38 C
Yangon

လေယာဉ်ပစ်လက်နက်တချို့ရှိနေပြီဖြစ်သော်လည်း နေရာတိုင်းတွင် မရှိသေးဟု NUG ဝန်ကြီးများအတည်ပြု၊ စစ်ကောင်စီတပ်မှ ပိုင်းလော့များကို အရေးယူမည်ဖြစ်၍ ရှောင်လွှဲမရဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

တော်လှန်ရေးနယ်မြေ နေရာတချို့တွင် လေယာဉ်ပစ်လက်နက်များ အသင့်ရှိနေပြီဖြစ်သော်လည်း နေရာတိုင်းတွင် မရှိသေးကြောင်း NUG ဝန်ကြီးများအတည်ပြုကြေညာလိုက်ပြီး စစ်ကောင်စီတပ်မှ ပိုင်းလော့များကို အရေးယူမည်ဖြစ်၍ အရေးယူမှုကို ရှောင်လွှဲမရနိုင်ကြောင်း ပြောဆိုထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲ ဖြစ်ပွားရာ နေရာများသာမက အရပ်သားပြည်သူများကိုပါ လေကြောင်းမှ တစ်ဆင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များကို ပစ်ခတ်ရန် လေယာဉ်ပစ်လက်နက်တချို့ ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ “ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း” သတင်းစာရှင်းလင်းပွဲတွင် NUG ဝန်ကြီးများက အတည်ပြု ပြောကြားသည်။

“လေကြောင်းရန်ဆိုတာ။ သူတို့က တစ်ခုခုဆို အဆုံးစွန် အကြမ်းဖက်မှုတွေ လုပ်နေတာ ။ သူတို့ ပြည်သူတွေကို ဗုံးသွားသွားကျဲတယ်။ စက်သေနတ်တွေနဲ့ သွားပစ်တယ်။ အခု ကျွန်တော်တို့ အစိုးရဟာ ပြည်သူ့အစိုးရ ။ ပြည်သူတွေကို ကာကွယ်ဖို့ ဝတ္တရားရှိတယ်။ ဘက်ပေါင်းစုံက ကြိုးစားနေတယ်။ ဆိုတော့ လေကြောင်းရန် ကာကွယ်ရေး စနစ်တစ်ခု ကျွန်တော်တို့ ချမှတ်ဆောင်ရွက်နေတယ်။ လေယာဉ်ပစ်လက်နက်ကြီး တရားဝင်ဝယ်ဖို့ဆိုတာ ကမ္ဘာမှာ အားလုံး သိတဲ့ အတိုင်း။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရဟတ်ယာဉ်လိုဟာမျိုးကို ပစ်ချနိုင်တဲ့ဟာမျိုး မရှိဘူးလား မေးလာရင် ကျွန်တော်တို့မှာ ထိုက်သင့်တဲ့ လက်နက်ကိရိယာ။ တချို့နေရာတွေမှာ စတင်ပြီးတော့ ပြင်ဆင် ထားတာရှိတယ်။ ပြည်သူတွေကို ကာကွယ်ဖို့ ဒီ ကာကွယ်ရေး ပေါင်းစုံက လုပ်သွားမယ်။ သူတို့က ဒီလေကြောင်းမှာ အရမ်းအားထားတယ်။ ဘာလို့ဆို သူတို့ ရှုံးနေပြီ။ လေကြောင်း ဘာလို့ ပိုပိုသုံးလာလဲဆို ကုန်းကြောင်းမှာ မလုပ်နိုင်တဲ့အတွက် ။ ကျွန်တော်တို့ အစိုးရအဖွဲ့က ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုကို ချိန်ဆပြီး လုပ်နေတယ်။ ကျွန်တော်တို့ မြို့ရွာတွေ ခုခံတော်လှန်စစ်လုပ်တဲ့အခါ အခုချိန်မှာ ကျွန်တော်တို့ မြို့နယ် ခရိုင် အဆင့်တွေကို သိမ်းပိုက်မယ်ဆိုရင် သိမ်းပိုက်နိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ အခုလို လေကြောင်းရန်ရှိနေတော့ ပြည်သူတွေအတွက် နစ်နာစရာတွေ ဆုံးရှုံးစရာတွေ တွက်ဆပြီးတော့ အချိန်အတိုင်းအတာတစ်ခုအထိ တွက်ဆနေတာ ရှိတယ်။ အဲဒါလေးလည်း ထည့်သွင်းပြောကြားချင်တာ ရှိပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့အတွက်က ကျွန်တော်တို့ရဲ့ ထိပ်ဆုံးက ရှိတဲ့ Priority ဆိုတာ ထည့်သွင်းပြောကြားချင်ပါတယ်” ဟု NUG သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူများကို လေကြောင်းရန်မူနေမှုများကို မှတ်တမ်းများ ပြုစုနေပြီး၊ ပြည်သူများကို ဗုံးကျဲ တိုက်ခိုက်နေသည့် ပိုင်းလော့ များသည်လည်း လူထုကို မျက်နှာမူရန်နှင့် ထိုသို့ မဟုတ်ပါက ဖက်ဒရယ် အစိုးရ ဖြစ်လာချိန်တွင် တရားစီရင်သည့်အခါတွင် အထက်လူကြီး ခိုင်း၍ဟူသည့် အကြောင်းပြချက်နှင့် ရှောင်လွှဲ၍ ရမည် မဟုတ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားသည်။

“ ကျွန်တော်တို့ဆီမှာ ဒီ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းရှိသလားဆို ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ဘယ်နေရာတွေမှာရှိလဲဆိုတော့ နေရာတိုင်းမှာတော့ မရှိဘူး။ တချို့နေရာတွေ ရှိတယ်။ ရှိလို့ အဲဒီနေရာနဲ့ လာတိုးရင်တော့ ကျွန်တော်တို့ကတော့ ပစ်ချမှာပဲ ။ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ ဒီလိုမျိုး လူထုကို လာပြီးတော့ လေကြောင်းကနေ ဒုက္ခပေးနေတယ်။ လေကြောင်းကနေ လူထုကို လာသတ်နေတာကို ဒီလိုမျိုး လုပ်တာဟာ လူထုကို ကာကွယ်ပေးဖို့ဆိုတာ တိတိကျကျနားလည်ပေးဖို့ လိုတယ်။ ထို့အတူပဲ အဲဒီလိုမျိုး လာပြီးတော့ လုပ်နေတဲ့ လူတွေသည် သူတို့ တရားစီရင်ရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ကျွန်တော်တို့ဆီမှာ မှတ်တမ်းတွေ ရှိလာမယ်။ မှတ်တမ်းတွေလည်း လုပ်ထားတာရှိတယ်။ အခုလက်ရှိ ဖြစ်သွားတဲ့ အနေအထားမှာ ကိစ္စတွေမှာ မှတ်တမ်းတွေ ရယူထားတာရှိတယ်။ ဒီဟာက ရှေ့ဖြစ်လာမယ့် ဒီမိုကရေစီ အစိုးရ ဖက်ဒရယ်အစိုးရကလည်း ဆက်ပြီးတော့ လိုက်နာမှာ ဖြစ်တယ်။ အဲဒီတော့ ဒါဟာ ဘယ်လိုမှ ရှောင်ပြေးလို့ လွတ်မယ့် အရာမျိုး မဟုတ်ဘူး။ ထို့အတူပဲ နိုင်ငံတကာကလည်း လက်ရှိပြောလာပါပြီ။ အဲဒီတော့ တစ်ခုထဲ ဒီမှာ ကြုံတုန်းပြောလိုက်ချင်တာက အဲဒီ Fighter Jet ကို မောင်းနှင်နေတဲ့ Pilot တွေ ပြီးလို့ရှိရင် Helicopter ကို မောင်းနှင်နေတဲ့ Pilot တွေ လူထုကို မျက်နှာမူပါ။ လူထုကို မျက်နှာ မမူဘဲနဲ့ အဲဒီ Justice လုပ်တဲ့အချိန်ကျမှ ကျွန်တော်တို့က ကျွန်တော်တို့ အထက်က ခိုင်းလို့ပါ ဆိုပြီးတော့ အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ ဘုရင်မင်းမြတ် ၊ လေးပစ်သူဟာ ကျွန်တော်ပါ ဆိုပြီးတော့ ရှောင်လွှဲလိုတော့ မရဘူးလို့ ဒီကနေ တစ်ခါထဲ ပြောလိုက်မယ်။ အဲဒါလေးကိုတော့ သတိထားစေချင်ပါတယ် “ ဟု NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝင်ကြီး ဦးထင်လင်းအောင်က ထပ်လောင်း အတည်ပြုပြောဆိုသည်။

NUG ဘက်က လေယာဉ်ပစ်လက်နက်တချို့ ရရှိထားပြီဟု ပြောဆိုသော်လည်း မည်သည့် လက်နက်ဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။ သို့ရာတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တချို့ထံတွင် FN-6 ဟု ခေါ်သော တရုတ်လုပ် လေယာဉ်ပစ် လက်နက်များ ရှိထားပြီဖြစ်ကြောင်း စစ်ရေးသတင်းရပ်ကွက်တချို့ကဆိုသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ တွင် ရှမ်းပြည်နယ်၊ နမ့်စန်တွင် TNLA လက်နက်များကို စစ်တပ်က ဖမ်းဆီးရမိခဲ့ပြီး ယင်းဖမ်းဆီးရမိမှုတွင် တရုတ်လုပ် လေယာဉ်ပစ် FN-6 ဒုံးလက်နက်ပါပါဝင်ခဲ့ကြောင်း စစ်တပ်က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- တရုတ်နိုင်ငံလုပ် လေယာဉ်ပစ်လက်နက် FN-6 ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article