30 C
Yangon

အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော

Must read

အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော

■ ပြည်ပအလုပ်ခေါ်စာခွင့်ပြုချက်ရရှိထားပြီးသူ ၁၀၀၀ ကျော်ရှိပြီး ပြည်ပ အလုပ်ထွက်လုပ်ရန်စီစဉ်နေသူ လူငယ်သောင်းချီ ပိတ်မိ

ရန်ကုန်၊ မေ ၂

မြန်မာနိုင်ငံမှ အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိသေးဟု အလုပ်သမားဝန်ကြီးဌာနက အကြောင်းပြန်ကြားလာကြောင်း ရွှေမြန်မာ့ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အမျိုးသားတွေနဲ့ပတ်သက်တဲ့ ပြည်ပ အလုပ်ခေါ်စာ Demand တွေ တင်မရတော့ဘူး။ ဘယ်တော့ ပြန်ခွင့်ပြုမလဲဆိုတာလည်း မသိဘူးလို့ အလုပ်သမားဝန်ကြီးဌာနဘက်က​ ပြောတယ်။ ရှေ့မှာ Demand အလုပ်ခေါ်စာ ကျထားပြီးသားကလည်း ၁၀၀၀ ကျော်ရှိတယ်။ ဒါက ကျနော်တို့ သိတာပဲရှိသေးတာ။ ကျနော်တို့မသိတဲ့ အလုပ်ခေါ်စာတွေဆိုရင်လည်း ထောင်ချီရှိနိုင်တယ်။ အခုက မလေးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ UAE ထွက်ဖို့ လုပ်နေတဲ့ လူငယ်တွေက ထောင်သောင်းချီရှိတယ်။ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား စာ မေးပွဲဖြေဖို့ လျှောက်လွှာ တင်ထားတာ လူငယ် ၁ သိန်းကျော်ပါတယ်။ လူငယ်တွေ အကုန်လုံးပိတ်မိသွားပြီလို့ ပြောလို့ရတယ်” ဟု ရွှေမြန်မာ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရှင်းပြသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာများ မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားမှုကို တရားဝင် အမိန့်ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်အားဖြင့်သာ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အသိပေးကြောင်း၊ လက်ရှိတွင် ဧပြီလ ၃၀ ရက်နေ့အထိ အလုပ်ခေါ်စာများကိုသာ စစ်ကောင်စီက ခွင့်ပြုချက် ချထားပေးနေကြောင်း သိရှိရသည်။

“အကြောင်းကြားစာတို့၊ ရုံးစာအနေနဲ့တို့ကတော့ အလုပ်သမားဝန်ကြီးဌာန Page တို့ Telegram Channel တို့တွေ ကနေ စောင့်ကြည့်ရတာ။လက်ရှိအချိန်တော့ ထွက်ခွင့် ပိတ်တာအပေါ် တရားဝင်စာတော့ ထုတ်ပေးတာ မရှိသေးဘူး။ သတင်းတွေကတော့ အဲလိုမျိုးထွက်တာတော့ ရှိတယ်။ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးလို့ စောင့်ကြည့်နေတယ်။” ဟု Global F.O.R Co, Ltd ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြော ကြာားသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ကလည်း အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများ ပြည်ပအလုပ်အကိုင်ပိတ်သိမ်းမှုအပေါ် နှုတ်မိန့်ဖြင့် နီးစပ်ရာ အသိပေးလာကြောင်း ပြောဆိုသည်။

“ကျနော်တို့ဆီတော့ တိကျသေချာတဲ့ အကြောင်းကြားမှု မရောက်သေးပါဘူး။ ကျနော်တို့လည်း ကြားတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီကို သေချာတဲ့ ညွှန်ကြားချက်မျိုး မရသေးပါဘူး။ ကုမ္ပဏီကတော့ ပုံမှန်အတိုင်းပဲ ဆက်လက်လုပ်ကိုင်လည်ပတ်နေတုန်းပဲ။” ဟု Yumeyuki ပြည်ပအလုပ် အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းကြောင်း ကြေညာပြီးနောက် ယနေ့အထိ ၃ လနီးပါး ကာလအတွင်း ပြည်တွင်းမှ အမျိုးသား ၈ သောင်းကျော် ပြည်ပအလုပ်ထွက်လုပ်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ အလုပ်ခေါ်စာများ တင်ပြလာခြင်းများရှိကြောင်း စစ်ကောင်စီ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရှိရသည်။

ဓာတ်ပုံ- မတ်လအတွင်း ပြည်ပထွက်သူများဖြင့် စုပြုံတိုးနေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article