36 C
Yangon

ရွှေဘိုတွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၃၀ ဦးခန့်သေဆုံး၊ မုံရွာတောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းထဲ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၁၃၀ ခန့်က ညောင်ပင်သာကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုး ဝင်ရောက် လာပြီးနောက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကြက်ရိုးတော ဘုန်းကြီးကျောင်းထိပ်၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဘိုတဲကုန်းထိပ်နှင့် ကျီးကန်ရွာ အကြား ထပ်မံ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီ ၃၆ မိနစ်ခန့်တွင် ဘိုတဲကုန်း ရပ်ကွက်အနောက်ဘက် ရဲစခန်းထိပ်တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ညောင်ပင်သာ အ.ထ.ကစာသင် ကျောင်းရှေ့၌ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးခန့် ထပ်မံ သေဆုံးခဲ့ကာ ဘိုတဲကုန်း ရပ်ကွက် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရွှေဘိုခရိုင်ကွပ်ကဲရေး ၂ တပ်ရင်း ၄ ၊ FIRE Dragon (Khin U)၊ တိုက်နယ်၁ ပ.က.ဖ၊ One Day Revolution Foce (အရံတပ်ခွဲ ၂)၊ D.U.G.F (Khin U)၊ Night Hunter (Lpdf)၊ Dog Hunter (လက်နက်ကြီးအဖွဲ့)တို့နှင့် မဟာမိတ်များမှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာအတွင်း တပ်စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ၏ ကင်းပုံရှိရာ နေရာများကို နိုဝင်ဘာ ၃၀ ရက်နေ့ ည ၉ နာရီအချိန်တွင် တာဝေးပစ် ၉၀ မမ၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး အလုံး ၅၀ ဖြင့် နေရာစုံမှ ပစ်ခတ်ခဲ့ကြောင်း၊ Area 71 Defense Force Monywa က သတင်းထုတ်ပြန်သည်။

“အဲဒီရွာကို‌ လေးဖက်လေးတန်က ဝိုင်းထုကြတာ အသေအပျောက်ရှိတယ်ဗျ။ စုံစမ်းနေတုန်းပါ” ဟု Area 71 အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်နက်ကြီးများသည် တောပုရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ၏ ကင်းပုံးတည်ရှိရာနေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီနှင့်အပေါင်းပါများက ကြောက်လန့်တကြားပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြသော်လည်း တော်လှန်ရေးရဲဘော်များမှ ကျည်နက်ကြီးနှင့် ကျည်ဆံများ ကုန်သည်အထိ ပစ်ခတ်ခဲ့ကြောင်းနှင့် အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုကို Area 71 PDF Monywa ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Monywa Fighter group ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Urban Hunter Force (UHF) အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအသေအပျောက်စာရင်းကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article