28 C
Yangon

ဂန့်ဂေါတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ မြိတ်နှင့်ရွှေဘိုတွင် စစ်ကောင်စီ ယာဥ်တန်းများ မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံး ခဲ့ကြောင်း PDF-GANGAW-တောင်ပိုင်း အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပျားရွာနှင့် အောင်မြင်ရွာ တံတားသို့ အရောက် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ရတွင် တိုက်ခိုက်ခံရကြောင်းနှင့် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မင်းရွာသို့ ဝင်ရန်ပြင်လာစဉ် မင်းရွာမြစ်ကူးတံတားအနီး၌ ပဒေသာမိုင်း ၄ လုံးဖြင့်ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း PDF-GANGAW-တောင်ပိုင်း အဖွဲ့ထံမှ သိရသည်။

” ၃၀ ရက်နေ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုကို မသိရသေးပါဘူးဗျ။ ခု ခလရ ၅၀ စစ်ကြောင်းက မင်းရွာရဲစခန်းကနေ ဒီမနက် ၈ နာရီ ၅၀ မိနစ်လောက်က ပြန်ထွက်သွားတယ်ဗျ။ ဂန့်ဂေါကို ပြန်ထွက်တယ်လို့ ယူဆရတယ်ဗျ။ ၃၀ ရက်နေ့ ထွက်ထွက်လာတုန်းက ပျားရွာနဲ့ အောင်မြင်ရွာကို ဝင်သွားသေးတယ်။ အောင်မြင်ရွာမှာ အနည်းငယ်တော့ မွှေသွားသေးတယ်ဗျ” ဟု PDF ဂန့်ဂေါမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း(၇)နှင့် တပ်ရင်း(၁၁)မှရဲဘော်များမှ စလစ်ပြောင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုများနိုင်သည်ဟုခန့်မှန်းရပြီး အသေးစိတ်မသိရသေးကြောင်းနှင့် တိုက်ခိုက်မှုများအတွင်း PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရွှေဘိုမြို့နယ် အုန်းပေါက်ရွာ အနောက်ဘက်တွင် ရွှေဘိုမြို့ လကရ (၈)မှ ပျူစောထီးသင်တန်းသားများ လိုက်ပါလာသည့် မိုးကာအုပ် ၁၂ ဘီးကားကို ဒီဇင်ဘာ ၂ ရက်နေ့၌ ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Burma Rangers(Shwe Bo) တပ်ဖွဲ့ထံမှ သိရသည်။

“ထိခိုက် သေဆုံးမှု စုံစမ်းဆဲပါ။ ချက်ချင်းအလောင်းဖျောက်တယ်ကြားတယ်။ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းပါတယ်။ လက်နက်မတပ်ဆင်သေးခင် ကြားဖြတ်ပြီး မိုင်းဆွဲတာပါ။ သူတို့ဘက်က ပစ်ခတ်မှု မရှိပါဘူး” ဟု Burma Rangers(Shwe Bo) က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

မိုင်းဆွဲခံရပြီး ကားမှာ နေရာတွင် ၅ မိနစ်ခန့် ထိုးရပ်သွားပြီး လူလဲကာ ဆက်လက် မောင်းနှင်သွားကြောင်း အထိအခိုက်အကျအဆုံးများနိုင်ကာ ထိခိုက်ကျဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြိတ်ခရိုင် တနင်္သာရီမြို့နယ် ထုံခါကျေးရွာ သင်္ချိုင်းအနီးတွင်လည်း ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်း ၅ စီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း KNLA – TCSJF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီယာဉ်တန်းသည် အင်အား ၁၀၀ ကျော်ခန့်ပါပြီး ၂၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီယာဉ်တန်း ၅ စီးအနက် ၃ စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန် နှစ်စီးမှာ နောက်ပြန်လှည့်ပြေးသွားခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ပြီး တော်လှန်ရေးရဲဘော်များအနေနှင့် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Photo – PDF-GANGAW-တောင်ပိုင်း တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article