29 C
Yangon

စီးပွားရေးပိတ်ဆို့ခံရအပြီး စင်္ကာပူ၌ ခိုလှုံလာသည့် မြန်မာခရိုနီသူဌေးများ (အပိုင်း ၂)

Must read

By Chanyaporn Chanjaroen

“စစ်အစိုးရ၏နံပါတ်တစ် ခရိုနီလုပ်ငန်းရှင်ကြီး”ဟု တစ်ခါက ခေါ်ဆိုခံခဲ့ရသည့် ဦးတေဇသည် စင်္ကာပူ၊ ဆန်တိုစာကျွန်းပေါ်၌ ဘဝကို သာသာယာယာ ဖြတ်သန်းနေထိုင်လျက်ရှိသည်။ သို့သော် အဆိုပါ သာယာလှပသောနေ့ရက်များမှာ ကုန်ဆုံးသွားဖွယ်ရာရှိနေသည်။

အေးချမ်းရာ အိုအေစစ်နယ်မြေ

အခြားကြွယ်ဝချမ်းသာသူများကဲ့သို့ပင် ဦးတေဇကို စင်္ကာပူ၏ တည်ငြိမ်အေးချမ်းမှုနှင့် သိုသိုသိပ်သိပ် နေထိုင်နိုင်မှုများက ဆွဲဆောင်ဖမ်းစားခဲ့သည်။ စင်္ကာပူနိုင်ငံသည် ၎င်း၏အာရှ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အေးချမ်းရာ အိုအေစစ်နယ်မြေဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှ ခွဲထွက်လာချိန်ကတည်းက စင်္ကာပူနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေး အချက်အခြာ ဗဟိုဌာနအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် လီကွမ်ယုက ဆောင်ရွက်ခဲ့ပြီး ၎င်းပူးတွဲတည်ထောင်ခဲ့သော နိုင်ငံရေးပါတီတစ်ခုတည်းက တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိသည်။

ဆွစ်ဇာလန်နှင့် ဟောင်ကောင်ပြီးလျှင် ကမ္ဘာ့တတိယအကြီးဆုံး ပင်လယ်ရပ်ခြား ဘဏ္ဍာရေး ဗဟိုဌာနဖြစ်သော စင်္ကာပူသည် တစ်ကမ္ဘာလုံးမှ ရန်ပုံငွေများကို ညှို့ယူဆွဲဆောင်နေသည်။ ၂၀၂၀ ပြည့်နှစ်တွင် စင်္ကာပူရှိကုမ္ပဏီများ၏ အသားတင် ပိုင်ဆိုင်ပစ္စည်းတန်ဖိုးမှာ ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံ အထိရှိပြီး ၎င်းတို့၏ လေးပုံသုံးပုံသည် ပင်လယ်ရပ်ခြားဒေသမှ ဖြစ်သည်ဟု ဗဟိုဘဏ်စစ်တမ်းတစ်ခုက ဆိုသည်။

ဘဏ်များနှင့် ကြွယ်ဝသူများ၏ ငွေကြေးအကြံပေး မန်နေဂျာများသည် အာဏာပိုင်များ သို့မဟုတ် တရားရုံးအမိန့်အရမှအပ မိမိဖောက်သည်များ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ထုတ်ဖော်ပြောကြားခွင့် မရှိကြပေ။

ကုမ္ပဏီတည်ထောင် ဖွဲ့စည်းခြင်းလုပ်ငန်းသည် စင်္ကာပူ၏ ကြီးမားသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်ပြီး ယခုနှစ် ဇူလိုင်လအထိ စင်္ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၅ သိန်း ၆ သောင်းကျော် ရှိသည်။ အကျိုးခံစားရသူများတွင် မလေးရှားရှေ့နေတစ်ဦးဖြစ်သူ Serena Lee Chooi Li လည်း ပါဝင်သည်။

စင်္ကာပူကုမ္ပဏီ မှတ်ပုံတင်ဌာနရှိ ၁၄၇ မျက်နှာရှည်လျားသော သူ၏ကိုယ်ရေး အချက်အလက်များအရ အဆိုပါ မလေးရှားရှေ့နေသည် ကုမ္ပဏီပေါင်း ၂၀၀ ကျော်အတွက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည် သို့မဟုတ် ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။

သူလက်ရှိတာဝန်ထမ်းဆောင်ဆဲ ကုမ္ပဏီများတွင် ဦးတေဇ၏ Pavo Trading လည်းပါဝင်ကာ ၎င်းကုမ္ပဏီတွင် Serena Lee Chooi Li သည် ၁၉၉၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့ခြင်း ဖြစ်သည်။

Serena Lee၏ ကုမ္ပဏီတည်ရှိရာ ဘားရက်အဆောက်အအုံ၏ ခြောက်လွှာရှိ လိပ်စာတစ်ခုတည်း၌ အများစုမှတ်ပုံတင်ထားသော ဦးတေဇနှင့် ၎င်း၏မိသားစုနှင့် ဆက်နွယ်မှုရှိသည့် အခြားကုမ္ပဏီ တစ်ဒါဇင်ခန့်တွင်လည်း သူကအတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ဖူးသည် သို့မဟုတ် တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။ သူက မှတ်ချက်ပေးရန် ငြင်းဆိုသည်။

Pavo Tradingကို ဦးတေဇ၏ ဘဏ္ဍာရေးကွန်ယက် အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုက ၂၀၀၈ ခုနှစ်ကတည်းက စာရင်းသွင်းထားသည်။ ယနေ့အထိ ၎င်းကုမ္ပဏီသည် စင်္ကာပူကုမ္ပဏီမှတ်ပုံတင်စာရင်း၌ ကြွေးမြီကင်းကင်းဖြင့် ဆက်လက် ရှင်သန်လုပ်ငန်း လည်ပတ်နေဆဲဖြစ်ကာ မကြာသေးမီ ၂၀၂၁ ခုနှစ်၊ ဇွန် ၃၀ ရက်နေ့က နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကြီးကို ကျင်းပခဲ့သည်ဟု သိရသည်။

ဦးတေဇကို မန်နေဂျင်း ဒါရိုက်တာ၊ ဒါရိုက်တာနှင့် အစုရှယ်ယာ အများစုပိုင်ရှင်အဖြစ် စာရင်းသွင်းထားသည်။ ဦးတေဇနှင့် ကွာရှင်းထားသောဒေါ်သီတာဇော်သည် ကုမ္ပဏီတွင်ပါဝင်သော အခြားအစုရှယ်ယာရှင်တစ်ဦးဖြစ်သည်။ ကုမ္ပဏီ၏အမည်ကို ဦးတေဇ အကြိုက်ဆုံး ဆေးပြင်းလိပ် တံဆိပ်ဖြစ်သော El Pavo ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။

ဦးတေဇအမည်ဖြင့် စာရင်းသွင်းထားသော စင်္ကာပူအခြေစိုက်ကုမ္ပဏီ ၁၀ ခုအနက် ၂ ခုသာလုပ်ငန်း လည်ပတ်လျက်ရှိသော်လည်း မြေပြင်အခြေအနေမှန်မှာ ယခုထက်ပိုမို ရှုပ်ထွေးနေဖွယ်ရှိသည်။ ယခုနှစ်အထိ အခြားသော ကုမ္ပဏီတစ်ဒါဇင်ခန့်ကို ဦးတေဇ၏ ဝန်ထမ်းများ သို့မဟုတ် မိသားစုဝင်များက ပိုင်ဆိုင်ထားသည်။ ဦးတေဇ၏ အစ်မဖြစ်သူ ဒေါ်သီတာဆွေသည် မေလအထိ လုပ်ငန်းများလည်ပတ် ဆောင်ရွက်ခဲ့သော Frontier Gold (စင်္ကာပူ) ကုမ္ပဏီကို ပိုင်ဆိုင်သည်။

ဦးတေဇ၏ သားအငယ် ကိုထက်ထူးသည် စင်္ကာပူကုမ္ပဏီ ၃ ခုတွင် အစုရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦးဖြစ်သည်။ ဦးတေဇ၏ ဝန်ထမ်းတစ်ဦးဖြစ်သူTeo Ah Peng သည် လုပ်ငန်းလည်ပတ်ဆဲ ကုမ္ပဏီ ၆ ခုတွင် ဒါရိုက်တာတစ်ဦး ဖြစ်နေသည် သို့မဟုတ် ဒါရိုက်တာတစ်ဦးအဖြစ် ယခင်ကတည်းက တာဝန်ထမ်းဆောင်နေခဲ့သည်။ ၎င်းတာဝန်ထမ်းဆောင်နေသည့် ကုမ္ပဏီအချို့ကို ဘားရက်အဆောက်အအုံ လိပ်စာ၌ပင် မှတ်ပုံတင် ထားသည်ကို တွေ့ရသည်။

ဦးတေဇ၏ ဆန်တိုစာနေအိမ်ကို မလေးရှား အကြီးဆုံးဘဏ်ဖြစ်သော Malayan Banking Bhd ၏ စင်္ကာပူရုံးခွဲမှ အရစ်ကျချေးငွေဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဒေသဆိုင်ရာမြေစာရင်းအာဏာပိုင်၏ မှတ်တမ်းများအရ သိရှိရသည်။ အရစ်ကျချေးငွေ၏ ပမာဏကို မသိရှိရသော်လည်း အလားတူ အရွယ်အစားရှိသော အိမ်တစ်လုံး သည် ယနေ့ဈေးကွက်၌ စင်္ကာပူဒေါ်လာ ၁၅ သန်း (အမေရိကန်ဒေါ်လာ ၁၀.၇၄ သန်း)အထိ ပေါက်ဈေးရှိသည်ဟု ERA Singapore အိမ်ခြံမြေကုမ္ပဏီက ဆိုသည်။

ဆာတိုစာကျွန်းဂေါက်ကွင်းများ၏ မျက်နှာချင်းဆိုင်၌ ဦးတေဇ၏ အစ်မ အမည်ပေါက်ဖြင့် ပိုင်ဆိုင်သောအိမ်ကို စင်္ကာပူ၏ တတိယအကြီးဆုံးဘဏ်ဖြစ်သော United Overseas Bank Ltd. မှတစ်ဆင့် အရစ်ကျချေးငွေဖြင့် ဝယ်ယူခဲ့သည်။

၂၀၁၂ ခုနှစ်က ဝယ်ယူခဲ့သော ၎င်းအိမ်၏ဈေးနှုန်းမှာ စင်္ကာပူဒေါ်လာ ၁၅.၃ သန်းဖြစ်သည်ဟု အများပြည်သူကို ထုတ်ပြန်သည့်မှတ်တမ်းများတွင် တွေ့ရသည်။ ဝယ်ယူသူ တစ်ဦးချင်းစီအကြောင်း ၎င်းတို့ မှတ်ချက်မပေးနိုင်သော်လည်း ၎င်းဝယ်ယူမှုသည် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းအားလုံးကို လိုက်နာခဲ့သည်ဟု Maybank ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ မှတ်ချက်ပေးရန် မေးမြန်းမှုကို UOBဘဏ်က ပြန်လည်ဖြေကြားခြင်း မရှိပေ။

စင်္ကာပူသည် မြန်မာနိုင်ငံ၌ ၁၉၈၉ ခုနှစ်မှစတင်၍ စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ ပမာဏအထိ အများဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံ ဖြစ်သည်။ အစိုးရရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Temasek Holdings Ltd က အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် Keppel Corp အပြင် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဖြစ်သော GIC Ltd သည်လည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။

အရပ်သား ၂,၀၀၀ ကျော်သေဆုံးခဲ့ပြီး အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့လင့်ကစား ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်းသို့ ငွေကြေးများ ဆက်လက်စီးဝင်နေဆဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ ခန့်မှန်းချက်တွင် ဖော်ပြသည်။ မတ်လက ကုန်ဆုံးခဲ့သော ခြောက်လတာကာလအတွင်း စင်္ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၉၇ သန်းဝင်ရောက်ခဲ့သည်ဟု မြန်မာမှတ်တမ်းများတွင် တွေ့ရှိရသည်။

အမေရိကန်၏ ဖိအား

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် ယေဘုယျအားဖြင့် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးအပေါ် ပြစ်တင်ဝေဖန်ခြင်း၊ စွက်ဖက်ဆောင်ရွက်ခြင်းများကို မပြုလုပ်ဘဲ ရှောင်ရှားနေလေ့ရှိသည်။ သို့သော် ထိုအနေအထားမှာ မြန်မာ့အာဏာသိမ်းမှုအပြီး ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

အကြမ်းဖက်မှုများအဆုံးသတ်ရေး ၂၀၂၁ ခုနှစ်၊ ဧပြီကရရှိခဲ့သော သဘောတူညီမှုကို ဖြည့်ဆည်းရန် မြန်မာခေါင်းဆောင်များ၏ ပျက်ကွက်မှုအပေါ် အာဆီယံက အရေးယူသည့်အနေဖြင့် ယမန်နှစ်အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသောထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံအား တက်ရောက်ခွင့်မပြုခဲ့ပေ။

ယခုနှစ်အစောပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့သည်။ မေလကအိမ်ဖြူတော်၌ ကျင်းပသော အာဆီယံအစည်းအဝေး၏ နေ့လည်စာ ဧည့်ခံပွဲတစ်ခုတွင် အဖြုတ်ချခံ မြန်မာအရပ်သားအစိုးရကို ကိုယ်စားပြုသည့်အနေဖြင့် ခုံအလွတ်တစ်လုံးကို ထည့်သွင်းခင်းကျင်းထားခဲ့သည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းမရှိသေးပေ။ စင်္ကာပူနိုင်ငံသည် မိမိ တစ်နိုင်ငံတည်းသဘောဖြင့် အရေးယူလေ့မရှိဘဲ ကုလသမဂ္ဂကချမှတ်သော အရေးယူ ပိတ်ဆို့မှုများကိုသာ လိုက်နာဆောင်ရွက်လေ့ရှိသည်။ သို့ရာတွင် ရုရှားနိုင်ငံအား ကုလသမဂ္ဂက အရေးယူမှုများ မပြုလုပ်ခဲ့လင့်ကစား ယူကရိန်းကျူးကျော်မှုအပြီး မတ်လတွင် စင်္ကာပူက ရုရှားအပေါ် ဘဏ္ဍာရေးအရပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် ပိုမိုတင်းမာစွာဆက်ဆံရန် အမေရိကန်က ၎င်း၏ အာရှမဟာမိတ်များကို ဖိအားပေးလျက်ရှိပြီး စင်္ကာပူကလိုက်နာ ဆောင်ရွက်မည့် လက္ခဏာများ တွေ့လာရသည်။ လွန်ခဲ့သည့် အောက်တိုဘာလက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန် Derek Chollet သည် စင်္ကာပူ ဗဟိုဘဏ်၏ ငွေကြေးအာဏာပိုင်ဌာနသို့ သွားရောက်လည်ပတ်ကာ မြန်မာနိုင်ငံအပေါ်တွင် စင်္ကာပူနိုင်ငံ၏ ငွေကြေးအရ ဩဇာအရှိန်အဝါ ကြီးကြီးမားမား ရှိနေကြောင်း ပြောကြားခဲ့သည်။ စင်္ကာပူဘဏ်များ၌ မြန်မာကုမ္ပဏီများနှင့် လူတစ်ဦးချင်း အပ်နှံငွေပမာဏမှာ များများစားစားမရှိကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီက စင်္ကာပူဗဟိုဘဏ်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာအပြီး ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအနေအထားမှာ မပြောင်းလဲသေးကြောင်း၊ သို့သော် မြန်မာနိုင်ငံ အခြေအနေများကြောင့် ပေါ်ပေါက်လာသည့် အန္တရာယ်များနှင့် စပ်လျဉ်း၍ သတိပေးချက်ကို အဆင့်တိုးမြှင့်ထားကြောင်း၊ ဗဟိုဘဏ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ “နိုင်ငံခြားအစိုးရများက ဒဏ်ခတ် အရေးယူထားသည့်ကုမ္ပဏီ၊ လူပုဂ္ဂိုလ်များနှင့် လုပ်ငန်းဆောင်ရွက်ခြင်းအပါအဝင် မည်သည့် ငွေလွှဲပြောင်းမှုများကိုမဆို ဘဏ်များက နိုးနိုးကြားကြား သတိထားနေကြရန် မျှော်လင့်ကြောင်း” စက်တင်ဘာလအတွင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ခု၌ စင်္ကာပူ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အားကောင်းအောင် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သဖြင့် မြန်မာနိုင်ငံကို စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်ရမည့်နိုင်ငံအဖြစ် ပါရီအခြေစိုက် ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (FATF) က ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီက သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသွင်းရေးအတွက် အောက်တိုဘာ ၁၈ ရက်တွင် စတင်မည့်အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးကြမည် ဖြစ်သည်။

စင်္ကာပူနိုင်ငံတွင် အခြေစိုက်ပြီး အရှေ့တောင်အာရှ၏ အကြီးဆုံးငွေချေးကုမ္ပဏီဖြစ်သော DBS Group Holdings Ltd သည် စစ်ကောင်စီကို တိုက်ခိုက်ရန် ရန်ပုံငွေစုဆောင်းနေသူ အများအပြားအပါအဝင် စင်္ကာပူတွင် နေထိုင်သည့် မြန်မာလူမျိုးအချို့၏ ငွေစာရင်းများကို ပိတ်ပစ်ခဲ့သည်ဟု အဆိုပါကိစ္စကို သိရှိထားသူများက ဆိုသည်။

ဇွန်လအတွင်းက ငွေစာရင်းပိုင်ရှင်အချို့ထံ ပေးပို့သည့် စာတစ်စောင်တွင် ၎င်းတို့၏ ငွေစာရင်း၌ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များ တွေ့ရှိရသဖြင့် ရက် ၃၀အတွင်း ၎င်းငွေစာရင်းများကို ပိတ်သိမ်းသွားမည်ဟု DBS က ရေးသားထားသည်။ အဆိုပါ ပုဂ္ဂိုလ်များအနက် အချို့မှာ နောက်ပိုင်းတွင် အခြားစင်္ကာပူ အခြေစိုက်ဘဏ်များ၌ ငွေစာရင်းအသစ်များ ဖွင့်လှစ်နိုင်ခဲ့သည် ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောကြားသည်။

DBS ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မိမိတို့၏ဖောက်သည်တစ်ဦးချင်းအကြောင်း ဘဏ်က မှတ်ချက် မပေးနိုင်ကြောင်း၊ မိမိဖောက်သည်များ၏ နိုင်ငံရေးအမြင်များအပေါ်လည်း မည်သည့်သတ်မှတ်ချက်မှ ပြဋ္ဌာန်းမထားကြောင်း ပြောဆိုသည်။ ပုံမှန်မဟုတ်သည့် လုပ်ဆောင်မှုဆိုသည်မှာ ဘဏ်၏မူဝါဒများနှင့် ဆန့်ကျင်နေသော ရာဇဝတ်မှုနှင့် ပတ်သက်နေနိုင်ခြင်း သို့မဟုတ် ငွေလွှဲပြောင်းသည့် ပမာဏနှင့် စုစုပေါင်းအတိုင်းအတာတို့မှာ ပုံမှန်မဟုတ်ဘဲ သံသယဖြစ်စဖွယ် ကြီးမားလာခြင်းတို့ ပါဝင်သည်ဟု ၎င်းက ရှင်းပြသည်။

စင်္ကာပူ၏ ပိုမိုတင်းကြပ်သော ရပ်တည်ချက်သည် အရေးယူခံရသည့်စာရင်းတွင် မပါဝင်သလို စစ်ကောင်စီနှင့် သိသာထင်ရှားသည့် ပတ်သက်မှုများမရှိသော ကုမ္ပဏီများအပေါ်တွင်လည်း ထိခိုက်မှုများ ရှိလာသည်။ “ခုတလော မြန်မာနိုင်ငံက ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေ ငွေစာရင်းအသစ်ဖွင့်တဲ့အခါ စင်္ကာပူဘဏ်တွေက ပိုပြီးတင်းတင်းကြပ်ကြပ် စိစစ်လာတာတွေ့ရတယ်” ဟု စင်္ကာပူ၏ အကြီးမားဆုံး ဥပဒေအကျိုးဆောင် ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ကုမ္ပဏီထူထောင်မှုများကို ကူညီပေးနေသည့် Rajah & Tann မှ အဖွဲ့ဝင်ဖြစ်သူ Chester Toh က ပြောကြားသည်။

“မြန်မာကုမ္ပဏီတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေခဲ့တဲ့ဘဏ်တွေဟာ အခုဆိုသူတို့နဲ့ ဆက်အလုပ်လုပ်ရမှာ ချီတုံချတုံ ဖြစ်လာကြတယ်။ ကုမ္ပဏီဖွဲ့စည်းပုံပြုပြင်မယ့် ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့အဝေးမှာ ဗဟိုပြုလည်ပတ်လိုတဲ့ မြန်မာကုမ္ပဏီတွေအတွက်လည်း ပိုမိုခက်ခဲလာပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုအချိန်မှာပင် ကျပ်ငွေတန်ဖိုးထိုးကျခြင်း၊ ဒေါ်လာငွေပြတ်လပ်ခြင်း စသည့် စီးပွားရေးအခြေအနေ ယိုယွင်းမှုများနှင့် ရင်ဆိုင်လာရသည့် မြန်မာဗဟိုဘဏ်သည် နိုင်ငံခြားငွေရရှိသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားငွေများကို ရရှိပြီးအလုပ်လုပ်ရက် (၁) ရက်အတွင်း မှောင်ခိုဈေးကွက်ပေါက်ဈေးထက် နိမ့်သော ဗဟိုဘဏ်၏ သတ်မှတ်နှုန်းဖြင့် ကျပ်ငွေသို့ မဖြစ်မနေပြောင်းလဲရမည် ဟူသော စည်းကမ်းချက် အပါအဝင် ကန့်သတ်ချက် အများအပြား ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။

ဇူလိုင်တွင် နိုင်ငံ၏လျော့နည်းကျဆင်းလာသော အရန်နိုင်ငံခြားသုံးငွေကို ထိန်းသိမ်းနိုင်ရေးအတွက် အကြွေးယူထားသော ကုမ္ပဏီများအနေဖြင့် ပြည်ပချေးငွေ ပြန်လည်ပေးဆပ်မှုများကို ရပ်ဆိုင်းထားရန် အာဏာပိုင်များက ညွှန်ကြားခဲ့သည်။

စင်္ကာပူ၌ သိမ်းဆည်းမြှုပ်နှံထားသည့် မြန်မာ့ငွေကြေးပမာဏ မည်မျှရှိသည်ကို ယုံကြည်စိတ်ချရသည့် ခန့်မှန်းချက်များ မရှိသော်လည်း အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် လူပုဂ္ဂိုလ်အများအပြားသည် စင်္ကာပူ၌ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိထားပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လည်ပတ်လျက်ရှိသည်ဟု ကုမ္ပဏီမှတ်ပုံတင် စာရင်းများအရ သိရှိရသည်။

မြန်မာစစ်ခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိပြီး တရုတ်ကုမ္ပဏီများထံမှ လက်နက်ဝယ်ယူခဲ့သည် ဟု အမေရိကန်ပြည်ထောင်စုက မတ်လအတွင်း စွပ်စွဲထားသော ဦးနိုင်ထွဋ်အောင်သည် စင်္ကာပူ၌ မှတ်ပုံတင်ထားသော အနည်းဆုံး ကုမ္ပဏီ ၂ ခုကို ပိုင်ဆိုင်သည်။ ၎င်း၏ နေရပ်လိပ်စာမှာ စင်္ကာပူ၏ အကျော်ကြားဆုံးဈေး လမ်းမပေါ်မှ ရှော့ပင်းမောအပေါ်ဆုံးရှိ Orchard Residences ၏ ၄၄ လွှာ တိုက်ခန်းဖြစ်သည်။

အဆိုပါတိုက်ခန်းကို ဦးနိုင်ထွဋ်အောင်၏ ဇနီးဖြစ်သူ ဒေါ်ဝေဝေရင်က ပိုင်ဆိုင်ထားပြီး သူ့ကိုအရေးယူပိတ်ဆို့ထားခြင်း မရှိဘဲ ခင်ပွန်းသည်၏ စင်္ကာပူအခြေစိုက် ကုမ္ပဏီများတွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း အစိုးရမှတ်တမ်းများတွင် တွေ့ရသည်။ မှတ်ချက်ပေးရန် ပေးပို့သည့် အီးမေးလ်များကို ဦးနိုင်ထွဋ်အောင်က အကြောင်းပြန်ကြားခြင်း မရှိပေ။

မြန်မာနိုင်ငံ၌ လက်နက်ထုတ်လုပ်ရေး စက်ရုံတစ်ခုတည်ဆောက်ရန် အဓိက စီစဉ်နေသူအဖြစ် အမေရိကန် ငွေတိုက်ဝန်ကြီးဌာနက ဖော်ပြထားသော ဦးအောင်လှိုင်ဦးသည် စင်္ကာပူနိုင်ငံတွင် ၂၀၀၆ ခုနှစ်ကတည်းက မှတ်ပုံတင်ထားသော M C M Pacific Pte သံမဏိရောင်းဝယ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်သည်။ ၂၀၁၇ ခုနှစ်မှတ်ပုံတင်စာရင်းအရ United Overseas Bank သည် ကုမ္ပဏီအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးသူ ဖြစ်သည်။ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်များကို ဦးအောင်လှိုင်ဦးနှင့် ၎င်း၏ကုမ္ပဏီတို့က ပြန်လည်ဖြေကြားခြင်းမရှိပေ။

၂၀၁၉ အစီရင်ခံစာတစ်ခုအရ မြန်မာကာကွယ်ရေးပစ္စည်းစက်ရုံ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းလှိုင်သည် စင်္ကာပူကုမ္ပဏီအများအပြားနှင့် ပတ်သက်နေသည်။ ၎င်း၏ သမီးဖြစ်သူ မသက်နှင်းလှိုင်သည် ဦးတေဇ၏သား ကိုပြည့်ဖြိုးနှင့် ၂၀၂၀ ပြည့်နှစ်က အိမ်ထောင်ကျခဲ့သည်။ မင်္ဂလာဧည့်ခံပွဲကို မန္တလေးမြို့အနီးရှိ အပန်းဖြေမြို့ကလေးတစ်မြို့တွင် ကျင်းပခဲ့ပြီး သတို့သားသည် အနီရောင်ဖာရာရီ အက်ဖ်-၈ စပိုက်ဒါ (Ferrari F8 Spider) ပြိုင်ကားကို စီး၍ ပွဲတက်လာသည်။

ရာနှင့်ချီသော မီးလုံးများ ထိန်ထိန်ညီထိန်းညှိထားသည့် မှန်လုံခန်းမဆောင်ကြီးအလယ်၌ တခမ်းတနား တည်ခင်းဧည့်ခံထားသော ညစာစားပွဲတွင် ဒရမ်မတီးခတ်မီ မင်္ဂလာပွဲအတွင်း ဝမ်းသာပီတိဖြင့် ငိုရှိုက်နေသော အနက်ရောင်ဘလေဇာ ကုတ်အင်္ကျီနှင့် သက္ကလတ်ဦးထုပ်ကို လိုက်ဖက်ညီညီ ဆင်မြန်းထားသည့် ဦးတေဇကို YouTube ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရသည်။

မသက်နှင်းလှိုင်သည် ဖခင်၏လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေပြီး ဖခင်၏ စင်္ကာပူကုမ္ပဏီနှစ်ခုတွင် ဒါရိုက်တာအဖြစ် လုပ်ကိုင်နေကြောင်း ကုမ္ပဏီမှတ်တမ်းများတွင် တွေ့ရသည်။ သူမ၏ဖခင်သည် စင်္ကာပူ စားသောက်ဆိုင်လုပ်ငန်းဖြစ်သော Vino Vovo Pte ၏ အစုရှယ်ယာဝင်တစ်ဦးဖြစ်ကာ ယင်းကုမ္ပဏီသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်တွင် ဝင်ငွေစင်္ကာပူဒေါ်လာ ၂.၉၃သန်း ရရှိခဲ့ကြောင်း သိရှိရသည်။ မှတ်ချက်ပေးရန် မေးမြန်းမှုကို ဦးထွန်းလှိုင်က ပြန်လည်ဖြေကြားခြင်း မရှိပေ။

“စင်္ကာပူဟာ စစ်တပ်နဲ့ပတ်သက်နေတဲ့ ကုမ္ပဏီတွေအတွက် အဓိကလုပ်ငန်း ဗဟိုချက်ကြီး ဖြစ်နေဆဲပါ” ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။ စင်္ကာပူဘဏ်များ၏ ပိုမိုနိုးနိုးကြားကြား သတိထားလာမှုနှင့် စစ်ကောင်စီနှင့် ပတ်သက်နေကြောင်း Justice for Myanmar က သတင်းထုတ်ပြန်အပြီး Emerging Towns & Cities Singapore Ltd ၏ အရောင်းအဝယ်များကို ရပ်ဆိုင်းခဲ့သည့် စတော့အိတ်ချိန်းအာဏာပိုင်တို့၏ လုပ်ဆောင်မှုများကို ကြိုဆိုကြောင်း ၎င်းအဖွဲ့က ပြောဆိုသည်။

“ဒါပေမဲ့ စစ်တပ်စီးပွားရေး လုပ်ငန်းတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ခြင်း၊ မြန်မာစစ်တပ်အတွက် လက်နက်တွေ၊ စစ်ဖက်- အရပ်ဖက်နှစ်မျိုးသုံးပစ္စည်းတွေ ဝယ်ယူပေးနေတဲ့ စင်္ကာပူမှတ်ပုံတင် ကုမ္ပဏီတွေအပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ခြင်းစတဲ့ နောက်ထပ်အရေးယူမှုတွေလုပ်ဖို့ လိုအပ်နေပါသေးတယ်” ဟု မရတနာမောင်ကဆိုသည်။

နယ်ကျဉ်းလာသည့် အင်ပါယာ

Financial Times ၏ ၂၀၁၁ ခုနှစ် သတင်းဖော်ပြချက်အရ လူအင်အား ၆၀,၀၀၀ ရှိခဲ့သော ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုသည် ယခုဝန်ထမ်းအင်အား ၁၅,၀၀၀အထိ လျော့နည်းကျဆင်းသွားကြောင်း ကိုပြည့်ဖြိုး၏ ပြောဆိုချက်အရ သိရှိရသည်။ ဦးတေဇ၏ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်အတွက် ယခင် ဝန်ဆောင်မှုပေးနေသော ဘဏ်များကလည်း ၎င်းတို့၏ ဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့သည်ဟု သားဖြစ်သူ ကိုထူးထက်က ပြောကြားသည်။ သို့သော် မည်သည့်မိတ်ဆွေဘဏ်ဟောင်းများ ဖြစ်သည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

အလားတူပင် အမေရိကန်ကုမ္ပဏီ ၂ ခုဖြစ်သော Visa Inc. နှင့် Mastercard Inc. တို့က ဦးတေဇ၏ဘဏ်နှင့် လုပ်ငန်းများဆက်လက် ပူးပေါင်းလုပ်ကိုင်နိုင်ခြင်း မရှိတော့သဖြင့် ခရက်ဒစ်ကတ် ဝန်ဆောင်မှုလုပ်ငန်းကိုလည်း ၎င်းတို့ စွန့်လွှတ်လိုက်ရသည်။

“လက်ရှိလုံခြုံရေးအခြေအနေနှင့် ဘဏ္ဍာရေးအတားအဆီးများကြောင့်” ဦးတေဇသည် အရေးယူ ပိတ်ဆို့ခံရမှုစာရင်းမှ လွတ်မြောက်ရေးအတွက် စတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ကုမ္ပဏီကိုယ်စားလှယ်က ပြောသည်။၂၀၁၄ ခုနှစ်အတွင်းက အရေးယူခံထားရမှုမှ ဖယ်ရှားပေးရေး အစောပိုင်းကြိုးပမ်းမှုအဖြစ် ဦးတေဇသည် သမ္မတ ဂျော့ချ် ဒဗလျူ ဘွတ်ချ် လက်ထက်က အမေရိကန် ရှေ့နေချုပ်အဖြစ်ဆောင်ရွက်ခဲ့သူ John Ashcroft တည်ထောင်ထားသည့် ဥပဒေအကျိုးဆောင် ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

ရလဒ်များ အလျင်အမြန်ရရှိနိုင်မှုအပေါ် မူတည်၍ အဆိုပါကုမ္ပဏီအား ဒေါ်လာ ၅ သိန်းမှ ၁ သန်းအကြား ပေးချေခဲ့ပြီးဖြစ်ဖွယ်ရှိကြောင်း Bloomberg သတင်းဌာနက တွေ့ရှိခဲ့သည့် ယခင်က အစီရင်ခံထားခြင်း မရှိသေးသော စာချုပ်မိတ္တူတစ်ခုအရ သိရှိရသည်။

ဦးတေဇ၏ဇနီးဟောင်းမှာ ကွာရှင်းပြတ်စဲထားပြီးဖြစ်သဖြင့် အမေရိကန် အရေးယူမှုစာရင်းမှ ၂၀၁၅ ခုနှစ်က ထုတ်ပယ်ပေးခဲ့သည်။ နောက်တစ်နှစ်တွင် မြန်မာနိုင်ငံနှင့် ဦးတေဇအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကို သမ္မတအိုဘားမားက ဖယ်ရှားခဲ့သည်။ Ashcroft ကုမ္ပဏီသို့ အခကြေးငွေ တစ်စုံတစ်ရာပေးချေခဲ့ခြင်း ရှိ/မရှိကို ဦးတေဇ၏ ကုမ္ပဏီကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည်။ Ashcroft ကိုယ်တိုင်သာမက ၎င်း၏ကုမ္ပဏီကပါ မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

အရေးယူပိတ်ဆို့မှုများ ဖယ်ရှားလိုက်သည့်အခါ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလျှံပယ်စီးဝင်လာသည်။ ထိုနှစ်က မြန်မာ့စီးပွားရေးသည် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘာ့တိုးတက်မှုနှုန်း အမြင့်မား ဆုံးနိုင်ငံများတွင် ပါဝင်လာခဲ့သည်။ သို့သော် လွတ်လပ်ရေး ရယူလိုသော တိုင်းရင်းသား အဖွဲ့များနှင့် တိုက်ပွဲများ တိုးမြင့်ပေါ်ပေါက်လာသည့်အပြင် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ကျူးလွန်သည့် “လူမျိုးစု သုတ်သင်ရှင်းလင်းရေး” ဟု ကုလသမဂ္ဂက ခေါ်ဆိုခဲ့သော ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း အရေးယူမှုများက မြန်မာစစ်တပ်ကို တရုတ်၊ ရုရှားတို့နှင့် ပိုမို နီးကပ်သွားစေခဲ့သည်။ ဦးတေဇအတွက်အလုပ်လုပ်ခဲ့ဖူးသော အသက် ၄၀ အရွယ် ဦးကျော်မင်းဦး အပါအဝင် လက်နက်ကုန်သည်အသစ်များ ပေါ်ထွက်လာသည်ဟု ယင်းကိစ္စကို တိုက်ရိုက်သိရှိသူတစ်ဦး ကဆိုသည်။

ဦးကျော်မင်းဦးသည် ရန်ကုန်အခြေစိုက် Sky Aviator Co. ၏ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း စင်္ကာပူ၌ အနည်းဆုံးကုမ္ပဏီငါးခုကို မှတ်ပုံတင်ခဲ့သော်လည်း Sky Aviator သည် ရုရှားရဟတ်ယာဉ်ကုမ္ပဏီ၏ “တစ်ဦးတည်းသော ပြည်တွင်း ကိုယ်စားလှယ်” ဖြစ်ကြောင်း မြန်မာလေတပ်သို့ ၎င်းရေးသားထားသည့်စာကို Justice for Myanmar က ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွင်း ဖော်ထုတ်ချပြလိုက်အပြီး အဆိုပါ ကုမ္ပဏီရာထူးအားလုံးကို ယခုနှစ် ဧပြီလတွင် စွန့်လွှတ်ခဲ့သည်။

ဇွန်လအတွင်း ယူကေနိုင်ငံက Sky Aviator ကုမ္ပဏီကို အရေးယူမည့်စာရင်းထဲ ထည့်သွင်းခဲ့ကာ Sky Aviator နှင့် ရုရှားရဟတ်ယာဉ် ကုမ္ပဏီနှစ်ခုလုံးက မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာစစ်ကောင်စီကို အထီးကျန်စေရေး ကြိုးပမ်းမှုတွင် စင်္ကာပူနိုင်ငံက ကောင်းစွာပူးပေါင်း ကူညီခဲ့သည် ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ Chollet ကပြောဆိုသည်။ သို့သော် Melbourne ရှိ La Trobe တက္ကသိုလ်တွင် ၂၀၀၇ခုနှစ်ကတည်းက အရှေ့တောင်အာရှဒေသ ဖွံ့ဖြိုးတိုးတက်မှုများအကြောင်း လေ့လာလျက်ရှိသော အချိန်ပိုင်းသုတေသီ Hunter Marston ကမူ မျှော်လင့်ချက်နည်းသည့် ရှုထောင့်မှ ရှုမြင်သုံးသပ်လျက်ရှိသည်။

“အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့ဘူး။ ဒါမှမဟုတ် တခြား ဘယ်နေရာမှာမှ အလုပ်မဖြစ်ခဲ့ဘူးလို့လည်း ဆိုကောင်းဆိုနိုင်မယ်” ဟု Marstonက သူ့အမြင်ကို ပြောကြားခဲ့သည်။

(Bloomberg မဂ္ဂဇင်းပါ Chanyaporn Chanjaroen ၏ “Sanctioned Myanmar Tycoons Find Shelter in Singapore” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ယခုဆောင်းပါး၏ ပထမအပိုင်းကို ဖတ်ရှုလိုပါက အောက်ဖော်ပြပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)။
https://www.facebook.com/385165108587508/posts/1629449824159024/?d=n

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article