30 C
Yangon

မြ၀တီမြို့စောင့်တပ် ၂၇၅ တွင် စစ်ကောင်စီက အလံတင်ပြမှု ပြည်သူလူထုကို စိတ်ဓာတ်ကျဆင်းစေရန်၊ ညီညွတ်ရေးပြိုကွဲစေရန် ထောင်ချောက်ဟု အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ် သတိပေး

Must read

ဒေါနတောင်တန်းသို့ တက်လာသည့် စစ်တပ် စစ်ကူများကို တိုက်ခိုက်ဟန့်တားနေသည့် တော်လှန်ရေး တပ်ဖွဲ့များကို အားလုံးက အကူအညီပေးကြရန် အရေးကြီးဆုံးဖြစ်

ရန်ကုန်၊ ဧပြီ ၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့သော မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တွင် စစ်ကောင် စီက အလံထောင်ပြ​သမှုသည် ပြည်သူလူထုကို စိတ်ဓာတ်ကျဆင်းစေရန်၊ ညီညွတ်ရေးပြိုကွဲစေရန် ထောင်ချောက်ဖြစ်ကြောင်း အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီးလည်းဖြစ်၊ ဟာဝိုင်ယီအခြေစိုက် အာရှ- ပစိဖိတ်လုံခြုံရေးဆိုင်ရာလေ့လာရေးဌာနမှ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က သတိပေးပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့တွင် KNLA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့သော မြ၀တီမြို့ကို ဧပြီလ ၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်များက ယာယီဆုတ်ခွာသွားကြောင်း၊ ယင်းသို့ ဆုတ်ခွာမှုအပေါ် တော်လှန်ရေးတပ်များအပေါ် လူထုက အမျိုးမျိုး ဝေဖန်နေကြခြင်းသည် ရန်သူ စစ်ကောင်စီက လိုလားသော ထောင်ချောက်အတွင်းသို့ ကွက်တိ ဝင်ရောက် နေခြင်းဖြစ်ကြောင်း၊ စစ်ရေးဆိုင်ရာ သဘောတရားသည် တိုက်ပွဲတစ်ပွဲ၊ မြို့တစ်မြို့ အနိုင်ရခြင်း(သို့မဟုတ်) သိမ်းပိုက်ရုံမျှနှင့် ဆုံး ဖြတ်မရဘဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆုံးဖြတ်ရကြောင်း၊ စစ်ရေးတွင် အရေး ကြီးသည်ကို အရင်လုပ်ရခြင်း၊ အင်အားနှင့် ရင်းမြစ် လိုအပ်ချက်ပေါ်မူတည်၍ စစ်ရေးဆိုင်ရာ ဆုတ်ခွာမှုနှင့် အင်အားစု ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ရကြောင်း ၎င်းက ဆိုသည်။

“ဟိုပြော ဒီပြောနဲ့ လူတွေက စိတ်ဓာတ်တွေ ကျတာ ဒီဥစ္စာ စစ်တပ်ရဲ့ ထောင်ချောက်ထဲ ဝင်သွားတာ။ စစ်တပ်က အဲဒါမျိုး လိုချင်တယ်။ သူတို့က မရရတဲ့ နည်းနဲ့ တော်လှန်ရေးဘက်တော်သားတွေကို လိုက်ခွဲနေတာ။ ရန်သူကလည်း သူ့ဟာသူ ငြိမ်ငြိမ်နေတာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သူတို့ အလံတင်လိုက်တာဟာ လူတွေကို စိတ်ဓာတ်ကျအောင် လုပ်တာ။ သူတို့လုပ်တဲ့အတိုင်း လိုက်ပြီးတော့ လူထုက စိတ်ဓာတ်ကျနေတယ်ဆို ထောင်ချောက်ထဲ ဝင်သွားတာ ။ ဝင်သွားပြီးတော့ ကိုယ့်ဘက်က မဟာမိတ်တွေနဲ့ ကွဲပြားလေလေ ရန်သူက ပိုပြီးတော့ ကြိုက်လေလေ။ အခုအချိန်မှာက အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု အမေရိကန်စစ်တပ်မှ အငြိမ်းစား ဒုဗိုလ်မှူးကြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုသည်။

လက်ရှိ မြ၀တီမြို့နှင့်ပတ်သက်ပြီး တော်လှန်ရေး တပ်များ ဆုတ်ခွာရခြင်းထက် ဒေါနတောင်ခြေမှ တက်လာသည့် စစ်ကောင်စီ၏ စစ်ကူတပ်များကို ဟန့်တား တိုက်ခိုက်နိုင်ရေးက အရေးကြီးဆုံးဖြစ်ကြောင်း၊ ဟိုပြော ဒီပြော ဝေဖန်နေခြင်းထက် စစ်ကောင်စီ၏ စစ်ကူ စစ်ကြောင်းများကို တိုက်ခိုက်နေသော တော်လှန်ရေး တပ်များကို ကူညီခြင်းက ပို၍ အကျိုး ထိရောက် မည်ဖြစ်ကြောင်း၊ စစ်၏သဘောတရားသည် လုံခြုံရေးအရ အကုန်ထုတ်ပြောမရနိုင်သော အခြေအနေများ ရှိသည်ကို နားလည်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီ မြဝတီမှာက အခုအချိန်မှာ ဘာအရေးကြီးဆုံးလဲဆိုတာက Reinforcement ဒီ ဒေါနတောင်တန်းမှာ စစ်တပ်တွေ ချီတက်လာတဲ့ ဥစ္စာကို မတက်နိုင်အောင် လုပ်ရတဲ့ ဗျူဟာက ပိုပြီးတော့ အရေးကြီးတယ်။ စစ်တိုက်တယ်ဆိုရင် များသောအားဖြင့် ဖြတ်တောက်ရတယ်။ သူတို့ရဲ့ Supply လိုင်းတွေ၊ Logistic တွေကို ဖြတ်ရတယ်။ အဲဒါက ပိုပြီးတော့ ရန်သူအတွက် တာရှည်မခံအောင် အဲဒါလုပ်ရတယ်။ အဲဒါ မလုပ်ဘဲ ရှေ့တန်းမှာ ဘယ်လိုမှ တိုက်လို့မရဘူး။ ဆိုတော့ အခုအချိန်မှာ အဓိက အရေးအကြီးဆုံး Priority က စစ်တပ်က Reinforcement တွေကို လာပို့နေတဲ့ ဒီ ဒေါနတောင်တန်းက တက်လာတာတွေကို ဟန့်တားဖို့အတွက်က ပိုအရေးကြီးတယ်။ တစ်ခါတလေကျရင် စစ်တိုက်တဲ့အခါမှာ ကျွန်မတို့တွေက ဦးစားပေး လုပ်ရတာတွေရှိတယ်။ ဒီဥစ္စာလုပ်ရမလား ဘယ်ဟာအရေးကြီးလဲ ဘယ်ဟာ ဦးစားပေးရမလဲ။ ဘာလို့ဆို ကျွန်မတို့က အမြဲတမ်းလိုချင်သမျှ Resources တွေ လူတွေ ဘာတွေ မရှိတတ်ဘူး။ ဘယ်ဥစ္စာက ပိုအရေးကြီးလဲဆိုတာ ကိုယ့်မှာ ရှိတဲ့ အင်အားတွေပို့ရတယ်။ အခုအချိန်မှာဒီ ဒေါနတောင်တန်းက တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကူ Reinforcement ကို မရရတဲ့နည်းနဲ့ တားဆီးဖို့က အရေးကြီးတယ်လို့ ကျွန်မတော့ ထင်တယ်” ဟု ၎င်းက ရှင်းပြသည်။

ဒေါနတောင်ခြေမှ စစ်ကောင်စီတပ်များ၏ စစ်ကူစစ်ကြောင်းများကို ဟန့်တားတိုက်ခိုက်နိုင်မည်ဆိုပါက မြ၀တီမြို့ကို အလွယ်ကူ သိမ်းနိုင်ကြောင်း၊ စစ်ကူစစ်ကြောင်းကို မတားဆီးနိုင်လျှင် ရန်သူ စစ်ကောင်စီက ပို၍ အင်အားကြီးကာ တိုက်ခိုက်ရ ပို ခက်ခဲလာနိုင်ကြောင်း၊ လက်ရှိဝေဖန်နေသည့် လူများအနေဖြင့် ကူညီရေးကို အဓိက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်မံ သတိပေးပြောဆိုသည်။

“စစ်တိုက်တဲ့အခါမှာ တစ်ခါတလေကျရင် အကုန်လုံးပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ လုံခြုံရေးက လိုအပ်တယ်။ အားလုံးပြောလိုက်လို့ရှိရင် ရန်သူကလည်း သိမယ်ဆိုရင် အဲဒီ ဥစ္စာ အရမ်းပဲ ခက်ခဲသွားလိမ့်မယ်။ တကယ် စစ်တိုက်တဲ့ အခါကျတော့ သတင်းအချက်အလက် အသေအချာသိဖို့က မလွယ်ဘူး။ မပြောနိုင်တာတွေလည်း ရှိတယ်။ မသိနိုင်တာတွေလည်း ရှိတယ်ဆိုတော့ အဲဒါကြောင့်မို့လို့လည်း ဝေဖန်နေတဲ့ လူတွေကို ကျွန်မက နည်းနည်းလေး စောင့်ကြည့်စေချင်တယ်။ အခုအချိန်မှာ အရေးကြီးဆုံးက ကိုယ်လုပ်ထားတဲ့ဟာ ကိုယ်လမ်းလျှောက်နေတဲ့ ဥစ္စာကို ဒီလိုမျိုး Misinformation တွေ၊ မသိတဲ့ ဥစ္စာတွေနဲ့ ချွန်ထွက်မသွားစေနဲ့ပေါ့နော်။ လမ်းမှာ စိတ်တည်ငြိမ်ဖို့လိုတယ်။ စိတ်ကြံ့ခိုင်ဖို့လိုတယ်။ ဟိုယိမ်း ဒီယိမ်းဖြစ်တယ်ဆိုရင် ဒီဥစ္စာ တာရှည် ၊ ပန်းတိုင်ရောက်ဖို့ ချော်ထွက်သွားနိုင်တယ်။ ခုနပြောသလိုပဲ ဒီ ဒေါနတောင်တန်းမှာ Reinforcement ကို တိုက်နေတဲ့ အဖွဲ့တွေ အားလုံးက အခုအချိန်မှာ အရမ်းအကူအညီလိုတယ်။ စိတ်ပိုင်း အင်အားလိုတယ်။ ငွေပိုင်း အင်အားလိုတယ်။ နောက် လူပိုင်း အင်အားလိုတယ်။ အဲဒီထဲမှာ အဲဒီ အင်အားတွေ တစ်ခုခု ကိုယ်လိုတဲ့ နေရာက ဖြည့်ပေးနိုင်မယ်ဆိုလို့ ရှိရင် ဒီ ဥစ္စာက ပိုပြီးတော့ အသုံးဝင်တယ်။ ပိုပြီးတော့ Helpful ဖြစ်တယ်လို့ ပြောလို့ရတယ်။ မရရတဲ့ နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အင်အားလိုတယ်။ ခုနပြောတဲ့ လူအင်အား ငွေအင်အား စိတ်အင်အား ။ ဒါကြောင့်မို့လို့ တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ နည်းနည်းလေး စဉ်းစားကြပြီးတော့ သိပ်ပြီးတော့ စိတ်ကို မယိုင်ကြပါနဲ့လို့ပဲ ကျွန်မ ပြောချင်တယ်” ဟု ဒေါက်တာမီမီဝင်းဘတ်က ရှင်းပြသည်။

လက်ရှိတွင် မြ၀တီသို့ စစ်ကူလာနေသော စစ်ကြောင်းများကို ဒေါနတောင်ခြေတွင် တော်လှန်ရေးတပ်များက ဟန့် တားတိုက် ခိုက်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်တပ်က မြ၀တီမြို့ထဲတွင် BGFနှင့် အတူရှိနေသော်လည်း အင်အား နည်းပါးနေသဖြင့် ပေါ်ပေါ်တင်တင် မနေရဲကြောင်း မြ၀တီမြို့ စစ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article