30.5 C
Yangon

ရေစကြို၊ သံဖြူဇရပ်၊ တန့်ဆည်နှင့် သရက်ချောင်းတွင် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မကွေးတိုင်း ရေစကြိုမြို့၊ မွန်ပြည်နယ် သံဖြူရပ်မြို့၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နှင့် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တို့တွင် စစ်​ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရေစကြိုတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီး တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် ရေစကြိုမြို့နယ် ၂၅၆ တပ်ရင်းနှင့် ဇီးတောပျူစခန်းအကြား ပခုက္ကူ- မုံရွာလမ်းနှင့် ရေစကြို-ဆားလင်းကြီးလမ်းဆုံ (အောင်မိုးလမ်းဆုံ)တွင် စက်သေနတ်ကို အမိုးဖွင့် တင်ဆောင်လာသည့် Super Custom ကား တစ်စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်သားများ လိုက်ပါလာသည့် Super Custom ကားပေါ်တွင် ၂၅၆ တပ်မှ တပ်ထောက်ဗိုလ်မှူး စိုးဇင်ငြိမ်း၊ တပ်သား ၂ ဦး၊ ဇီးတော ပျူစောထီးခေါင်းဆောင် ဝင်းမြင့်အောင်နှင့် ပျူစောထီး အဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၈ ဦးလိုက်ပါလာကြောင်း၊ အဆိုပါ ကားကို ပခုက္ကူခရိုင် တပ်ရင်း(၃)မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးနှင့် ပျူစောထီး အဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ကြောင်း၊ တပ်ထောက် ဗိုလ်မှူး စိုးဇင်ငြိမ်းသည် ပေါင်ကျည်ထိမှန် ဒဏ်ရာရရှိကာ ပျူစောထီး ခေါင်းဆောင် ဝင်းမြင့်ဦးသည် လက်မောင်းတွင် ထိခိုက် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့သော်လည်း အပြစ်မဲ့ ပြည်သူ ၃ ဦးကို ပစ်ခတ်မှုဖြစ်စဥ်နှင့် မသက်ဆိုင်ဘဲ ဖမ်းဆီး သတ်ဖြတ်မီးရှို့ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၃)က ထုတ်ပြန်ထားသည်။

သံဖြူဇရပ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် အိမ်စီးကားများ ၂ ရက်ဆက်တိုက် မိုင်းဆွဲ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်တွင် အိမ်စီး ကားဖြင့် လိုက်ပါလာသော စစ်ကောင်စီ တပ်သားများ ၂ ရက်ဆက်တိုက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီ ၂၇ မိနစ်တွင် သံဖြူဇရပ်မြို့မှ ရေးဦးမြို့သို့ အိမ်စီးကား ၄ စီးဖြင့် လိုက်ပါလာသော စစ်ကောင်စီ တပ်သားများ လိမ္မော်ခြံရွာနှင့် အောင်သပြေရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အိမ်စီးကား ၃ စီးဖြင့် ဆန်များ တင်ဆောင်လာသော စစ်ကောင်စီ တပ်သားများ သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ ဖြတ်သန်းသွားစဥ် အေးကမ္ဘာရွာနှင့် ဘေးလမိုင်းရွာ အကြားတွင် ထပ်မံ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ညို ပြည်သူ့ပြောက်ကျား တပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် နေရာများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တန့်ဆည်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော နေရာများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နံနက် ၉ နာရီ ၃၀ မိနစ်တွင် တန့်ဆည်မြို့၊ လမ်းဆုံရှိ ရွှေဒေါင်းမင်းတွင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို MDF- Hydra Forceနှင့် NCG မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့မှ Drone ဖြင့် အီနာကာ ၅ လုံးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် တန့်ဆည်မြို့၊ လမ်းဆုံရှိ ရွှေလီဝင်းဆီဆိုင်ရှေ့တွင် ကင်းပတ်နေသော စစ်သားနှင့် ပျူစောထီးများကို MDF-HydraForceနှင့် Spring Special Task Force-SSTF တို့မှ ထပ်မံ ပူးပေါင်းပြီး drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများ တပ်ပျက်ကာ ထွက်ပြေးသွားပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း MDF- Hydra Force အဖွဲ့က ထုတ်ပြန်ထားသည်။

သရက်ချောင်းတွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် သိမ်ကုန်းရွာနှင့် ဝဲရစ်ရွာ အကြားတွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် မဟာမိတ် ၃ ဖွဲ့ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်မေ့ နံနက် ၆ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ရငဲရွာနှင့် ကတွဲရွာအကြား လမ်းလုံခြုံရေးယူရန် စစ်ကောင်စီတပ်သားများ စစ်တပ် ယာဉ်တန်းဖြင့် ရောက်ရှိလာစဉ် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) အဖွဲ့ဝင် မဟာမိတ်(၃)ဖွဲ့ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) အဖွဲ့ဝင်များဖြစ်သည့် ဂဠုန်မင်းပြောက်ကျားတပ်၊ ကျားရိုင်းပြောက်ကျားတပ်၊ ပတီးတစ်လုံး ပြောက်ကျားတပ်တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

Photo – ပခုက္ကူခရိုင် တပ်ရင်း ၃ – ရေစကြို PDF ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article