33 C
Yangon

မြန်မာစစ်ကောင်စီ မနိုင်မနင်း ဖြစ်နေသည့် ပြည်တွင်းပြည်ပ ဖိအားများ

Must read

By Tillotom Rani Charulata

ပြည်တွင်းပြည်ပဖိအားများကို အကြောင်းရင်း အမျိုးမျိုးကြောင့် မြန်မာစစ်ကောင်စီက မည်သည့်အခါကမျှ ကိုင်တွယ်နိုင်စွမ်း မရှိခဲ့ပေ။ ထို့ကြောင့် ရက်စက်သော ဤစစ်တပ်ကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းလင်း ဖျက်သိမ်းသင့်သည်။

သည်းညည်းမခံနိုင်လောက်အောင် မိုက်မဲ၍ ပညာမတတ် ကြမ်းကြုတ်သည့် စစ်သားများဖြင့်ဖွဲ့စည်းထားသော အာဏာရူးသွပ်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ ခါးပိုက်ဆောင်စစ်တပ်နှင့် ဆက်ဆံနေရမှန်း ကမ္ဘာ့ခေါင်းဆောင်များ လုံးဝမသိရှိကြပေ။

ယနေ့အခါ အဆိုပါလူရမ်းကားများသည် ပြည်သူ့အမျက်ဒေါသကို စိုးရိမ်ထိတ်လန့်နေကြပြီ ဖြစ်သည်။ မြန်မာစစ်တပ်က တတ်ကျွမ်းသည့် တစ်ခု တည်းသောအရာမှာ အကြမ်းဖက်ခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများ လုပ်ရမည့်အလုပ်မှာ မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပြီး စစ်တပ်ကိုဖျက်သိမ်းကာ စစ်ဗိုလ်ချုပ်ကြီးအားလုံးကို သည်ဟိတ်တရားရုံးသို့ စစ်ရာဇဝတ်ကောင်များအဖြစ် တရားစွဲဆို ပို့ဆောင်ပေးရန်သာသည်။

သို့ဖြစ်၍ ထိုသို့ကြမ်းကြုတ် ရက်စက်သော စစ်တပ်ကို ဖျက်သိမ်းရန် မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်ရမည်ကို ကမ္ဘာ့ခေါင်းဆောင်များ သဘောပေါက်ထားရပေလိမ့်မည်။ မြန်မာစစ်တပ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးနေသူဖြစ်သည်။ ဤအရေး၌ မည်သည့်အလျှော့အတင်း အပေးအယူမျိုးမျှ မရှိနိုင်ပေ။

မြန်မာနိုင်ငံသည် မဟာဗျူဟာကျကျ အရေးပါသော နိုင်ငံတစ်ခုဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် ဗြတိသျှ လက်အောက်မှ လွတ်လပ်ရေးရလာပြီးနောက် တိုင်းပြည်သည် စစ်အုပ်ချုပ်မှုအောက်သို့ ကာလတာရှည် ရောက်ရှိနေခဲ့သည်။ ဒေသအလိုက် တိုင်းရင်းသားအုပ်စုမျိုးစုံနှင့် စစ်တပ်၊ အစိုးရတို့အကြား ပဋိပက္ခသမိုင်းကြောင်းမှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လတ်တလော၌ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသည်။

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်သည် တိုင်းရင်းသားအုပ်စုများနှင့် ဆက်ဆံရေး ပိုမိုတင်းမာလာကာ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာသော ပြည်တွင်းစစ် အကျပ်အတည်းအတွင်း သက်ဆင်းခဲ့ရသည်။ မြန်မာ့အုပ်ချုပ်မှု ယန္တရားကို အဓိကအားဖြင့် အဖွဲ့ ၃ ခု ခွဲခြားနိုင်သည်ဟု ပထဝီနိုင်ငံရေး ဆန်းစစ်သူများက ဆိုသည်။

ပထမအဖွဲ့မှာ တိုင်းပြည်ကို အုပ်ချုပ်နေသော ထိပ်တန်းအရာရှိများ ပါဝင်သည့် စစ်ကောင်စီဖြစ်ပြီး ဒုတိယအဖွဲ့မှာ အကြီးတန်းစစ် အရာရှိကြီးများပါဝင်သော အဖွဲ့ဖြစ်ကာ တတိယတစ်ခုမှာ စစကောင်စီ၏ အစိုးရဝန်ကြီးများအဖွဲ့ ဖြစ်သည်။ သို့သော် လက်နက်ကိုင်အဖွဲ့၏ အကြီးအကဲလည်းဖြစ်၊ အာဏာသိမ်းခေါင်းဆောင် လည်းဖြစ်သော မင်းအောင်လှိုင်က အဆိုပါအဖွဲ့သုံးခုစလုံးကို လွှမ်းမိုးချုပ်ကိုင်ထားပြီး ၎င်း၏အာဏာအရပ်ရပ်မှာ တဖြည်းဖြည်း ကြီးထွားလာနေသည်။

စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းအားဖြင့် စစ်ကောင်စီတွင် အကြွင်းမဲ့ အာဏာရရှိသွားသည်။ စစ်ကောင်စီသည် ဆန့်ကျင်ဆန္ဒပြသူများကို နှိမ်နှင်းနိုင်ရန် နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လက်နက်တစ်ခုအဖြစ် အသုံးချလျက် အာဏာရှင်စနစ်လမ်းစဉ်ကို ကျင့်သုံး နေသည်။ ၎င်းတို့ အာဏာတည်မြဲခိုင်မာရေးအတွက် ပြဋ္ဌာန်းခဲ့သည့် အလွန်တင်းကြပ်သော ဥပဒေ အများအပြားကလည်း မြန်မာပြည်သူတို့၏ အခွင့်အရေးနှင့် အခြေခံလူ့အခွင့် အရေးများကို ခြိမ်းခြောက်လာလျက်ရှိသည်။

ထို့အပြင် အင်တာနက်အသုံးပြုမှုကို နည်းမျိုးစုံနှင့် ကန့်သတ်နေပြီး အွန်လိုင်း သတင်းစာနှင့် လူမှုမီဒီယာပလက်ဖောင်းများကို ပိတ်ပင်ထားသည်။ မကြာသေးမီက ပြဋ္ဌာန်းလိုက်သည့် ဥပဒေသစ်တွင် လူမှုကွန်ရက်ပေါ်မှ အစိုးရဆန့်ကျင်ရေး ပို့စ်(Post)တစ်ခုကို လိုက်ခ် (Like)လုပ်ခြင်း သို့မဟုတ် မျှဝေခြင်း(Like or share)ပြုလုပ်ပါက ထောင်ဒဏ်ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ်များ ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။

ယမန်နှစ် ဖေဖော်ဝါရီလ အာဏာရယူသည့်အချိန်က မြန်မာစစ်ကောင်စီသည် အရေးပေါ် အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ဩဂုတ်လတွင် အဆိုပါအရေးပေါ် အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးခဲ့သည်။ စစ်ကောင်စီ၏ အဓိကဦးစားပေးအချက်မှာ အာဏာဆက်လက်တည်မြဲရေး ဖြစ်သည်။ အကျိုးဆက်အဖြစ် ယနေ့တိုင်းပြည်၏ စီးပွားရေးမှာ အကျပ်အတည်းနှင့် ရင်ဆိုင်လာရသလို ပြည်သူတို့မှာ ယင်းအခြေအနေဆိုးများကို ခါးစီးကြုံတွေ့ခံစားလာကြရသည်။

စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းအပြီး မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေးအရေး ယူပိတ်ဆို့မှုများ ချမှတ်ပြဋ္ဌာန်းခဲ့သည်။ နိုင်ငံခြားအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားသည်။ ရလဒ်အဖြစ် နိုင်ငံ၏ သီးသန့်နိုင်ငံခြားသုံး ငွေပမာဏမှာ လွန်ခဲ့သည့်ဧပြီလမှ စတင်၍ လျော့နည်းကျဆင်းလာသည်။ ပြည်တွင်းအကျပ်အတည်းအပြင် ယူကရိန်းစစ်ပွဲဂယက်ကြောင့် အခြေခံလူသုံးကုန် ပစ္စည်းဈေးနှုန်းများ မြင့်တက်လာသည်။

အခြားတစ်ဖက်တွင်လည်း အင်န်အယ်လ်ဒီ အစိုးရ၏ထောက်ခံမှုဖြင့် အကြမ်းမဖက် လူထုလှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲရင်း လူအများအပြားက လျှပ်စစ်မီတာခများ မပေးဆောင်ကြသလို မည်သူမျှအခွန်ထမ်းဆောင်ခြင်း မရှိကြပေ။ အစိုးရ၏ အခွန်ကောက်ခံရရှိမှုသည် အနိမ့်ဆုံးပမာဏသို့ စံချိန်တင်ကျဆင်းသွားခဲ့သည်။ ယမန်နှစ်က နိုင်ငံ၏ စီးပွားရေးသည် ၂၀ ရာခိုင်နှုန်းခန့် ကျုံ့ဝင်သွားသည်။

ပြီးခဲ့သည့်ဇန်နဝါရီလက ထုတ်ပြန်သော ILO အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုင်းပြည် လူဦးရေ၏ ထက်ဝက် သို့မဟုတ် လူဦးရေ ၂ ဒသမ ၅ သန်းခန့်သည် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် ရောက်ရှိနေပြီး ပြည်သူ ၁ ဒသမ ၆ သန်း သို့မဟုတ် စုစုပေါင်း လုပ်သားအင်အား၏ ၈ ရာခိုင်နှုန်းမှာ ၎င်းတို့၏ အလုပ်အကိုင်များဆုံးရှုံးခဲ့ကာ လူဦးရေ ၁ ဒသမ ၃ သန်းတွင် စားနပ်ရိက္ခာမဖူလုံမှု အန္တရာယ်ကျရောက်နေသည်ဟု ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ကမ္ဘာ့အကျပ်အတည်းနှင့် ပြည်တွင်းရေးဂယက်များ ပေါင်းစပ်၍ ဒေါ်လာနှင့်လဲလှယ်သည့် မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက် ကျဆင်းလာသည်။ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီ ၁ ရက်တွင် ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၃၉၅ ကျပ် ရှိခဲ့ရာမှ ယခု ၂,၀၀၀ ကျော်ကျပ်အထိ တန်ဖိုးလျော့နည်းသွားသည်။ The Economist ၏ ဖော်ပြချက်အရ ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ဟန့်တားရန် မြန်မာဗဟိုဘဏ်အနေဖြင့် ၎င်း၏ သီးသန့်ရန်ပုံငွေထဲမှ ၁၀ ရာခိုင်နှုန်းကို ထုတ်ရောင်းရန်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထိုအကျပ်အတည်းနှင့် ကြုံလာသည့်အခါ သီးသန့်နိုင်ငံခြားသုံးငွေကို ဆက်လက်ထိန်းသိမ်းရန် စစ်ကောင်စီသည် ငွေကြေးထိန်းချုပ်မှုများ၊ အရေးကြီးသည့်ပိတ်ပင်မှုများ ချမှတ်ဆောင်ရွက်လာသည်။ နောက်ဆက်တွဲအဖြစ် အများပြည်သူအတွက် ဆေးဝါးကဲ့သို့ မရှိမဖြစ် လူသုံးကုန်ပစ္စည်း ရှားပါးပြတ်လပ်သည့် အခက်အခဲများဖြစ်ပေါ်လာခဲ့သည်။

ယနေ့ မြန်မာစစ်ကောင်စီသည် လူနည်းစုတိုင်းရင်းသားအဖွဲ့မျိုးစုံ၏ အပြင်းအထန် တော်လှန်တိုက်ခိုက်မှု နှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဟူသော အတိုက်အခံအစိုးရ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ အတိုက်အခံအစိုးရသည် အကူအညီများ ပေးအပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းသို့ မေတ္တာရပ်ခံတောင်းဆိုခဲ့ပြီးဖြစ်ကာ အဆိုပါတောင်းဆိုမှု အပေါ် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပြန်လည်တုံ့ပြန်ကြပြီးလည်းဖြစ်သည်။

ထို့အပြင် NUG သည် ဆန္ဒပြသူများအပေါ် စစ်တပ်၏ရက်စက်စွာ နှိမ်နှင်းမှုကို တန်ပြန်တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) ဟူသော ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ကိုလည်း ထူထောင်ခဲ့သည်။ ထိုအခြေအနေများကြောင့် စစ်ကောင်စီသည် နယ်စပ်ပြည်နယ်များ၌ တိုင်းရင်းသားအဖွဲ့အမျိုးမျိုးနှင့်သာမက တိုင်းပြည်အလယ်ပိုင်းဒေသများ၌ ဒီမိုကရေစီလိုလားသော PDF တပ်များနှင့်ပါ တိုက်ပွဲများ ဆင်နွှဲလာရသည်။

စစ်ရေးအကျပ်အတည်းကြောင့် စစ်ကောင်စီ၏ နိုင်ငံရေးအရ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုတွင် ကြီးမားနက်ရှိုင်းသည့် အခက်အခဲများ ကြုံတွေ့လာသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီ၏ အာဏာရှင်ဆန်သည့် နည်းလမ်းကျင့်သုံးမှုများ၊ ရက်စက်သော ဖိနှိပ်မှုများကြောင့် ကျန်ကမ္ဘာ့နိုင်ငံများ၏ လက်သင့်ခံနိုင်မှုကို လက်လွှတ်ဆုံးရှုံးကာ သံတမန်ရေးအရလည်း အရေးနိမ့်လာသည်။ အကျိုးဆက်အဖြစ် ၎င်းတို့သည် သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးဟူသော မျက်နှာစာ သုံးဖက်သုံးတန်စလုံးတွင် ရှုံးနိမ့်လုနီးပါး ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ယခင်ကထက် ပို၍ခိုင်မာအားကောင်းလာသည်။ စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အောင်ပွဲအများအပြား ရယူလာကြသလို ၎င်းတို့ထိန်းချုပ်နိုင်သည့် ဧရိယာအကျယ်အဝန်းလည်း ကြီးမားလာသည်။ တိုင်းရင်းသားအုပ်စုမျိုးစုံရှိ လက်နက်ကိုင်အဖွဲ့ များသည် စစ်ကောင်စီ ပြုတ်ကျရေးအတွက် ၎င်းတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်လာသည်။

မြန်မာ့ထိပ်တန်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်း ၇ ဖွဲ့မှ အဖွဲ့ဝင်များသည် အကြမ်းဖက်မှုများ တိုးမြင့်လာသည့် အချိန်အတောအတွင်း ‘ဝ’ပြည်နယ်၊ ပန်ဆိုင်းမြို့၌ စက်တင်ဘာအတွင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု ဧရာဝတီသတင်းဌာနဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် စစ်တပ်ကိုဆန့်ကျင်နေသော မြန်မာပြည်သူတို့ကလည်း တော်လှန်ရေးအဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့ အများအပြား၏ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသည်။

ထို့အပြင် မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်၌ အလွန်ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ယနေ့ ရခိုင်ပြည်နယ်၏ နယ်မြေသုံးပုံနှစ်ပုံကျော်သည် ရခိုင်တပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ NUG ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ကုန်အထိ မြန်မာစစ်တပ်မှ စစ်သား ၂၀,၁၅၀ ကျော်သေဆုံးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်ကို လူများစုဗမာလူမျိုးများက ကြီးစိုးထားသည်။ သို့သော် ဗမာအများစုနေထိုင်ရာ ဒေသများ၌ မကြာသေးမီက ဆောင်ရွက်ခဲ့သော စစ်တပ်၏ စစ်ဆင်ရေးများကြောင့် စစ်တပ်အတွင်း၌ပင်လျှင် စစ်ကောင်စီကို မုန်းတီးသည့် စိတ်ခံစားချက်များ ဖြစ်ပေါ်လျက်ရှိသည်။ People’s Embrace အုပ်စု၏ စာရင်းများအရ အာဏာသိမ်းပြီးကတည်းက စစ်သား ၂ ,၀၀၀ ကျော်နှင့် ရဲအရာရှိ ၅,၀၀၀ ကျော်မှာ ဘက်ကူးပြောင်းလာကြပြီး ဖြစ်သည်ဟု ဆိုသည်။

တပ်ဖွဲ့နှင့် စစ်သည်များဆုံးရှုံးရခြင်းနှင့်အတူ စစ်တပ်သည် ကင်းစခန်း အများအပြားကိုလည်း လက်လွှတ်ခဲ့ရပြန်သည်။ လွန်ခဲ့သည့် ၁၇ လတာ ကာလအတွင်း မြန်မာစစ်တပ်သည် နိုင်ငံအတွင်းရှိ ၎င်း၏ ကင်းစခန်း ၉၀ ခန့်ကို တိုင်းရင်းသားအုပ်စုများထံသို့ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုအပြီးတွင် မြန်မာ့လူတန်းစား အလွှာပေါင်းစုံသည် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ငြိမ်းချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ သို့သော် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ၏ အကြမ်းဖက် လက်တုံ့ပြန်ဖိနှိပ်မှုများကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှုများသည် လက်နက်ကိုင်တော်လှန်ရေးအဖြစ် အသွင်ကူးပြောင်းသွားကာ ယနေ့ထက်တိုင် ဆက်လက်တော်လှန်လျက်ရှိသည်။

ပဋိပက္ခမှာ အရှိန်အဟုန်ပြင်းပြင်း ဆက်လက်ဖြစ်ပွားနေဆဲပင်။ ထို့အပြင် တိုင်းပြည်၏ စီးပွားရေးနှင့် နယ်စပ်ဒေသများ၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများက ပဋိပက္ခအခြေအနေကို ပိုမိုဆိုးဝါးစေလျက် ရှိသည်။

မင်းမဲ့စရိုက်အခြေအနေများ နိုင်ငံတစ်လွှားမင်းမူနေသည်။ အချိန်ကြာမြင့် လာသည်နှင့်အမျှ မြန်မာ့ အခြေအနေ အထွေထွေအရပ်ရပ်နှင့်အတူ စစ်ကောင်စီ၏ အနေအထားမှာလည်း အားနည်းယုတ်လျော့ လာလျက်ရှိသည်။ ဤအခြေအနေမျိုး၌ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်နိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြားဝင်စွက်ဖက်မှုတစ်ခု လိုအပ်နေပြီဖြစ်သည်။

(Pakistan Today ပါ Tillotom Rani Charulata ၏ “Why can’t the Myanmar military junta handle both internal and external pressure?” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article