36 C
Yangon

စစ်မှုထမ်းဟောင်းများနှင့်မိသားစုများကို အရန်စစ်အင်အားအဖြစ် စုဆောင်းရာတွင် NUG ၊ PDF ၊CDM လှုပ်ရှားမှုများနှင့် မပတ်သက် မထောက်ခံရန်၊ စစ်တပ်၏ ကျေးဇူးသစ္စာစောင့်သိရန် လျှို့ဝှက် ဝန်ခံကတိလက်မှတ် ထိုးခိုင်း

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ ကို အရန်စစ်အင်အားများအဖြစ် စုဆောင်းလျက်ရှိရာတွင် NUG ၊ PDF တို့နှင့်ဆက်သွယ် ပတ်သက်ခြင်းမပြုလုပ်ရန်၊ CDM လှုပ်ရှားမှုကို ထောက်ခံအားပေးခြင်းမပြုရန် ၊ တပ်မတော်၏ ကျေးဇူး သစ္စာကို စောင့်သိရိုသေရန် လျှို့ဝှက် လက်မှတ် ရေးထိုးခိုင်းထားကြောင်း သိရှိရသည်။

လက်ရှိနိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းဟောင်း မိသားစုများကို စစ်ကောင်စီက စစ်တပ်၏ အရန်အင်အားများအဖြစ် စုဆောင်းလျက်ရှိနေပြီး တချို့စစ်မှုထမ်းဟောင်းများမှာ စစ်တပ်နှင့် တွဲဖက်၍ ပျူစောထီးများ၊ ပြည်သူ့စစ်များ အဖြစ် တာဝန်ထမ်းဆောင်နေကြရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်မှုထမ်းဟောင်းများ ဦး ဆောင်သော တပ်ဖွဲ့များကို ဒေသလုံခြုံရေးအဖွဲ့များအဖြစ် သတ်မှတ်ပြီး သီးခြားဆောင်ရွက်ခြင်းမပြုဘဲ စစ်တပ်၊ ရဲတို့နှင့်အတူ ပေါင်းစပ်ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့ စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် မင်းအောင်လှိုင်က ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒေသလုံခြုံရေးကို အထောက်အကူပြုစေရန်အတွက် သီးခြားဆောင်ရွက်ခြင်းမပြုဘဲ ဒေသန္တရ လုံခြုံရေးအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့သော ဒေသများတွင် စစ်တပ်၊ ရဲ ၊ ပြည်သူ့စစ်၊ စစ်မှု ထမ်းဟောင်းအဖွဲ့၊ အရပ်ဘက်ပုဂ္ဂိုလ်များဖြင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြည်နယ်/တိုင်း စစ်ကောင်စီက ကြီးကြပ်ရန်နှင့် အောက်ခြေ အဖွဲ့များက စီမံဆောင်ရွက်ရန် မင်းအောင်လှိုင်က လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကရင်ပြည်နယ်ရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များတွင် စစ်တပ်အငြိမ်းစားများကို တပ်မှူးနှင့်ဒုတိယတပ်မှူးများအဖြစ် ခန့်အပ်မှုများရှိနေကြောင်း သိရှိရသည်။

နေပြည်တော်တွင်လည်း စစ်မှုထမ်းဟောင်းများကို ကိုယ်ပိုင်အမှတ်များ ပြန် လည် ထုတ်ပေးပြီး လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခိုင်းခြင်း၊ စစ်မှု ထမ်းဟောင်း များ၏ ဇနီးနှင့်သားသမီးများကိုပါ အရန်အင်အားများအဖြစ် ကိုယ်ပိုင်အမှတ်များ ထုတ်ပေး၍ စာရင်းကောက်ယူမှုများရှိနေကြောင်း ၊ စစ်မှု ထမ်းဟောင်း များ ဦးဆောင်သော တပ်ဖွဲ့များကိုလည်း ဖွဲ့စည်းလျက်ရှိ ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article