28 C
Yangon

ပေါက်မြို့နယ်၊ သရဖီရွာမှ မတင်နုဆိုသည့် အမျိုးသမီးကို စစ်တပ်က ဖမ်းဆီးပြီး မုဒိမ်းကျင့်သတ်ဖြတ်၊ ကျသိုက်ရွာမှ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရဖီကျေးရွာမှ မတင်နုဆိုသည့် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီး ပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် သရဖီကျေးရွာသို့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ယင်းသို့ မီးရှို့ဖျက်ဆီးစဉ် သရဖီကျေးရွာမှ မတင်နုကို ကျေးရွာ အတွင်း မတင်နုဆိုသော အမျိုးသမီးကို တွေ့ရှိသဖြင့် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မတင်နုကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

“ပေါက်မြို့နယ်တောင်ပိုင်း သရဖီကျေးရွာမှ မတင်နုကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ မတင်နုက အသက်၅၀ အရွယ်ရှိပါပြီ။ စစ်တပ်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ထားတဲ့ မတင်နုအလောင်းကို ပြန်တွေ့ ရ ပါတယ်”ဟု ပေါက်ဒေသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ကျသိုက်ကျေးရွာ၊ လယ်လန်းကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့စဉ် ကျသိုက်ကျေးရွာမှ ပြည်သူ၂ ဦးကို စစ်တပ်က သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း၊ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး PDF ဟု စွပ်စွဲကာ သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ သေဆုံးပြည်သူ နှစ်ဦး၏ ရုပ်အလောင်းအနီးတွင် ပျူစောထီးများ၏ သေနတ်များချကာ ဓာတ်ပုံရိုက်ယူ၍ စစ်တပ်ထောက်ခံသူ လော်ဘီများက တယ်လီဂရမ်တွင် PDF ၂ ဦးအလောင်းဟု ဝါဒ ဖြန့်ကြကြောင်း သိရှိရသည်။

စစ်တပ်က သတ်ဖြတ်မှုကြောင့် သေဆုံးသူပြည်သူ နှစ်ဦးမှာ ကျသိုက်ကျေးရွာမှ ကိုမျိုးသူ (အသက် ၃၂နှစ်)နှင့်ကို အောင်စိုး (အသက် ၅၀နှစ် )တို့ဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူ နှစ်ဦးသည် PDF မဟုတ် ဘဲ သေဆုံးသူ ပြည်သူနှစ်ဦး ၏အနီးရှိ သေနတ်များဟာလည်း စစ်တပ်နှင့် ပျူစောထီးများ၏ လက်နက်များဖြစ်ကြောင်း၊ စစ်တပ်က လုပ်ကြံသတ်ဖြတ်ဝါဒ ဖြန့်ခြင်းဖြစ်ကြောင်း ဒေသပြည်သူ များက ပြောဆိုကြသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းတွင် အင်အား ၁၀၀ ခန့်ရှိသော စစ်ကြောင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က ထိုးစစ်နဲ့ ဝင်လာပြီးတော့ မီးရှို့ဖျက်ဆီးခံလိုက် ရတဲ့ ကျသိုက်ကျေးရွာ၊ လယ်လန်း ကျေးရွာ ၊သရဖီကျေးရွာနှင့် ရွာသာအေးကျေးရွာများမှာ ရွာလုံးကျွတ် နီးပါး ပြာကျ နိုင်ပါတယ်။ စစ်တပ်က ရွာပတ်ပတ်လည် လုံခြုံရေး ချပြီးမှ မီးရှို့ဖျက်ဆီးတာဖြစ်လို့ အသေးစိတ်အတိအကျ ရဖို့ ခက်ခဲ့ပါတယ်” ဟု ပေါက်ဒေသသတင်းရင်းမြစ် Pauk Newsletter က ပြောသည်။

လက်ရှိတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ပေါက်မြို့နယ်၊ ကျေးရွာ ၁၅ ခုမှ ပြည်သူ ၅၀၀၀ခန့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ အမိုးအကာနှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article