29 C
Yangon

ကြံ့ဖွတ် ခင်ရီ စီစဉ်ခဲ့တဲ့ ဝန်ကြီးဦးအောင်ကို ဖြုတ်ချရေး အမည်ခံ စည်းရုံးပြီး NLD အစိုးရ ဖြုတ်ချရေး ဗီနိုင်းထောင်လိုက်တဲ့ ကလိမ်ကကျစ် သပိတ်လှုပ်ရှားမှု ကျရှုံးခြင်း အရှုပ်တော်ပုံ

Must read

By ဟိဏ်းဝေယံ

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူလူထု တခဲနက် ထောက်ခံမှုကြောင့် NLD ပါတီ အာဏာရရှိလာချိန်မှာ စစ်တပ် အာဏာသိမ်းရေး အမြဲကြိုးစားခဲ့သူ ကြံ့ဖွတ်ခင်ရီက ၂၀၁၇ ခုနှစ် တစ်နှစ်လုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့ အစိုးရ ဖြုတ်ချရေးကို တစိုက်မတ်မတ် ကြိုးပမ်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မေလမှာ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချရေး ဆိုတဲ့ ကြွေးကြော်သံတွေအောက်မှာ တစ်နိုင်ငံလုံး ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ဖို့ ငွေကြေး သိန်းထောင်ပေါင်းများစွာ ကြံ့ဖွတ်ခင်ရီနဲ့ စစ်တပ်က ထုတ်ပေးပြီး သုံးစွဲစေခဲ့ပါတယ်။

ဒါပေမယ့် NLD အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ ပြည်သူလူထုက ကြံ့ဖွတ်တွေနဲ့ မဘသတွေရဲ့ ရည်ရွယ်ချက်ကို သိတာမို့ ကန့် ကွက်ရှုတ်ချမှုတွေကြောင့် ကြံ့ဖွတ်ခင်ရီ ဖြစ်စေချင်သလို အဓိကရုဏ်းတွေ၊ မငြိမ်သက်မှုတွေကတော့ ဖြစ်မလာခဲ့ပါဘူး။

ကြံ့ဖွတ်ခင်ရီအနေနဲ့ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချရေး ပွဲတွေကို နေပြည်တော်၊ ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းလုံး စီစဉ်ခဲ့ပေမယ့်လည်း အလုပ်မဖြစ်တာကြောင့် အားမလိုအားမရ ဖြစ်နေခဲ့ပါတယ်။ နောက်ထပ် ကြိုးပမ်းမှု အနေနဲ့ သင်္ကန်းဝတ် မဘသ ဘုန်းကြီးတွေကို ရှေ့တန်းတင်မယ့် သပိတ်စခန်းတွေ ဖွင့်ဖို့ စီစဉ်ခဲ့ပါတယ်။

မဘသဘုန်းကြီးတွေရဲ့ ထိုင်သပိတ်

ကြံ့ဖွတ်ခင်ရီက အကြံကုန် ဂဠန်ဆားချက် ဆိုတဲ့အတိုင်း ရန်ကုန်၊ မန္တလေးတွေမှာ မဘသ ဘုန်းကြီးတွေ ဦးဆောင်တဲ့ ထိုင်သပိတ်စခန်းတွေ ဖွင့်ဖို့ စီစဉ်ပါတယ်။ ဒီထိုင်သပိတ်တွေက သာသနာရေးဝန်ကြီး ပြုတ်ကျဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ လုပ်ရမယ်ဆိုပြီး စည်းရုံးခဲ့ပါတယ်။

မဘသဘုန်းကြီးတွေ ဦးဆောင် ထိုင်သပိတ်လုပ်နေတဲ့အချိန် တစ်ဖက်တစ်လမ်းကနေလည်း အလုပ်သမားသပိတ်၊ ကုန်ဈေးနှုန်းလျော့ကျရေး လူထုသပိတ်၊ အစိုးရယန္တရား ဌာနဆိုင်ရာ CDM သပိတ်တွေ ဖြစ်လာစေဖို့ ခင်ရီ၊ စစ်တပ်နဲ့ စရဖ ဗိုလ်ကြီး သန့်ဇင်ကျော် (စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ကျောင်းဆင်း) တို့က မဘသ၊ အမျိုးသားရေး သမားတွေနဲ့ တိုင်ပင်ဆွေးနွေးကြပါတယ်။

ခင်ရီ၊ စစ်တပ်နဲ့ စရဖ ဗိုလ်ကြီး သန့်ဇင်ကျော်တို့ ဦးဆောင်ပြီး မဘသ၊အမျိုးသားရေးတွေ၊ အစွန်း ရောက်ဘုန်းကြီးတွေ အပါအဝင် တစ်နိုင်ငံလုံး ကွန်ရက်တွေ ချိတ်ဆက်ထားတဲ့ အစည်းဝေး ၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ခေါင်းစဉ်ကတော့ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချရေး ခေါင်းစဉ်နဲ့ပဲ တစ်လျှောက်လုံး ဆွေးနွေး စည်းရုံးခဲ့ပါတယ်။

အစည်းအဝေး ဆုံးဖြတ်ချက်ကတော့ ရန်ကုန် ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်ကြေးသွန်းဘုရားဝင်း နှင့် မန္တလေး မဟာမြတ်မုနိ ဘုရားကြီးဝင်း၊ မဟာဗိမာန်တော်ကြီးမှာ မဘသ ဘုန်းကြီးတွေ သံဃာထုပါဝင်တဲ့ ထိုင်သပိတ်ကြီးတွေ လုပ်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မန္တလေး သံဃသပိတ်အတွက် ထောက်/ပို့နဲ့ လိုအပ်ချက်တွေကို စရဖ ဗိုလ်ကြီးသန့်ဇင်ကျော်က တာဝန်ယူ အနီးကပ်စီစဉ်ပြီး ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ကြေးသွန်းဘုရားအတွင်း ရန်ကုန်သံဃသပိတ်အတွက် မဘသ အစွန်းရောက်ဘုန်းကြီး သုစိတ္တ ကို တာန်ယူစီမံစေခဲ့တယ်။

ဒါပေမယ့်လည်း ရန်ကုန်သံဃာသပိတ်မှာ ဦးဆောင်စီမံမယ့် သုစိတ္တ က ဖမ်းဝရမ်းထုတ်ခံထားရလို့ နောက်ကွယ်ကပဲ စီစဉ်ပြီး လူလုံးပြ စီမံမှုကို သုစိတ္တ တပည့် မဘသ အစွန်းရောက် သင်္ကန်းဝတ် ပညာဝရ ခေါ် ဦးဇင်းဝက်လတ် က စီစဉ်ပါတယ်။

သပိတ်စတင်တာနဲ့ ရန်ကုန်နဲ့ မန္တလေး သံဃသပိတ်တွေကို ကြံ့ဖွတ်၊ လူမိုက်တွေ အမျိုးသားရေး အစွန်းရောက်တွေက ဝန်းရံမယ်လို့ ခင်ရီက ကတိပြုခဲ့ပါတယ်။

ပြောတော့ တစ်မျိုး လုပ်တော့တစ်မျိုးကြောင့် သပိတ် လူမလာတော့

တစ်နိုင်ငံလုံးကွန်ရက်တွေ ချိတ်ဆက်တဲ့ အစည်းအဝေးတွေ ခေါ်ယူခဲ့စဉ်က သပိတ်လုပ်မယ့် ခေါင်းစဉ်က သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ပေမယ့် တကယ်တမ်း သပိတ်စခန်းတွေ စတင်တဲ့အခါမှာ ကြံ့ဖွတ်ခင်ရီ အဖွဲ့က ရိုက်နှိပ်ပေးလိုက်တဲ့ သပိတ်ဗီနိုင်းတွေမှာ ဗုဒ္ဓဘာသာဖျက်ဆီးသည့် အစိုးရ ဖြုတ်ချရေး၊ NLD အစိုးရ ဖြုတ်ချရေး ဆိုတာတွေဖြစ်နေပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ် ၂ ရက်နေ့မှာ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့မှာ သပိတ်စတင်ပါတယ်။

သာသနာရေးဝန်ကြီး ဦးအောင်ကိုဖြုတ်ချရေး သပိတ်ကို ကြံ့ဖွတ်ခင်ရီက NLD အစိုးရ ဖြုတ်ချရေး သပိတ်ကို ခေါင်းစဉ်တပ်ပြီး မဘသနဲ့ အမျိုးသားရေး သမားတွေကို နားလှည့် ပါးရိုက် ကတုံးပေါ် ထိပ်ကွက် လုပ်လိုက်ပါတယ်။ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချရေးဆိုရင် ပုဂ္ဂိုလ်ရေးမို့ အမှုမကြီးပေမယ့် လူထုရွေးကောက်ပွဲအရ တက်လာတဲ့ NLD အစိုးရ ဖြုတ်ချရေး ခေါင်းစဉ်တပ်လိုက်တော့ အမှုက အတော်ကို ကြီးသွားပြီဆိုတာ မဘသနဲ့ အမျိုးသားရေး အစွန်းရောက်တွေ နားလည်သွားကြတယ်။

သူတို့ တစ်ပတ်ရိုက်ခံလိုက်ရပြီ ဆိုတာ သိတော့ မဘသ ဘုန်းကြီးတွေ သပိတ်စခန်းတောင် မဖွင့်ရသေးခင် ပြေးကုန်ကြပါတယ်။ လာဝန်းရံမယ်ဆိုတဲ့ အမျိုးသားရေးနဲ့ အစွန်းရောက်တွေလည်း ပျောက်ချင်းမလှ ပျောက်ကုန်ပါတယ်။ လူထုနဲ့ ထိပ်တိုက်တွေ့ရမှာကို သူတို့လည်း ကြောက်ကြပါတယ်။

ကြံ့ဖွတ်ခင်ရီက သံဃသပိတ်စခန်းတွေ စတင်တာနဲ့ ပထမနေ့မှာ ကြံ့ဖွတ်အင်အား ၅၀၀ ၊ ဒုတိယနေ့မှာ ကြံ့ဖွတ်အင်အား ၈၀၀ ၊ တတိယနေ့မှာ ကြံ့ဖွတ် အင်အား ၁၀၀၀ ထိ ဖြည့်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့် NLD အစိုးရ ဖြုတ်ချရေး ဆိုတဲ့ ခေါင်းစဉ်ကြောင့် ကြံ့ဖွတ်တွေတောင်‌ ခေါ်မရ၊ ပြုမရနဲ့ သပိတ်တွေကို လာမပူးပေါင်းကြတော့ပါဘူး။

ကြံ့ဖွတ်အင်အား ဆယ်ဂဏန်းသာရောက်လာခဲ့ပြီး သပိတ်ခေါင်းစဉ်ကိုကြည့်ကာ ကြောက်လန့် ဘုရားဖူး ပြန်ပြေးကုန်ကြပါတယ်။

ရန်ကုန်သပိတ် ဦးဆောင်တဲ့ မဘသ သုစိတ္တက အရှက် အကွဲမခံနိုင်တော့ ကြေးသွန်းဘုရားဝင်းအတွင်းမှာ သပိတ်စခန်း ရအောင်ဖွင့်ပါတယ်။ မဖွင့်လို့လည်း မရတော့ပါဘူး။ ကြံ့ဖွတ်ခင်ရီဆီက သပိတ်စခန်း ဖွင့်ဖို့ ငွေကျပ် သိန်း ၇၅၀ လက်ခံထားခဲ့ပြီးပါပြီ။

မန္တလေးသပိတ်စခန်းမှာလည်း NLD အစိုးရ ဖြုတ်ချရေး ဗီနိုင်းတွေ တပ်လိုက်တော့ မဘသဘုန်းကြီးတွေတောင် ပြန်ပြေးကုန်တာမို့ သူတို့ ထင်ထားသလို သံဃာထု ပါဝင်တဲ့ သပိတ်စခန်းတွေ ဖြစ်မလာဘဲ လူနည်းနည်းလေးပါတဲ့ သပိတ်စခန်း အမည်ခံတွေ ဖြစ်ကုန်ပါတယ်။

သပိတ်စခန်းများ ပိတ်သိမ်းခြင်း

မန္တလေး သပိတ်စခန်းကို ဩဂုတ်လ ၅ ရက်နေ့ နံနက်အစောပိုင်း သံဃာမဟာနာယကအဖွဲ့ရဲ့ ညွှန် ကြားချက်အရ ရဲတပ်ဖွဲ့က အကြမ်းဖက်ခြင်းမရှိဘဲ အရေအတွက် အနည်းငယ်သာရှိတဲ့ လူပုဂ္ဂိုလ်နဲ့ ဘုန်းကြီးတွေကို ထိန်းသိမ်းခဲ့ပါတယ်။ မန္တလေးသပိတ်စခန်း ပျက်သွားတော့ ရန်ကုန် ကြေးသွန်းဘုရား သပိတ်စခန်းကလည်း အလိုလို ပိတ်သိမ်းသွားပါတယ်။

ကြံ့ဖွတ်ခင်ရီ၊ စစ်တပ်တို့ရဲ့ မရိုးသားတဲ့လုပ်ရပ်ကို မဘသနဲ့ အမျိုးသားရေး သမားတွေ သိသွားကြပါတယ်။ ဇရက်တောင်ပံကျိုးနဲ့ ကြောင်ခံတွင်းပျက် ဇတ်လမ်းလိုပါပဲ။ လူမိုက်နဲ့ ဖာသည် တစ်ဦးကို တစ်ဦး လူလည်ကြသလိုမျိုး ကြံ့ဖွတ်ခင်ရီက သူတို့အပေါ် လူလည်ကျတာကို ခံလိုက်ရတယ်ဆိုတာ မဘသနဲ့ အမျိုးသားရေး အစွန်းရောက်တွေ သိသွားကြပါတယ်။

ဒါပေမယ့်လည်း သူတို့က အကျိုးယုတ်မခံပါဘူး။ ပွဲစီစဉ်ဖို့ပေးတဲ့ ငွေကြေးတွေကို အစဉ်အလာမပျက် ခိုးခဲ့ကြပါသေးတယ်။

ရန်ကုန်သပိတ်စခန်းအတွက် ချထားပေးတဲ့ သိန်း ၇၅၀ ကို သုစိတ္တ၊ MNO အမျိုးသားရေးအစွန်း ရောက် အဖွဲ့ ဥက္ကဠ တင့်လွင် နဲ့ ဝင်းကိုကိုလတ်(စွေစောင်း) တို့က ခွဲဝေယူခဲ့ကြတယ်။ မန္တလေးပွဲ ဦးဆောင်ခဲ့တဲ့ စရဖ ဗိုလ်ကြီး သန့်ဇင်ကျော် က ရန်ကုန်ပွဲအတွက် ချထားပေးခဲ့တဲ့ သိန်း ၇၅၀ မှာ သူ့အတွက် ဝေစု မချိန်လို့ သုစိတ္တနဲ့ ပြဿနာတွေတက်ခဲ့ကြပါတယ်။

အကြံဆိုးဖြင့် လက်ပစ်ဗုံးတွေ ထပ်ဝယ်

သပိတ်စခန်း မအောင်မြင်တဲ့အခါမှာ မဘသ သင်္ကန်းဝတ် သုစိတ္တ က သု့တပည့် ကျောက်ခဲကို မြဝတီအထိ လွှတ်ပြီး ငွေကျပ် ၃၅ သိန်းနဲ့ လက်ပစ်ဗုံး ဝယ်စေခဲ့ပါတယ်။ အဓိက ဘာသာခြားတွေရဲ့ ဘာသာရေးအဆောက်အအုံတွေကို ဗုံးခွဲပြီး ဘာသာရေးပဋိပက္ခ ဖြစ်စေရေး ဖန်တီးမယ့် ရည် ရွယ်ချက်ပါ ။ ဝယ်လာတဲ့ လက်ပစ်ဗုံးတွေကို လှိုင်မြို့နယ် ကြံ့ခိုင်ရေးပါတီဝင်ဒေါ်ယမင်းက သိမ်းဆည်းပေးခဲ့ပါတယ်။

အစွန်းရောက် ကျောက်ခဲက လက်ပစ်ဗုံး ၂ လုံးကို ၅ သိန်းနဲ့ဝယ်ခဲ့ပြီး ကျန်ငွေ သိန်း ၃၀ ပြန်မပေးပါဘူး။ သုစိတ္တနဲ့ ကျောက်ခဲလည်း ငွေပြန်မပေးမှုနဲ့ ပြဿနာတက်ကြပြန်ပါတယ်။ ကျောက်ခဲက ပိုငွေ ပြန်မပေးလို့ သုစိတ္တ က ကျောင်းကိုမလာနဲ့ဆိုပြီး မောင်းချပါတယ်။

ကျောက်ခဲ လက်ပစ်ဗုံး ဝယ်တဲ့ကိစ္စ၊ ငွေကြေးကိစ္စ၊ ခင်ရီ တစ်ပတ်ရိုက်တဲ့ကိစ္စတွေက မဘသနဲ့ အမျိုး သားရေး သမားတွေ အကြားမှာ အတော်များများ သိသွားကြပြီး လက်နက်ခဲယမ်းတွေပါ သုံးမယ့် ဘာသာရေးပဋိပက္ခ ဖန်တီးနေတာကို မပါချင်ကြဘူးဆိုတဲ့ အသံတွေ ထွက်လာပါတယ်။

တချို့မဘသနဲ့ အမျိုးသားရေးသမားတွေက လည်း သပိတ်တွေအတွက်ပေးတဲ့ ငွေကြေးတွေကို ဘယ်လိုစီမံနေလဲ သိခွင့်ရှိရမယ်ဆိုပြီး ပေါ်ပေါ်တင်တင်ကို ငွေကြေးကိစ္စတွေ ရှင်းဖို့ စိန်ခေါ်ကြပါတယ်။ မဘသနဲ့ အမျိုးသားရေး သမားတွေ အချင်းချင်း ပြန်ချကုန်ကြပါတယ်။

ဒီအခြေအနေတွေကြောင့်ပဲ ကျောက်ခဲတို့ လုပ်မယ့် ဗုံးခွဲရေး အစီအစဉ်၊ သပိတ်စခန်းကနေ တစ်နိုင်ငံလုံး ပဋိပက္ခ ဖန်တီးမယ့် အစီအစဉ်တွေ အကုန် ပျက်စီးသွားခဲ့ပါတယ်။ ခံယူချက်မပါဘဲ ငွေကြေးရလို့ လုပ်ကြတာမို့ တကယ် အရေးကြုံလာတဲ့အခါ ဘယ်သူကမှ မစွန့်စားဘဲ ရှောင်ထွက်ကုန်ကြတာလည်းဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ကြံ့ဖွတ် ခင်ရီလည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ၂၀၁၇ ခုနှစ် တစ်နှစ်လုံး သူကြံစည်ခဲ့တဲ့ NLD အစိုးရ ဖြုတ်ချရေး စီမံချက် ပျက်ပြယ်သွားခဲ့ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article