29 C
Yangon

NLD အစိုးရကို ဖြုတ်ချရေး ကြံ့ဖွတ် ခင်ရီ ပထမဆုံးမွှေးခဲ့သော မတောက်လောင်ခဲ့သည့် ဘာသာရေး ပဋိပက္ခ မီးစ

Must read

By ဟိဏ်းဝေယံ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ NLD အစိုးရ တက်လာချိန်မှာ စစ်အာဏာသိမ်းရေး လှုံ့ဆော်ခဲ့သူတွေထဲမှာ ကြံ့ဖွတ် ခင်ရီက ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

NLD ပါတီကို အာဏာလွှဲမပေးဖို့နဲ့ အာဏာလွှဲပေးခဲ့ရင်လည်း နှစ်အနည်းငယ်အတွင်း တိုင်းပြည် အခြေအနေ မနိုင်မနင်း ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းဖို့ မင်းအောင်လှိုင်ကို လှုံ့ဆော်တိုက်တွန်းသူတွေမှာ ခင်ရီဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ အဲဒါကြောင့်လည်းပဲ မင်းအောင်လှိုင်ရဲ့ လူယုံလို ဖြစ်လာခဲ့တာပါ။

တကယ်တော့ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ကျောင်းဆင်းဖြစ်ပြီး မင်းအောင်လှိုင်က စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပါတယ်။ ဗိုလ်သင်တန်း အပတ်စဉ် ၂ ခုစောတဲ့ ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ စီနီယာဖြစ်ပေမယ့် အာဏာရရှိရေး ခယတတ်သူမို့ မင်းအောင်လှိုင်ကို အောက်ကျို့ပေါင်းသင်းသူလည်းဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ခင်ရီဟာ စစ်တပ်ရဲ့ ထုံးစံအတိုင်း အစ်ကိုကြီး- ညီလေး ဆက်ဆံရေးနဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ စိတ်တူကိုယ်တူ ယုတ်မာခဲ့ကြပါတယ်။

NLD အစိုးရ အာဏာရလာပြီးတဲ့အချိန်မှာ တိုင်းပြည်အတွက် အန္တရာယ်ကြီးတဲ့အစွန်းရောက် မဘသသမားနဲ့ အမျိုး သားရေးသမားတွေကို ဥပဒေဘောင်အတွင်းက ရပ်တည်မရအောင် အမိန့်တွေ ၊ သံဃာမဟာနာယကအဖွဲ့ရဲ့ ညွှန် ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

NLD အစိုးရအနေနဲ့ တိုင်းပြည် မတည်မငြိမ်ဖြစ်နေတာကို မထိန်းနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အာဏာသိမ်းခိုင်းရေး အမြဲချောင်းနေတဲ့ ခင်ရီဟာ မဘသ ဖျက်သိမ်းမှုအပေါ် ပဋိပက္ခတွေဖြစ်လာဖို့ ကြံစည်လာပါတယ်။

သူလက်သက်မွေးထားတဲ့ မဘသ၊ အမျိုးသားရေးအစွန်းရောက်တွေကို အသုံးချပြီး ၂၀၁၇ ခုနှစ် မေလအတွင်းမှာ နိုင်ငံတစ်ဝန်းလုံး NLD အစိုးရ၊ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဖြုတ်ချပေးရေးနဲ့ ကန့်ကွက်ရှုတ်ချပွဲတွေကို ဆက်တိုက်ဆိုသလိုစီစဉ်ခဲ့ပါတယ်။

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဖြုတ်ချပေးရေး ဆန္ဒပြပွဲတွေကို ရန်ကုန်အပါဝင် မြို့အတော်များများမှာ လုပ်ခဲ့ပြီး ဆန္ဒပြပွဲတွေ ဦးဆောင်သူတွေကို ခင်ရီက တိုက်ရိုက် အဓိက ခိုင်းစေပါတယ်။ ဦးအောင်ကိုဖြုတ်ချပွဲမှာဆိုရင်လည်း ရန်ကုန်မြို့တော်ခန်းမရှေ့ ပွဲနှင့် နေပြည်တော်ပွဲတွေ ကျင်းပခဲ့ပြီး ကျနော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ရပါတယ်။

လူအစုအဝေးနဲ့ နေပြည်တော်မှာ လုပ်မယ့်ပွဲအတွက် ရန်ကုန်မှ နေပြည်တော်ကို မသွားခင် အမှတ်၃ လမ်းမ ပေါ် Terminal စက်သုံးဆီဆိုင် ​ရှေ့မှာ စုရပ်လုပ်ခဲ့ပြီး နေပြည်တော်ကို စတင်ထွက်ခွာခဲ့ပါတယ် ။

အဲဒီလိုမထွက်ခွာခင်မှာလည်း လာရောက်ပူးပေါင်းတဲ့ မဘသ အမျိုးသားရေး အစွန်းရောက်တွေကို ကားသေး(ပရိုဘောက် ) ဆိုရင် ဆီဖိုး တစ်စီး ၃၆၀၀၀ ကျပ် ၊ ကားလတ် (လိုက်ထရပ်၊ တောင်းအေ့စ်) တွေဆိုရင် တစ်စီး ငွေကျပ် ၄၈၀၀၀ ၊ ကားကြီးတွေကို ဆီဖိုး တစ်စီး ၆၀၀၀၀ ကျပ် လက်ငင်းထုတ်ရှင်းပေးပါတယ်။ အဲဒီလိုထုတ်ပေးဖို့ ငွေပေးလိုက်သူ ခင်ရီပါပဲ။

နေပြည်တော်အသွား ပဲခူးဘုရားကြီးမှာ ခဏအနားယူစဉ်ကလည်း လိုက်ပါသူတွေကို ထမင်းနှင့် ကြက်သားဟင်း ရေသန့်ဘူး အပြည့်စုံ ကျွေးမွေးခဲ့ကြပါတယ်။ မဘသနဲ့ အမျိုးသားအစွန်းရောက်တွေမှာ တကယ်ယုံကြည်လို့ လုပ်ကြသူ ရှိသလို အလုပ်မရှိ အကိုင်မရှိ နေ့စားခယူ ထမင်းစားရဖို့ လိုက်ကြသူတွေ အလွန်များပါတယ်။

နေပြည်တော်ခရီးစဉ်မှာ အကြိုက်စား၊ အကြိုက်သောက်ဖြစ်တာမို့ ယုံကြည်လို့မဟုတ်ဘဲ ထမင်းစား၊ နေ့စားခ လိုက်ယူသူ မဘသ၊ အမျိုးသား အလုပ်လက်မဲ့တွေအတွက်တော့ ပွဲတော်ကြီးတစ်ခုလိုဖြစ်နေခဲ့တာပါ။

နေပြည်တော်ရောက်တဲ့အခါ တည်းခိုဖို့အတွက်လည်း ဘုန်းကြီးကျောင်းတွေမှာ နေရာစီစဉ်ပေးခဲ့ပါတယ်။ အဲဒီကျောင်းတွေကလည်း စစ်တပ်နဲ့ ကြံ့ဖွတ်က အလှူရှင်အဖြစ် ထောက်ပံ့လှူဒါန်းနေတဲ့ကျောင်း တွေပါပဲ။

ပွဲတိုင်းလိုလို ခင်ရီနဲ့စစ်တပ်က ထုတ်ပေးတဲ့ ဘတ်ဂျက်ငွေအကုန်မသုံးကြဘဲ တစ်ပတ်ရိုက် ခိုးကြသူတွေကတော့ ဒုနဲ့ဒေးပါ။ ဒီပွဲမှာဆိုရင်လည်း အသွားအပြန် အ​သောက် ကုန်ကျစရိတ် အကုန် တာဝန်ယူစီစဥ်ခဲ့ပေမယ့်လည်း
မဘသ အမျိုးသားရေးအစွန်းရောက်တွေရဲ့ ထုံးစံအတိုင်း အဝေမတည့်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

အဓိက က ဒံပေါက်ကျွေးဖို့ လမ်းမတော်မုတ်ဆိတ် ခေါ် ထွန်းထွန်းဦးကို စီစဥ်ခိုင်းခဲ့ပေမဲ့ ထမင်းဖြူနဲ့ ကြက်သားဟင်းသာ ကျွေးခဲ့ပြီး စားသောက်ချိန်မှာ တချို့ လူတွေ ထမင်းအသိုး ဟင်းအသိုးတွေ ပါကျွေးခဲ့ပါတယ်။ ဆန္ဒပြမယ့် လူတွေ လိုက်ပါမယ့်သူတွေအတွက် ရေသန့်ဘူးဖိုး ငွေကြေး သိန်းဆယ်ချီ အလုံအလောက်ချပေးခဲ့ပေမယ့်လည်း MNO တင့်လွင် နဲ့ မဘသ သင်္ကန်းဝတ် သုစိတ္တ တို့က ခွဲဝေယူခဲ့ပါတယ်။

ချထားပေး ဘတ်ဂျက်ငွေတွေခွဲဝေယူပြီးတဲ့အခါမှာ ဆန္ဒပြလူအုပ်အတွက် ရေသန့်ဘူးတွေ လိုက်လံအလှူခံခဲ့ကြပါတယ်။ ဘယ်လောက်ပဲ ကြံ့ဖွတ်နဲစစ်တပ်က လုံလောက်တဲ့ဘတ်ဂျက်ချပေးပေမယ့်လည်း ဖြတ်စား ရိုက်စားတွေကြောင့် ပွဲတွေမှာ အစား အသောက် ရေ ဘယ်တော့မှ မလုံလောက်ခဲ့ပါဘူး။

လူမိုက်လုပ်တဲ့ပွဲကို သူခိုးတွေက ဦးစီးတာမို့ ဘယ်လောက်ပဲ များပြားတဲ့ဘတ်ဂျက် ချပေးပါစေ ရသလို ကြုံသလို ခိုးကြတာပါပဲ။

ဒီအကြောင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ လက်ရှိမှာ ခင်ရီဟာ မင်းအောင်လှိုင် တင်မယ့် သမ္မတဖြစ်လာမယ်လို့တောင် ထင်ကြေးပေးနေကြပါတယ်။

မင်းအောင်လှိုင်ဟာ သမ္မတလုပ်ဖို့ထက် နိုင်ငံ့ဥသျှောင်လုပ်ဖို့ အားသန်နေပါတယ်။ ခင်ရီဟာ လူမိုက်လူရမ်းကားဖြစ်ပါတယ်။ အာဏာအတွက် ဘာမဆိုလုပ်ရဲသူ ဖြစ်ပါတယ်။ NLD အစိုးရကို အာဏာသိမ်းဖို့ မင်းအောင်လှိုင်နဲ့ ခင်ရီဟာ ၂၀၁၅ ခုနှစ်ကတည်းက ကြံစည်ခဲ့ကြတာကိုလည်း ပေါ်လွင်စေဖို့ ပြန်လည်ရေးသားဖော်ပြနေတာဖြစ်ပါတယ်။

အာဏာရူး လူမိုက် မင်းအောင်လှိုင်နဲ့ လူရမ်းကား ခင်ရီတို့ အတွဲညီညီ နိုင်ငံကို ရမ်းကားအုပ်ချုပ်ကြမယ့် အခြေအနေတွေ မြင်နေရပါတယ်။ အာဏာမဲ့ချိန်ကတောင် ရမ်းကားခဲ့တဲ့ ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ ခွင့်ပြုချက်နဲ့ ပိုမို ရမ်းကား ရက်စက်မယ့် လုပ်ရပ်တွေ လုပ်ပါဦးမယ်။

တစ်ချိန်က ငွေပေး၊ အခွင့်အရေးပေး‌ပြီး ဆန္ဒပြခိုင်း၊ လမ်းပေါ်ထွက်ခိုင်းခဲ့တဲ့ ခင်ရီဟာ အာဏာရှိလာရင် ငွေကြေးနဲ့ အခွင့်အရေး ပေးပြီး ဆန့်ကျင်သူမှန်သမျှ သုတ်သင်ကြဆိုပြီး ယုတ်မာရိုင်းစိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ပြည်သူအားလုံး သတိချပ်ကြစေချင်ပါတယ်။

စစ်အာဏာရှင် မပြုတ်ကျခဲ့ရင် လူမိုက်လူရမ်းကားတွေသာ ဆက်‌ပြီး အာဏာရခဲ့ရင် မြန်မာပြည်သူတွေရဲ့ အခြေ အနေဟာ ခမာနီခေါင်းဆောင် ပိုပေါ့လက်ထဲမှာ ကမ္ဘောဒီးယားပြည်သူတွေ သန်းချီသေခဲ့ရသလို မြန်မာပြည်သူတွေလည်း မင်းအောင်လှိုင်နဲ့ခင်ရီလက်ထဲမှာ ထပ်မံအသက်ပေး သေဆုံးရပါဦးမယ်။

အခုတောင် ရွာတွေမီးရှို့၊ လူတွေ ထောင်သောင်းချီ ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်နေပေမယ့် ကမ္ဘာကြီးက လက်ပိုက်ကြည့်နေပါတယ်။ မင်းအောင်လှိုင်နဲ့ခင်ရီ လက်တွဲမိလာပြီး ပြည်သူတွေကို သတ်ဖြတ်မှုတွေ ပိုလုပ်လာချိန်မှာလည်း ကမ္ဘာကြီးက လက်ပိုက် ကြည့်နေဦးမှာပါ။ သူတို့အတွဲဟာ မင်းအောင်လှိုင်နဲ့ခင်ရီ ပုံစံမျိုး အသေးစား မျိုးဆက်သစ် လူမိုက်တွေ ထပ်မံ မွေးထုတ်ဖို့လည်း စိတ်တူ ကိုယ်တူရှိကြပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ လူမိုက်လူရမ်းကားတွေ အာဏာ မရရှိရေး ကျနော်အပါအဝင် မြန်မာပြည်သူတွေ မရုန်းကန် တိုက်ပွဲမဝင်ရင် မင်းအောင်လှိုင်နဲ့ခင်ရီ လုပ်သမျှ ခံကြရဦးမယ်ဆိုတာ သတိပေးနှိုးဆော်ချင်ပါတယ်။ တော်လှန်ရေးသည်သာ စစ်အာဏာရှင်နဲ့ လူမိုက်လူရမ်းကားတွေ ချေမှုန်းရေး အဖြေဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article