28 C
Yangon

သရက်ချောင်းတွင် ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းလာကောက်သော စစ်ကားများ မိုင်းဆွဲခံရ၊ ခင်ဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံးမှ AE ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာအနီး ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်း လာကောက်သော စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ဘုတ်တောင်၌ ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းကောက် ယူ၍ သရက်ချောင်းဘက်သို့ တက်လာစဥ် ဝဲရစ်ရွာအနီး အကြမ်းဖက် စစ်တပ် ယာဥ် ၂ စီးကို အမည်မသိ အဖွဲ့အစည်း တစ်ခုက ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကား ၂ စီးသည် နိုဝင်ဘာလ ၂၆ ရက်နေ့က ပုလောမှ ထားဝယ်ဘက်သို့ လာစဥ် ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်း၏ ဖမ်းဆီးခြင်းကိုခံရပြီး ခုခံထွက်ပြေးရန်ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဥ် ကျည်ထိမှန် သေဆုံးသွားသည့် ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းကို လာကောက်ပြီး အပြန်တွင် မိုင်းဆွဲ ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကို အတည်မပြုနိုင်ဘဲ စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကိုလည်း အတည် မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Local Lark Guerrilla Revolution Force က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် ကန့်ဘလူ့ခရိုင်၊ဇီးကုန်းမြို့နယ်၊ကျဉ်စု၊ကျောက်တိုင်ကျေးရွာကို အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး နယ်မြေ(ပကဖ)အဖွဲ့များ၊ LDF များ၊ ရောင်နီပျောက်ကြား တော်လှန်ရေးအင်အားစု(K.U) ၊ မဒေါင်းကြီး,မုန်တိုင်းအဖွဲ့(K.U)၊ Local Lark Guerrilla Revoluti Force.(K.U)၊ Black Wolf P D F (K,U)၊ Khin U people Defence Force (KUPDF)တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်အပစ်အခတ်ဖြစ်ကာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်း သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက် အကျအဆုံးမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက် အင်ဂျင်နီယာ (AE) ရှမ်းလေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ‎ရက် ညနေ ၅ နာရီခန့်တွင် လက်ထောက် အင်ဂျင်နီယာ ရှမ်းလေးသည် ဆိုင်ကယ်မောင်းနှင်လာစဥ် ကံ့ကော်ရုံး ထောင့် အရောက်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရင်ဘတ်ကို ကျည်ထိမှန်ကာ ကျိုက်ထိုဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်းသိရသည်။

” ပစ်သတ်ခံရသူ မြို့နယ် လျှပ်စစ်ရုံးရဲ့ AE ရှမ်းလေးဆိုတဲ့သူပါ။ အမည်ရင်းလား ဘာလား ဆိုတာတော့ မသိဘူး။ ရှမ်းလေးလို့ပဲ သိရတယ်။ သူက ကျိုက်ထိုမြို့နယ် အတွင်းမှာ ကျေးရွာတွေကို ရွာလုံးကျွတ် လျှပ်စစ်မီးဖြတ်ဖို့ အဓိက အမိန့်ပေးသူပါ” ဟု kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော လက်ထောက် အင်ဂျင်နီယာ ရှမ်းလေးသည် ကျေးရွာများကို လျှပ်စစ်မီး လင်းစေလိုလျှင် လျှပ်စစ်ဌာနသို့ ပိုက်ဆံ အမြောက်အမြား တောင်းရမ်းသူဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် သိန်း ၈၀ မှ သိန်း ၆၀၀ အထိ လျှပ်စစ် မီတာခကို သွင်းစေပြီးမှသာ လျှပ်စစ်မီးများ ပြန်လွှတ်ပေးသူ ဖြစ်ကြောင်းနှင့် သိမ်ဇရပ်မြို့တွင်လည်း သိန်း ၃၀၀၀ အထိ ပေးသွင်းပြီးမှသာ လျှပ်စစ်မီး ပြန်လွှတ် ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article