35 C
Yangon

ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ပထမဆုံးကြေညာခံရမှုအပေါ် ယခင်ကလည်း ကြေညာခံခဲ့ရပြီး ကျော်လွှားနိုင်ခဲ့၍ စိုးရိမ်စရာ၊ ဆုံးရှုံးထိခိုက်စရာ မရှိဟု စစ်တပ်နှင့်ဗဟိုဘဏ်က သတင်းအမှားများ ဖြန့်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့(FATF) က အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံ (Black List) အဖြစ် ကြေညာခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ကြေညာခံလိုက်ရခြင်းဖြစ်သည်။

စစ်တပ်ထောက်ခံသူများ၊ စစ်လော်ဘီများက မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံ(Black List) အဖြစ် FATF ၏ ကြေညာမှု ခံခဲ့ရပြီး အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း၊ အမည်ပျက်စာရင်း ကြေညာခံရ၍ ဆုံးရှုံးထိခိုက်စရာမရှိဆိုသော သတင်းအမှားများကို ဖြန့်ချိလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်၏ လေ့လာချက်များအရ မြန်မာနိုင်ငံသည် ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံ(Black List) အဖြစ် ကြေညာခံခဲ့ရခြင်း တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခု ၂၀၂၂ ခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် ငွေကြေးခဝါချသော အမည်ပျက်နိုင်ငံ(Black List) အဖြစ် ကြေညာခံရခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ် FATF ၏ ပူးပေါင်းဆောင်ရွက်မှု မရှိသော NCCT (Non-Cooperative Countries and Territories ) စာရင်းတွင်ထည့်သွင်းဖော်ပြခံခဲ့ရပြီး ၂၀၀၆ ခုနှစ်တွင် NCCT နိုင်ငံစာရင်းမှ လွတ်မြောက်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် FATF ကသတ်မှတ်သည့်စည်းကမ်းချက်များကို လိုက်ပါဆောင် ရွက်နိုင်ခြင်းမရှိဘဲ FATF က ချမှတ်ထားသည့် Action Plan ကိုလည်း မဆောင် ရွက်သည့် နိုင်ငံများစာရင်း (Grey List ) တွင်ပါဝင်လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆိုပါ Grey List မှ လွတ်မြောက်ခဲ့သည်။

ယင်းနောက် ,ယခု ၂၀၂၂ ခုနှစ်တွင် FATF က မြန်မာနိုင်ငံကို ငွေကြေးခဝါချသည့် အမည်ပျက်နိုင်ငံ Blacklist အဖြစ် ပထမဆုံးအကြိမ်အဖြစ် ကြေညာခဲ့ပြီး မြောက်ကိုရီယား၊ အီရန်နိုင်ငံပြီးလျှင် တတိယမြောက် အမည်ပျက်နိုင်ငံ(Black List) အဖြစ် ကြေညာခံခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် စစ်လော်ဘီများနှင့်စစ်တပ်ထောက်ခံသူများက ၂၀၁၁ မှ ၂၀၁၆ခုနှစ်အထိ မြန်မာနိုင်ငံသည် FATF ၏ အမည်ပျက်နိုင်ငံ Blacklist စာရင်းတွင် ပါဝင်ခဲ့ပြီး ကျော်လွှားနိုင်ခဲ့ကြောင်း၊ ကြောက်စရာမလိုကြောင်း စသည့်အယူအဆ အလွဲ အမှားများနှင့် သတင်းအမှားများကို လွှင့်ထုတ်နေပြီး စီးပွား ရေးသမားတချို့ကလည်း ယင်း သတင်းအမှားများကို မီဒီယာများတွင် ပါ ထပ်ဆင့် ထုတ်ဖော်ပြောဆိုလာကြောင်း သိရှိရသည်။

“သတင်းအမှား အချက်အလက်အမှားတွေနဲ့ ပြောနေရင် ဆုံးရှုံးမှုကြီးနိုင်တယ်။ အရှိတရားကို လက်ခံပြီး ကျော်လွှားမယ့် နည်းလမ်းကို စဉ်းစားရမှာ။ အခုက တန် ပြန် ဝါဒမှိုင်းနဲ့ ပြည်သူတွေ မကြောက်နဲ့ဆိုတာမျိုးက တကယ် ရိုက်ခတ်လာတဲ့အခါ ကျော်လွှားနိုင်ဖို့ လမ်းမမြင်ဘဲ ပိုပြီး ဆုံးရှုံးမှုကြီးနိုင်တယ်”ဟု ရန်ကုန်စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်ကလည်း မြန်မာနိုင်ငံသည် FATF အဖွဲ့၏ အမည်ပျက်စာရင်း ကြေညာခံထိုက်သည့် နိုင်ငံမဟုတ်ဘဲ မြောက်ကိုရီးယားနှင့်အီရန်တို့ကဲ့သို့ အရေးယူဆောင်ရွက်ရမည့် အဆင့်မျိုးမဟုတ်ကြောင်း၊ FATF ၏ အကြံပြုချက် ၄၀ တွင် အချက် ၂၀ ကျော်ကိုသတ်မှတ်ကာလအတွင်း ပြည့်မီ အောင် မဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၄ ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လာမည့် ၁ နှစ်အတွင်း အမည်ပျက်(Black List) စာရင်းမှ လွတ် မြောက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အမည်ပျက်(Black List) စာရင်းကြေညာမှုအပေါ် ပြည်သူများ စိုးရိမ်မှု လွန်ကဲရန် မလိုအပ်ဘဲ ငွေကြေးစျေးကွက် မသမာမှုများ မပြုလုပ်ကြရန်နှင့် စျေးက စား မှုများ ပြု လုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင် စီ၏ ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်သည်။

ဓာတ်ပုံ-ယမန်နှစ် ရန်ကုန်ရှိ ဗဟိုဘဏ်ရှေ့တွင် ကင်းလှည့်နေသည့် အကြမ်း ဖက် စစ်သားများ။

Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article