35 C
Yangon

ရင်ပေါင်တိုင်ကျေးရွာကို စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီးနောက် ပြားအိုကျေးရွာမှ အမျိုးသား ၃၇ ဦးကို ဖမ်းဆီးကာ ကိုယ်ဝန်ဆောင် မစိုးစိုးနှင့် အမယ်အို ဒေါ်ညွန့်ညွန့်တို့ကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ်အစပ် ရင်ပေါင်တိုင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်း စစ်ရဟတ်ယာဉ် ၆ စီးဖြင့် ပစ်ခတ်ပြီးနောက် အမျိုး သား ၃၇ ဦးကို ဖမ်းဆီးကာ အမျိုး သမီး ၂ ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် စစ်တပ်က ရဟတ်ယာဉ် ၆ စီးဖြင့် ပစ်ခတ်ခြင်း၊ စစ်အင်အား ၂၀၀ ချထားပြီး ကျေးရွာမျာကို စီးနင်းခြင်းများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ၊ ယင်းနောက် အမျိုးသမီး ၂ ဦးကို ပစ်သတ်ပြီး အမျိုးသား ၃၇ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့က ရင်ပေါင်တိုင်ရွာကို ပစ်မှတ်ထားမယ်လို့ ဒေသခံတွေက ထင်လို့ ပြားအိုရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်နေကြတာ။ အဲဒီနေရာကို စစ်ကောင်စီ လာရောက်ပြီး ‌ဒေသခံအမျိုးသား၃၇ယောက်ကို ဖမ်းဆီးခေါ်ဆောင် သွားကြတယ်။ နောက်ပြီး စစ်ဘေးရှောင်တွေဆီက ဖုန်းအလုံး၁၅၀လောက်ကိုလည်းသိမ်းသွားတယ်။ အခုလည်း ညနေ၃နာရီခွဲကျော်အချိန် စစ်တပ်က ပစ်သတ်ထားတဲ့ အမျိုးသမီး အလောင်းနှစ်လောင်း ထပ်တွေ့ထားတယ်။ အမည်က ဒေါ်ညွန့်ညွန့် အသက်၆၀ကျော်၊ နောက်ထပ်တစ်ယောက်က မစိုးစိုး အသက် ၃၀ ကျော်ပါ။ မစိုးစိုးက ကိုယ်ဝန်၆လနဲ့ အခုလိုစစ်ကောင်စီကပစ်သတ်ထားခဲ့ကြတယ်။ အလောင်းတွေ့တာက ပြားအိုရွာ ဘုန်းတော်ကြီးကျောင်းအနီးမှာတွေခဲ့ရတယ်။နောက်ထပ်လည်း ဒဏ်ရာရသူအမျိုး သားနှစ်ဦးလည်းရှိသေးတယ်။ တစ်ဦးက ကုတ်ကိုကျည်မှန်ထားတယ်။ နောက်တစ်ယောက်က ဘယ်ဘက်လက်မောင်းကျည်မှန်ထားတယ်”ဟု ဒေသခံကိုမိုးဝင်းကပြောဆိုသည်။

လတ်တလော စစ်ကောင်စီတပ်များက ပုလဲမြို့နယ်ပုထိုးသာတွင် စစ်ကြောင်းတစ်ခု၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် စစ်ကြောင်းတစ်ခု တပ်စွဲထားကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသွားသူများကို မုန်တိုင်ပင်ကျေးရွာကဲ့သို့ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုများ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့နံနက်ပိုင်း ရင်ပေါင်တိုင်ကျေးရွာအုပ်စုကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article