31 C
Yangon

ကော့ကရိတ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး တိုက်လေယာဉ်ဖြင့် ၆ ကြိမ်ခန့် မြို့တွင်းအထိပါ ပစ်ခတ်တိုက်ခိုက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အောက်တိုဘာလ ၂၁ ရက် ယနေ့ နံနက်တွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်နေပြီး အများပြည်သူပိုင် နေအိမ်ခြံဝန်းများအတွင်း ဒုံးကျည်၊ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ နေအိမ် ထိခိုက်ပျက်စီးမှုများ၊ လူထိခိုက်သေဆုံးမှုများ ရှိကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်တွင် KNLA၊ ကော်သူးလေ Army၊ PDF မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက် ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံးနှင့် ထွေအုပ်ရုံးများကို ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသန်း ပစ်ခတ်နေခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှ စတင်ကာ တိုက်လေယာဉ်များဖြင့် ပစ်ကူပေးနေခြင်းဖြစ်သည်။

“လက်နက်ကြီးလည်း တောက်လျှောက်ပစ်တယ်၊ ပွဲမှာ ခွေးတွေ အသေများတယ်၊ လေယာဉ်နဲ့ လာပစ်တာ၊ ၆ ကြိမ်လောက် ရှိနေပြီ” ဟု ကော့ကရိတ်တွင် ကိုယ်တိုင်သွားရောက်တိုက်ခိုက်နေသော PDF တစ်ဦးက ပြောသည်။

လက်နက်ကြီး ထိမှန်ပြီး ပြည်သူတစ်ဦး သေဆုံးထားသလို ဒဏ်ရာရသူများလည်း ရှိကြောင်း မြို့တွင်း၌ လူနာတင်ကား သွားလာမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အမှတ် ၇ ရပ်ကွက်၊ တံတားဦးရပ်၊ စံပယ်ဖြူလမ်းထဲက လူနေအိမ် ခြံဝင်းအနောက်မှာ တိုက်လေယာဉ်က ပစ်တဲ့ ဒုံးကျည် ပေါက်ကွဲပါတယ်၊ လူနေအိမ်များတုန်ခါသွားတယ်၊ အိမ်မျက်နှာချက်များပြိုကျတယ်။ တံတားဦးဘက်မှ ထိခိုက်ဒဏ်ရာလူနာများရှိနေပါတယ်၊ အခု ၁၁ နာရီမှာ လက်နက်ကြီး ပစ်သံ ကြားနေတုန်းပဲ၊ ၉၇ ထဲက ပစ်တာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကော့ကရိတ်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၉၇ အခြေစိုက်ထားပြီး အ ဆိုပါ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီဘက်မှ အထိနာနေကြောင်း သိရှိရပြီး သီးခြားအတည်ပြုနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ကော်သူးလေ Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ် ကျားဖြူစစ်ကြောင်း၊ နဂါးဖြူ စစ်ကြောင်း၊ Eagle Brigades၊ Federal Wings တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမ၊ မြဝတီ-ဝေါလေကားလမ်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article