ် ဖမ်းဆီးမှုတွေ၊ အကြမ်းဖက်မှုတွေ ကျူးလွန်လာသည့်တိုင်အောင်ပင် ဒီဆန္ဒပြသူတွေဟာ ကျေးလက်ဒေသအချို့မှာ နေ့စဉ်ရက်ဆက်ဆိုသလို ဆက်လက်ဆန္ဒပြနေခဲ့ပြီး မြို့ပြဒေသတွေမှာ ကြီးမားတဲ့ လူအုပ်ကြီးတွေအထိ မကြာခဏ စုစည်းလှုပ်ရှားနိုင်ခဲ့ကြတယ်။

ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေကို ရှင်းလင်းဖယ်ရှားပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုရရှိဖို့ စစ်ကောင်စီက ဆက်လက်ကြိုးပမ်းနေတယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိဖို့ အတော်ခက်ခဲကြောင်း သူတို့သိလာတော့ ပြည်တွင်းအုပ်စုတွေ ဖယ်ရှားရှင်းလင်းရေးကို ပိုပြီးအာရုံစိုက်လာတယ်။ “ဖြတ်လေးဖြတ်” လို့ ခေါ်တဲ့နည်းလမ်းကို သူတို့ကျင့်သုံးတယ်။ ဖြတ်လေးဖြတ်ဆိုတာ ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေ အတွက် ငွေကြေး၊ ရိက္ခာ၊ သတင်းနဲ့ တပ်သားသစ် စုဆောင်းမှုတွေကို စစ်ကောင်စီက ဖြတ်တောက်ဖို့ ကြိုးစားခြင်းပါ။

ဒီမိုကရေစီအဖွဲ့တွေကို ထောက်ပံ့ကူညီနေတယ်လို့ သူတို့သံသယရှိတဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးပြီး ငွေကြေးလွှဲပြောင်းမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတယ်။ လမ်းဆုံလမ်းခွတိုင်းမှာ ရဲတပ်ဖွဲ့နှင့် စစ်သားတွေ ဖြန့်ကျက်ချထားပြီး စစ်တပ်ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးကာ သတင်းပေးတွေကို လေ့ကျင့်သင်ကြားပေးနေတယ်။

စစ်တပ်ရဲ့ ဝါဒဖြန့်မှုတွေနဲ့ ဆန့်ကျင်ဘက်အခြေအနေကို တန်ပြန်ရေးသားနိုင်တဲ့ သတင်းဌာနနဲ့ ထုတ်ဝေမှုအများအပြားကို စစ်ကောင်စီက ပိတ်ပစ်ခဲ့ပြီး ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေကို လက်ခံထားတယ်လို့ ယုံကြည်ရတဲ့ကျေးရွာတွေကို သူတို့မီးရှို့ဖျက်ဆီးကြတယ်။

မေး။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို မကြာသေးမီက သေဒဏ်ပေးကွပ်မျက်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ဇူလိုင်လကုန်ပိုင်းမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့တယ်။ ဒါဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံမှာ သေဒဏ်ကို ပထမဆုံးအကြိမ် အတည်ပြု ပြဋ္ဌာန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလုပ်ရပ်ကိုကြည့်ပြီး စစ်ကောင်စီဟာ နောက်ပြန်လှည့်ဖို့ မရှိဘူးလို့ အဓိပ္ပာယ်ထွက်တယ်။ လူထုကို ထိတ်လန့်တုန်လှုပ် အစွမ်းမဲ့သွားစေဖို့နဲ့ စစ်တပ်အမာခံထောက်ခံသူတွေကို နှစ်သိမ့်ပေးဖို့ သတင်းစကားပါးလိုခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရလဒ်က ပြောင်းပြန်သက်ရောက်မှု ရှိလာတယ်။ ဒီမိုကရေစီအဖွဲ့တွေအကြား ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ဒီဖြစ်ရပ်က ပိုမိုအားကောင်းစေခဲ့ပါတယ်။

ဒီကွပ်မျက်မှုတွေအရ စစ်ကောင်စီဟာ နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာက သိရှိနားလည်နိုင်တယ်။ လက်တွေ့မှာလည်း စစ်ကောင်စီဟာ သံခင်းတမန်ခင်းအတွက် ဓားစာခံအဖြစ် ဖမ်းဆီးတဲ့နည်းလမ်းကိုကျင့်သုံးပြီး မာန်တဝင့်ဝင့်၊ ဟန်ရေးတပြပြ ဆက်လက်လုပ်ဆောင်နေတယ်။ မကြာသေးမီက အဖမ်းခံလိုက်ရတဲ့ ဗြိတိသျှသံအမတ်ကြီးဟောင်း ဆိုရင် ဒီဓားစာခံ သံခင်းတမန်ခင်းရဲ့ သားကောင်တစ်ဦးဖြစ်ခဲ့ပါတယ်။

သူတို့ အာဏာဆုံးရှုံးတဲ့အခါ တရားစီရင်မှုကို သူတို့ရင်ဆိုင်ရမှာပါ။ ဘယ်လိုကြားကာလမှာမဆို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ၊ စစ်ရာဝတ်မှုတွေအတွက် ကျူးလွန်ခဲ့သူ ဘယ်သူပဲဖြစ်ဖြစ်၊ သူတို့ကို ပြည်တွင်းနဲ့ နိုင်ငံတကာတရားရုံးတွေမှာ တာဝန်ယူမှုရှိစေမယ့် အကူးအပြောင်းကာလတရား စီရင်မှုအစီအစဉ်တွေကို ထည့်သွင်းစဉ်းစားရလိမ့်မယ်။ သူတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ နောက်ထပ် မခံစားစေရပါဘူး။

မေး။ မြန်မာ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုကူညီနိုင်မလဲ။

ဖြေ။ မြန်မာနိုင်ငံဟာ အလေးထားဂရုစိုက်မှုနဲ့ လက်တွေ့ကျကျ ပေါင်းစပ်ညှိနှိုင်းမှုတွေ လိုအပ်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ရမှာ ဖြစ်သလို အစီအစဉ်တွေ ချမှတ်ကာ မြန်ဆန်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်ရမှာလည်း ဖြစ်ပါတယ်။

ပြည်တွင်းက စိုးရိမ်မှုနဲ့အသံတွေကို အလေးပေးဂရုစိုက်ပြီး ထိရောက်တဲ့ နိုင်ငံတကာ အကူအညီ တွေ ပေးအပ်မယ်ဆိုရင် လူတွေရဲ့မျှော်လင့်ချက်ကို ပိုမိုရှင်သန်စေကာ သူတို့ရဲ့ကြံ့ကြံ့ခံနိုင်မှုကိုလည်း ထိန်းသိမ်းထားနိုင်မှာပါ။

ယခုလောလောဆယ် စစ်ကောင်စီဟာ သူတို့ရဲ့တရားဝင်မှုကို ပိုမိုအားကောင်းစေဖို့ အငြင်းပွားစရာ ရွေးကောက်ပွဲတစ်ခုကို ကျင်းပဖို့ကြိုးပမ်းနေတယ်။ သူတို့ရဲ့သံလက်သီးအောက်က ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်ပါဘူး။

ဒီလိုရွေးကောက်ပွဲမျိုးကို လှည့်စားဖို့ နည်းလမ်းအဖြစ် စစ်တပ်က ဆယ်စုနှစ်များစွာ အသုံးပြုခဲ့ဖူးပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သူတို့လှည့်ကွက်အတွင်း သက်ဆင်းကာ ရွေးကောက်ပွဲကို အသိအမှတ်မပြုမိအောင် လိမ်မာပါးနပ်ဖို့ လိုအပ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် ထောက်ခံခြင်းက အကြပ်အတည်းကို ပိုမိုသက်ဆိုးရှည်စေဖို့သာ ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်သူတွေရဲ့အသံကို ကျေးဇူးပြု၍ နားစွင့်ပြီး အဲဒီအသံတွေကို ပိုကျယ်အောင် လုပ်ပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တောင်းဆိုလိုပါတယ်။

(CIVICUS ၏ အင်တာဗျူးကဏ္ဍတွင် ဖော်ပြထားသော “The ruling military junta uses fear as a domination tool” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article