33 C
Yangon

မြန်မာစစ်တပ်အပေါ် ဆင်နွှဲရမည့် NUG ၏ စီးပွားရေးစစ်ပွဲ (နောက်ဆုံးအပိုင်း)

Must read

By Zachary Abuza

စစ်တပ်၏ ထောက်ပို့ဗဟိုချက်များကို တိုက်ခိုက်ခြင်း

၁၉ လနီးပါးကြာမြင့်လာသည့်ပဋိပက္ခကြောင့် စစ်တပ်သည် မိမိအင်အားကို အလွန်အမင်းကျယ်ပြန့်စွာ ဖြန့်ကျက်ချထားလာရပြီး ထောက်ပံ့ရေး လမ်းကြောင်းများအတွက် အန္တရာယ်ကြီးမားလာခဲ့သည်။ အချို့ ဖြစ်ရပ်များတွင် ချင်းပြည်နယ်တောင်ပေါ်လမ်းများကဲ့သို့ ဝေးလံခေါင်ဖျား ဒေသများ၌ စစ်ယာဉ်တန်းများကို PDF များက တိုက်ခိုက်ချေမှုန်းပစ်နိုင်ခဲ့ပြီး၊ မြစ်ကြောင်း ပို့ဆောင်ရေးကွန်ရက်များကိုလည်း တိုက်ခိုက်မှုများ တိုးမြှင့်လာခဲ့သည်။

သို့သော် အားလုံးကိုခြုံကြည့်လျှင် စစ်ကောင်စီ၏ စစ်ရေးထောက်ပို့နှင့် လူအင်အား၊ လက်နက်အင်အား ရေရှည်ဖြည့်တင်းနိုင်စွမ်းအပေါ် လုံလောက်အောင် ပစ်မှတ်ထားတိုက်ခိုက်နိုင်ခြင်း မရှိသေးပေ။ ယခုအခါ PDF များသည် စစ်တပ်၏ လက်နက်၊ ခဲယမ်း၊ လက်နက်ပစ္စည်း အဆောက်အအုံများကို တိုက်ခိုက်ရန် လူအင်အား၊ လက်နက်အင်အား အလုံအလောက်ရှိသည်အထိ အင်အားကောင်းလာသည်။

အဆိုပါ စစ်တပ်အဆောက်အအုံအများစုကို နယ်ခံအထိုင် ကာကွယ်ရေးတပ်များက စောင့်ရှောက်လျက်ရှိပြီး ယင်းအဖွဲ့များသည် ၎င်းတို့ထက် လက်နက်ပိုကောင်းပြီး ပိုမိုစိတ်အားတက်ကြွနေသော PDF အဖွဲ့များကို တိုက်ခိုက်ရန် တစ်စထက်တစ်စ လိုလားမှုမရှိဘဲ ဖြစ်လာကြသည်။

စစ်တပ်၏ လက်နက်ထုတ်လုပ်ရေးစက်ရုံများကို PDF များက ချေမှုန်းပစ်နိုင်ဖွယ် မရှိသော်လည်း စစ်တပ်၏ ထောက်ပို့ကဏ္ဍအတွက်မူ စိန်ခေါ်မှုများရှိလာခဲ့ပြီဖြစ်သည်။ NUG ၏ အယူအဆမှာ အောက်ခြေအဆင့် တိုက်ခိုက်မှုများ ဖြစ်ပင်ဖြစ်ငြားသော်လည်း ကာလရှည်ကြာ ဆင်နွှဲနေပါက လက်နက်ခဲယမ်းထောက်ပံ့ရေးကို ထိခိုက်လာစေမည် ဟူသောအချက်ဖြစ်သည်။ ထိုအချက်ကြောင့် စစ်ကောင်စီကို ပြည်ပမှလက်နက်ခဲယမ်းများ ပိုမိုဝယ်ယူတင်သွင်း လာစေခြင်းအားဖြင့် ၎င်းတို့၏ နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေများ ပို၍အလျင်အမြန် ကုန်ဆုံးစေမည်ဟု NUG က ယူဆသည်။

လုပ်ကြံမှုများနှင့် ပစ်မှတ်ထား အကြမ်းဖက်မှု

စစ်အာဏာရှင် ဘက်တော်သားများကို လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်လာသည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပြီး၊ အများအားဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများကို ပစ်မှတ်ထားပြီး၊ NUG က အစားထိုးဝင်ရောက်နိုင်မည့် အုပ်ချုပ်မှုကင်းမဲ့သည့် နယ်မြေတစ်ခုဖန်တီးရန် သို့မဟုတ် စစ်အာဏာရှင် ယန္တယားကို အားဖြည့်ပေးနေသည့် အုပ်ချုပ်ရေးမှူးများကို လက်တုံ့ပြန်ရန် ရည်ရွယ်သည်။ ဤနည်းလမ်းက အသုံးဝင်မှုအချို့ ရှိသော်လည်း လက်တွေ့ဖြစ်ပေါ်လာမှုမှာ အစိုးရတရပ်အနေနှင့် ပေးအပ်သော လူမှုရေးဝန်ဆောင်မှုများ နည်းပါးလာခြင်း ဖြစ်သည်။ အုပ်ချုပ်ရေးမှူးများကို ပစ်မှတ်ထားခြင်း၏ အသုံးတည့်မှုမှာ တစ်စထက်တစ်စ လျော့နည်းလာလျက် ရှိသည်။

NUG စီးပွားရေးစစ်ပွဲ၏ အဓိကအစိတ်အပိုင်းတစ်ခုမှာ စစ်တပ်၏ဒေါက်တိုင်များကို ပစ်မှတ်ထားလုပ်ကြံမှုများနှင့် ပစ်မှတ်ထား အကြမ်းဖက်မှုများ ဖြစ်ပေလိမ့်မည်။ သို့သော် စီးပွားရေးယုတ်လျော့ အားနည်းလာစေရေးအတွက် ယင်းနည်းလမ်းများကို ကျင့်သုံးဆောင်ရွက်နေပြီဖြစ်သည်။ NUG က ယခင်က မဆောင်ရွက်ခဲ့ဖူးသည့် အနေအထားမျိုးကား မဟုတ်ပေ။ “စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စီးပွားရေးရဲ့ အလယ်အလတ် စီမံခန့်ခွဲသူတွေကို ကျွန်တော်တို့ ပစ်မှတ်ထားနေတယ်။ ဒါ ထိရောက်ပါတယ်။ ဒါပေမဲ့ [ဒါကို ရေရှည်ဆက်လုပ်ဖို့] ကျွန်တော်တို့မှာ အရင်းအမြစ်တွေ မရှိဘူး” ဟု ၂၀၂၂ ခုနှစ် နွေဦးရာသီတွင် NUG အရာရှိတစ်ဦးက စာရေးသူအား ဝန်ခံခဲ့သည်။

“စစ်တပ်ဟာ သူတို့ကို မကာကွယ်နိုင်ဘူး။ သူတို့ရဲ့ အကျိုးစီးပွားကို မစောင့်ရှောက်နိုင်ဘူးလို့ သူတို့ကို သဘောပေါက်စေရမယ်” ဟု ၎င်းအရာရှိက ထပ်လောင်းပြောဆို သည်။ စီးပွားရေးစီမံခန့်ခွဲရေးအတွက် တာဝန်ရှိသူများသည် စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို စွန့်ခွာ၍ နေပြည်တော်ခံတပ်မြို့သို့ ထွက်ပြေးရပုံကို သူကထောက်ပြသည်။

ယနေ့အချိန်တွင် စစ်ကောင်စီနှင့် ဆက်နွယ်နေသော စီးပွားရေး မန်နေဂျာများနှင့် အဓိက လုပ်ငန်းရှင်ခေါင်းဆောင်များကို ပစ်မှတ်ထားရန် တစ်ဖန်ပြန်၍ စိတ်ဝင်စားလာကြသည်။ ရန်ကုန်မြို့ပြပြောက်ကြားအဖွဲ့(YUG) ၏ လက်ရှိ ဦးစားပေးပစ်မှတ်သုံးခုမှာ လုံခြုံရေးတပ်ဖွဲ့များ မဟုတ်တော့ဘဲ ယေဘုယျ အဓိပ္ပာယ်သတ်မှတ်ထားသည့် စစ်ကောင်စီ၏ စီးပွားရေး ထိခိုက်နိုင်ချေဖြစ်ကာ ၎င်းပစ်မှတ်များတွင် ခရိုနီများနှင့် (အထူးသဖြင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်နှင့် အခြားနှစ်ဦးကို ကွပ်မျက်ပြီးနောက်) တရားသူကြီးများ ပါဝင်လာသည်။

ခရိုနီအသစ်များအနက် အရေးအပါဆုံးမှာ ဦးမောင်မောင်နိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော (ငြိမ်း) တို့ ဖြစ်သည်။ မောင်မောင်နိုင်သည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့၏ စီးပွားရေးအင်ပါယာကို ရှေ့တန်းမှ ချဲ့ထွင်ပေးနေသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ညိုစော သည် ယခင် တပ်မတော်စစ်ထောက်ချုပ်ရုံး အကြီးအကဲဖြစ်ကာ ယခုအခါ MEC ဥက္ကဋ္ဌ ရာထူးအပြင် စစ်တပ်၏ အင်းဝဘဏ်နှင့် စီးပွားရေးဦးပိုင်လီမိတက်တို့တွင် အကြီးတန်းအရာရှိ ရာထူးများကိုလည်း ပူးတွဲရယူထားသည်။

ထိုပုဂ္ဂိုလ်များသည် စစ်ကောင်စီ၏ အများပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍစီးပွားရေး အသက်သွေးကြောများ၏ အခရာများဖြစ်နေသည်။ ကျန်ပုဂ္ဂိုလ်များတွင် အောင်လင်းဒွေးနှင့် မိုးမြင့်ထွန်းတို့ကဲ့သို့ စစ်ကောင်စီ အကြီးတန်းအရာရှိများ၏ မိသားစုဝင်များပါဝင်ကာ ၎င်းတို့သည် အာဏာသိမ်းပြီးကတည်းက အစိုးရကန်ထရိုက်အများအပြားကို ရရှိထားကြသည်။ အဆိုပါစစ်ဗိုလ်ချုပ် နှစ်ဦးစလုံးသည် ဦးပိုင်ကုမ္ပဏီ ဘုတ်အဖွဲ့တွင် ပါဝင်နေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပစ်မှတ်ထားရန်အတွက် ဆွေးနွေးမှုအချို့ရှိသည်။ “စီးပွားရေးကို တိုက်ခိုက်ရမယ်၊ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့ တိုက်ခိုက်ရမယ်။ စစ်တပ်က စီးပွားရေးကို ရှင်သန်အောင် မထိန်းနိုင်စေရဘူး” ဟု NUG အရာရှိတစ်ဦးက အတိအလင်း ပြောသည်။ သို့ဖြစ်၍ စစ်တပ်နှင့် ပူးပေါင်း လုပ်ကိုင်နေသူတစ်ဦးအတွက် “ခင်ဗျားဟာ ပစ်မှတ်တစ်ခုပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပစ်မှတ်ထားတိုက်ခိုက်ပါက NUG သည် အကြမ်းဖက်သမားများ ဖြစ်ကြောင်း နိုင်ငံခြားအစိုးရများကို နားလည်သဘောပေါက်အောင်ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ ကစားကွက်ထဲဝင်သွားမည်ကို အခြားသူများက အနည်းငယ် ပိုမိုစိုးရိမ်နေကြသည်။ သံတမန်ရေး တန်ပြန်ရိုက်ခတ်မှုရှိနေပြီး အထူးသဖြင့် အာဆီယံရင်းနှီးမြှုပ်နှံသူများ ရှိနေသဖြင့် ထိုသို့ ပစ်မှတ်ထားခြင်းမှာ ထိုက်သင့်သောအကျိုး မရှိသည့်ကိစ္စဖြစ်သည်။ ၎င်းတို့အတွက် သတင်းစကားပါးမည့် လှုပ်ရှားမှုကို အလွန်ကောင်းမွန်စွာ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်သည်။

ဥပမာအားဖြင့် Mytel ဆက်သွယ်ရေးကုမ္ပဏီဖြစ်ရပ်ကို တင်ပြလိုသည်။ Mytel သည် စစ်တပ်ပိုင် ကုမ္ပဏီများနှင့် ရှယ်ယာ ၄၉ရာခိုင်နှန်းပိုင်ဆိုင်သော ဗီယက်နမ် စစ်တပ်ပိုင် Viettel ဆက်သွယ်ရေး ကုမ္ပဏီအကြား အကျိုးတူပူးပေါင်းမှုတစ်ခုဖြစ်သည်။ Mytel သည် စစ်တပ်နှင့်အနီးစပ်ဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကာ စစ်တပ်အတွက် ပုံမှန်ဝင်ငွေ ရပေါက်ရလမ်းဖြစ်သည့်အပြင် နည်းလမ်းမျိုးစုံဖြင့် စစ်တပ်ကို ထောက်ပံ့ကူညီနေသည့် လုပ်ငန်းလည်း ဖြစ်သည်။

သို့ဖြစ်၍ Mytel သည် NUG ၏ အထူးပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ Mytel တာဝါတိုင် ၁၂,၀၀၀ အနက် ၃၅၉ ခုကို PDF များက ဖျက်ဆီးခဲ့ပြီးဖြစ်ကာ အော်ပရေတာ အမျိုးမျိုး၏ ဖျက်ဆီးခံရသော တာဝါတိုင် စုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းချက်တစ်ခုက ဆိုသည်။ လက်တွေ့တွင် စက်တင်ဘာ ၄ ရက်မှ အောက်တိုဘာ ၇ ရက်အကြား တစ်လတာကာလအတွင်း PDF များက Mytel တာဝါတိုင် ၁၂၀ ခုကို ဖြိုလဲခဲ့ရာ နောက်ထပ် ကျပ် ၂၀ဘီလီယံ (ဒေါ်လာ ၁၀.၃ သန်း) ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့သည်။

ယခုအခါ PDF များက ၎င်းတို့ ဖြိုလဲခဲ့သည့်တာဝါတိုင်မှ သတ္တုများကို အရည်ကျိုပြီး အမြောက်မော်တာများ၊ ဗုံးလောင်ချာများ ထုတ်လုပ်ရန်အသုံးပြုခဲ့သည်ဟု လူသိရှင်ကြား ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုကြသည်။PDF များသည် ဆက်သွယ်ရေး ကွန်ယက်ခလုတ်ခုံများ၊ ကွန်ယက်ရောက်တာ (routers)များကိုလည်း ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်တွင် ရန်ကုန်ရှိ ထောက်လှမ်းရေး သတင်းအချက်ပြများ စုဆောင်းရန် အသုံးပြုသည့် တည်နေရာဖော်ပြမထားသော Mytel ရုံးငယ်တစ်ခုကို လက်နက်ကိုင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့က Mytel ၏ ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင်ကို ၎င်းနေထိုင်ရာ အိမ်ရာဝင်းအတွင်း လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ၎င်း၏ဇနီးကို အပြင်းအထန်ဒဏ်ရာရရှိစေခဲ့သည်။ ဦးသိန်းအောင်သည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ အကြီးတန်းအမှုဆောင် အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးသည်။

Mytel သည် စစ်သားများအား တယ်လီဖုန်းပလန်များကို အခမဲ့မဟုတ်လျှင်ပင် လျှော့ဈေးကြီးကြီး မားမားဖြင့် ဝန်ဆောင်မှုပေးနေသည်။ ဖုန်းနံပါတ်များကို စစ်တပ်၏ အိုင်ဒီများနှင့် ချိတ်ဆက်၍ ထောက်လှမ်းရေးသတင်း စုဆောင်းမှုစနစ်တစ်ခုဖြစ်ပြီး ဘက်ကူးပြောင်းမှုအမြောက်အများကို ကြိုတင်ဟန့်တား၍ ပဋိပက္ခကို ရှည်ကြာစေမည်ဖြစ်သဖြင့် Mytel သည် အလွန်အရေးကြီးသော ပစ်မှတ်ဖြစ်သည်။

Mytel အမှုဆောင်များအပြင် ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌကဲ့သို့ အလယ်အလတ်ပညာရှင်များ၊ စစ်တပ်အားပေးသူများကိုလည်း ဆက်လက်လုပ်ကြံသတ်ဖြတ်ရန် မျှော်လင့်ထားရမည် ဖြစ်ကြောင်း YUG က ရှင်းလင်းစွာ ပြောဆိုထားသည်။ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းလုပ်ကြံမှုတွင် အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။

စစ်တပ်ကို အားပေးသော ပညာရှင်အားလုံးကို NUG က သတိပေးစာရင်းတွင် ထည့်သွင်းလိုသည်။ စစ်တပ် ကုမ္ပဏီအမှုဆောင်များသည် အဓိကပစ်မှတ်ဖြစ်နေဆဲဟု YUG အဖွဲ့ဝင်များက စာရေးသူကို မကြာသေးမီက ပြောဆိုသည်။ ရန်ကုန်နှင့် မန္တလေးမြို့အပြင်ဘက်တွင် စစ်တပ်၏ လက်နက်ခဲယမ်းစက်ရုံများကို လည်ပတ်နေသည့် အရာရှိများကို တိုက်ခိုက်မည့် အစီအစဉ်သစ်တစ်ခုကို စတင်လာကြဖွယ်ရှိသည်။

သို့သော် ဤလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နိုင်ရေး ရန်ပုံငွေလိုအပ်မည် ဖြစ်သည်။YUG၏ လက်ရှိ အဖွဲ့ငယ် ၁၄ ခုသည် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနထံမှ ငွေကြေးမရရှိဘဲ Project Dragonfly ကဲ့သို့ ရန်ပုံငွေရှာဖွေရေး အစီအစဉ်များမှတစ်ဆင့် မိမိကိုယ်ပိုင်ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ YUG ကို ရန်ပုံငွေထောက်ပံ့ရေးအတွက် NUG က ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးသော်လည်း NUG ၏ မဟာဗျူဟာစာတမ်းကို စက်တင်ဘာလအတွင်း ထုတ်ပြန်သည့်အခါ ၎င်းအခြေအနေမှာ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်သည်။ ထိုသို့ ကူညီပါက NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနများအကြား နီးနီးကပ်ကပ်ညှိနှိုင်း၍ ပစ်မှတ်ရွေးချယ်ရန် လိုအပ်သည်။

လက်ရှိအချိန်၌ စေ့စပ်ညှိနှိုင်းဆဲဖြစ်သော်လည်း ဝန်ကြီးဌာနတစ်ခုစီသည် အောင်ပွဲဆီ ချီတက်ရန် မိမိကိုယ်ပိုင်လမ်းကြောင်းများရှိပြီး နည်းဗျူဟာနှင့် မဟာဗျူဟာအပိုင်းတွင် သဘောတူညီကြရန် မလိုအပ်ပေ။ အတိုက်အခံအစိုးရတစ်ခုတွင်ပင် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးသည် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သည်။

သို့သော် စစ်ပွဲ၏နောက်တစ်ဆင့်တွင် စီးပွားရေးမန်နေဂျာများနှင့် ပုဂ္ဂလိကကဏ္ဍ အရေးပါသော သစ္စာ စောင့်သိသူများကို အဓိက ပစ်မှတ်ထားရမည်ဟု NUG အတွင်း တူညီသည့်သဘောဆန္ဒရှိသူ ပိုမိုများပြား လာလျက်ရှိသည်။

အဓမ္မလုယက်မှု တိုက်ဖျက်ရေးဥပဒေ

လက်ရှိအချိန်ဇယားအတွင်း စီးပွားရေးစစ်ပွဲ တိုက်ခိုက်ရန် NUG ၏ ဆောင်ရွက်ခဲ့မှု အများအပြားရှိနေသော်လည်း ၎င်းတို့အနေဖြင့် ရေရှည်တွင် အသိမ်းပိုက် အလုယက်ခံ ဥစ္စာဓနများနှင့် စပ်လျဉ်း၍ အထူးတလည် စတင်စဉ်းစားရန် မဖြစ်မနေလိုအပ်နေသည်။

စစ်ဗိုလ်ချုပ်ကြီးများ တရားမဝင်သိမ်းယူထားသော အိမ်ခြံမြေများကို NUG ကလက်ဦးမှုရယူ၍ လေလံပစ်ရောင်းချနေပြီဖြစ်သည်။ ဥပမာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ကိုယ်ပိုင်အိမ်အဖြစ် ရယူခဲ့သော အင်းယားကန်အနီးမှ စစ်တပ်ပိုင်ဧည့်ဂေဟာကို ဒေါ်လာ ၁၀ သန်းဖြင့် လေလံပစ်ခဲ့သည်။ ဤသို့ လေလံပစ်ခြင်းအားဖြင့် ဝင်ငွေရရှိစေနိုင်ပြီး နိုင်ငံပိုင်ပစ္စည်းများကို အခြားသူများ၏ သိမ်းယူမှုကို ဟန့်တားရန်ကြိုးပမ်း သည့်အနေဖြင့် MoPFI သည် နောက်ထပ်လေလံပစ်မှုများကိုလည်း စီစဉ်လျက် ရှိသည်။

“စစ်တပ်ပိုင်အိမ်ခြံမြေတွေကို ဆက်လက်ရောင်းချဖို့ ကျွန်တော်တို့ စီစဉ်ထားတယ်။ အနာဂတ်မှာ စစ်တပ်နဲ့ ပတ်သက်တဲ့ အခြားအိမ်ခြံမြေတွေ အများအပြား ဆက်လက်ရောင်းချသွားမယ်။ အာဏာသိမ်း ခေါင်းဆောင်နဲ့ သူ့အဖွဲ့ဝင်တွေက မတရားသိမ်းယူခဲ့တဲ့ အိမ်ခြံမြေစာရင်းကို ကျွန်တော်တို့ ပြုစုနေပါတယ်။ ဒါကြောင့် အခု အင်းယားက အိမ်ခြံမြေ ၁၄ ခုကို ရောင်းချခဲ့သလို နောင်မှာလဲ စစ်တပ်နဲ့ ဆက်နွယ်တဲ့အိမ်ခြံမြေတွေ ဆက်လက်ရောင်းချပြီး တော်လှန်ရေးကို ဆက်လက်ထောက်ပံ့ကူညီ သွားမှာဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က မေ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ နောက်ထပ်လေလံတင် ရောင်းချပွဲအသစ်များကို စီစဉ်နေပြီဖြစ်ကြောင်း MoPFI က စာရေးသူကို ပြောဆိုသည်။

ငွေပင်ငွေရင်းများသည် တိုင်းပြည်မှ စီးထွက်သွားနေသော်လည်း ၎င်းမှာ ပြန်လည်ဝင်ရောက်လာမည် ဖြစ်သည်။ အာဏာရလာသည်နှင့်တစ်ပြိုင်နက် သံသယရှိသော ငွေကြေးစီးဆင်းမှုများကို စောင့်ကြည့်ရန်အပြင် သိမ်းဆည်းနိုင်ရန်အတွက်ပါ NUG သည် အဓမ္မလုယက်မှု ဟန့်တားရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရေး သုံးသပ်လျက်ရှိသည်။

NUG သည် ရရန်ပိုင်ခွင့်လွှဲပြောင်းခြင်းနှင့် ငွေပင်ငွေရင်း ပြန်လည်ပေးပို့ခြင်းတို့ကို စောင့်ကြည့်မည့် သီးသန့်အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းရန်လိုသည်။ ဥပဒေတွင် အချိန်ကာလ အပိုင်းအခြားဖြင့် စည်းနှောင်မှုရှိစေနိုင်ပြီး (ဥပမာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ယခု အချိန်အထိ) အခြေခံလွှဲပြောင်းမှု ကြမ်းခင်းပမာဏကိုလည်း သတ်မှတ်ထားနိုင်သည်။

အရေးအကြီးဆုံးအချက်မှာ NUG သည် ၎င်းအာဏာရလာသည့်အချိန်အထိ သံသယမျိုးစေ့များ ဆက်လက်ကြဲချကာ ဝယ်ယူမှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများကို ကြိုတင်ဟန့်တားနိုင်ရေးဖြစ်သည်။ ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်၍မရကြောင်း ခရိုနီနှင့် ၎င်းတို့၏ မိသားစုများကို NUG က အချက်ပြရန် လိုအပ်သည်။

စစ်ကောင်စီ၏ စီးပွားရေးဦးဆောင်မှုသည် အဖတ်ဆယ် မရနိုင်ဟု ရှုမြင်သည့် စစ်ကောင်စီ ထောက်ခံသူများကို NUG ကခွဲထုတ်၍ ငွေပင်ငွေရင်း ထိန်းချုပ်ခြင်း၊ ငွေကြေးဖျက်သိမ်းခြင်းမှသည် နောက်တစ်ဆင့်တွင် ပြည်သူပိုင်သိမ်းခြင်းဆီသို့သာ ဦးတည်ရောက်ရှိသွားမည်ကို ၎င်းတို့အား သဘောပေါက်စေရမည်ဖြစ်သည်။ “စစ်တပ်ဟာ စီးပွားရေးကို စီမံနိုင်စွမ်းမရှိဘူး။ ခင်ဗျားဟာ စစ်တပ်ထောက်ခံသူဖြစ်လျှင်ပင် စစ်တပ်က စီးပွားရေးကို မစီမံနိုင်တာ သိနေရမယ်” ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောသည်။

အခြားနိုင်ငံခြားရေးမှ အရာရှိတစ်ဦးကမူ “သူ့ (မင်းအောင်လှိုင်ရဲ့) စီးပွားရေးအမြင်က ရူးမိုက်လှတယ်။ သူဘာမှ မသိဘူး။ ဦးနေဝင်းခေတ် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကို သူပြန်သွားနေတယ်။ သူ လုံးဝကို ခေတ်နဲ့ အဆက်ပြတ်နေပြီ”ဟု ဆိုသည်။ ဤစကားများသည် NUG က အမြဲတစေပြောကြားနေရမည့် သတင်း စကားများပင် ဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် ခရိုနီများထံမှ ပစ္စည်းများကို အတင်းအကျပ် ရယူနေသည်။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီသည် ခရိုနီများ၏ အကျိုးစီးပွားကို လိုလားသူများမဟုတ်ဘဲ တရားဥပဒေစိုးမိုးမှုနှင့် ပညာရှင်များကို အခွင့်အာဏာအပ်နှင်းသော ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသည့်အစိုးရကသာ ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ခရိုနီများက နားလည် သဘောပေါက်လာစေရန် လိုအပ်သည်။

ယခုအခါ စစ်ခေါင်းဆောင်များဖြစ်သည့် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့သည် ဗိုလ်ချုပ်ကြီး များကို ပြောင်းရွှေ့ခန့်ထားခြင်း၊ အဓိက သစ္စာစောင့်သိသူများကို ထည့်သွင်းခန့်ထားခြင်း၊ လမ်းကြောင်းသွေဖီနိုင်သူများကို ဖယ်ရှားခြင်း စသည့် ကိစ္စများဖြင့်အလုပ်ရှုပ်နေကြသည်။

စစ်ကောင်စီသည် စစ်တပ်၏ခရိုနီများဟု တစ်ချိန်ကယူဆထားခဲ့သူများကို အလျဉ်းသင့်သလို ဖမ်းဆီးမှုများကို တိုးမြှင့်လုပ်ဆောင်နေသည်။ မိမိတို့အလောင်းအစားကို ခုသာခံသာရှိစေရန် စတင်ကြိုးပမ်းကာ NUG ကို အခွန်ပေးနေသည့် ခရိုနီများကို စစ်ကောင်စီက ရှင်းရှင်းလင်းလင်း သတိပေးရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်။

အခြားတစ်ဖက်တွင်လည်း ဤသို့အလျင်းသင့်သလို ဖမ်းဆီးနေမှုက ကြောက်စိတ်နှင့်ခယဝပ်တွား သစ္စာခံလိုစိတ်များကို အလုံအလောက် ရိုက်သွင်းနိုင်မည်ဖြစ်သည်။ထို့ပြင် ၎င်းလုပ်ရပ်မှာ “ငါတို့ကြောင့် မင်းတို့ချမ်းသာလာတာပါ” ဟူ၍ များစွာသိမ်မွေ့ခြင်းမရှိလှသော စစ်တပ်၏သတိပေး စကားတစ်ခုလည်း ဖြစ်သည်။

အချုပ်အားဖြင့် ခရိုနီများကို ထိတ်လန့်ကြောက်ရွံလာစေသင့်သည်။ စစ်ကောင်စီနှင့် ၎င်းတို့ လုပ်ကိုင်နေသည့် လုပ်ငန်းဆောင်တာများအတွက် အနာဂတ်တွင် ဥပဒေစိုးမိုးရေးအရ အစစ်ဆေးခံရမည်ကို ခရိုနီများ သိရှိလာရပေမည်။ စစ်ကောင်စီနှင့် စီးပွားရေး ပူးပေါင်းလုပ်ကိုင်မှုမှနေ၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးအမြတ်မရရှိစေသင့်ပေ။

နိဂုံး

NUG ၊ ၎င်း၏ PDF များနှင့် ERO များသည် စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားကို တဖြည်းဖြည်း အတွင်းလှိုက်စား ဖြိုဖျက်နေကြသော်လည်း ၎င်းတို့တွင် တစ်စထက်တစ်စ အင်အား ဆုတ်ယုတ်လာစေမည့် ရေရှည်စစ်ပွဲကို ဆင်နွဲနိုင်သော ရင်းမြစ်များမရှိပေ။ NUG သည် အဆုံးအဖြတ်ပေးမည့် ရှင်းလင်းပြတ်သားသော စစ်ရေးအောင်ပွဲကို ဆွတ်ခူးနိုင်မည် မဟုတ်။

ထို့ကြောင့် NUG သည် စစ်ကောင်စီ၏ အဓိက အားနည်းချက်ဖြစ်သော စီးပွားရေးအပိုင်းကို အထူးအာရုံစိုက်ရန်လိုသည်။ ဤအချက်သည် လာမည့်လများ အတွင်း ၎င်းတို့၏ စစ်ရေးဦးစားပေးအချက် ဖြစ်လာရပေမည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်ခြင်း၊ စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းနှင့် ဘဏ်များအပေါ် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ ပိုမိုပြုလုပ်ရန်စည်းရုံးခြင်း၊ စစ်ကောင်စီ၏ ထောက်ပို့အချက်အချာ နေရာများကို တိုက်ခိုက်ခြင်း စသည့်လုပ်ငန်းများ ပါဝင်လိမ့်မည်ဖြစ်သည်။

ဤ မဟာဗျူဟာရည်မှန်းချက်များ အောင်မြင်စွာအကောင်အထည်ဖော်ရန် NUG တွင် အချိန်တစ်နှစ်ကြာ အခွင့်အလမ်းကာလ အကန့်အသတ်ရှိနေသည်။ စစ်ကောင်စီ သည် ၂၀၂၃ ခုနှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပမည့် ရှေ့လုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ မဲလိမ်မှုရှိလင့်ကစား အဆိုပါ ရွေးကောက်ပွဲသည် စစ်တပ်အတွက် သံတမန်ရေးအရ တရားဝင်မှု ပြန်လည်ရရှိစေနိုင်ရေး လုံလောက်ဖွယ်ရှိပြီး ၎င်းအချက်က ဆိုးဝါးနေသည့် စီးပွားရေးအခြေအနေကို ထောက်ပံ့ကူညီနိုင်မည် ဖြစ်သည်။

NUG သည် ထောက်ပံ့ရေးကွင်းဆက်၌ မနိုင်ဝန်ထမ်းရသဖြင့် ရင်းမြစ်များကုန်ခမ်းလာပြီး NUG နှင့် ERO များအကြား အစဉ်အလာ မယုံသင်္ကာဖြစ်မှုနှင့် တင်းမာမှုများ ဆိုးဝါးလာကာ မဟာမိတ်ဖွဲ့မှု ပြိုကွဲသွားမည်ဟု ယုံကြည်လျက် စစ်ကောင်စီ၏ အောင်နိုင်ရေးသီအိုရီသည် ပဋိပက္ခကို အချိန်ကြာကြာ ဆွဲဆန့်ထားရန် ဖြစ်သည်။

NUG သည် သမရိုးကျစစ်ပွဲကို တိုက်ခိုက်နိုင်ခြင်း မရှိပါ။ ထိုသို့ တိုက်ခိုက်ရန် ၎င်းတို့တွင် ရင်းမြစ်များမရှိဘဲ သမရိုးကျ စစ်ပွဲဆင်နွှဲပါက စစ်တပ်၏ ဗျူဟာအားသာမှု ကစားကွက်ထဲ သက်ဆင်းသွားရပေမည်။

“(မျက်မှောက်ခေတ်စစ်ပွဲ ဆိုသည်မှာ) မည်သည့်ဘက်က မိမိရန်သူကို အားအင်ကုန်ခမ်းသွားစေအောင် လက်ဉီးမှုယူနိုင်မည်ကို ဖော်ထုတ်ပေးသည့် နှစ်ဦးနှစ်ဖက် အားအင်ယုတ်လျော့စေအောင် တဖြည်းဖြည်းဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်”ဟု မျက်မှောက်ခေတ်စစ်ပွဲတစ်ပွဲ၏ ကြန်အင်လက္ခဏာကို ဂျာမန် စစ်ရေးတွေးခေါ်ပညာရှင် Carl von Clausewitz က ဖော်ထုတ်ရေးသားခဲ့သည်။

ဤအယူအဆအရ နိုင်ငံ့အာဏာ ချုပ်ကိုင်ထားသူဘက်က အလေးသာနေလေ့ရှိသည်။ NUG သည် အချိုးမညီမျှစွာ ဆက်လက်တိုက်ခိုက် နေရဦးမည် ဖြစ်သော်လည်း ၎င်းတို့၏ ပင်မအလေးထားမှုသည် စစ်ကောင်စီ၏ အဓိကထိခိုက်နိုင်ချေဖြစ်သော စီးပွားရေးကဏ္ဍဆီသို့ ပစ်မှတ်ထားမှု ပြောင်းလဲလာရမည် ဖြစ်သည်။

(Stimson မဂ္ဂဇင်းပါ Zachary Abuza ၏ “The NUG’s Economic War on Myanmar’s Military” ဆောင်းပါးကို (နောက်ဆုံးအပိုင်း) အနေနှင့် ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ယခုဆောင်းပါး၏ ပထမအပိုင်းနှင့် ဒုတိယအပိုင်းတို့ကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင့်များတွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်)။
ပထမအပိုင်း
https://www.facebook.com/385165108587508/posts/1624069354697071/?d=n

ဒုတိယအပိုင်း
https://www.facebook.com/385165108587508/posts/1625016064602400/?d=n

(စာရေးသူ Zachary Abuza သည် ဝါရှင်တန်ရှိ အမျိုးသား စစ်မှုရေးရာကောလိပ်မှ ပါမောက္ခ ဖြစ်ပြီး ဂျော့ချ်တောင်း တက္ကသိုလ်၌ အချိန်ပိုင်းပါမောက္ခဖြစ်သည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article