30 C
Yangon

လောင်းလုံးတွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကသာ၊ မြင်းမူနှင့် ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံ

Must read

လောင်းလုံးတွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကသာ၊ မြင်းမူနှင့် ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကမြောကင်းကျေးရွာ မူလတန်းကျောင်းအနီး၌ အကြမ်းဖက် စစ်တပ် ကျင်းပပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်ကောက်သည့် စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ AK 47 သေနတ် တစ်လက် ၊ ကျည် ၂၃ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (လောင်းလုံး-ပကဖ ) နှင့် Guerilla Revolutionary Force – DGRF (ထားဝယ်-ပကဖ) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကသာမြို့နယ် တိုက်ကုန်းကျေးရွာ အရှေ့ဘက်ခြမ်းတွင် ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား မိနစ် ၃၀ ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဝင် ၁ ဦးသေကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း GZ Special Task Force – Wetlet ဘွားကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း GZ Special Task Force – Wetlet အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကား နှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်သားအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ၂ ဦးသေဆုံးသွားကြောင်း People’s Army To Fight Dictatorship – PAFD တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၆ မိနစ်ခန့်က မြင်းမူမြို့မှ မုံရွာမြို့ဘက်သို့ ထွက် ခွာလာသော အကြမ်းဖက်စစ်သားအများအပြားလိုက်ပါလာသည့် စစ်ကားနှစ်စီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးပျက်စီးခဲ့ပြီးနောက် အနီးရှိကင်းပုန်းရှိရာ နေရာသို့ မောင်းနှင်သွားစဉ် စကားများရန်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြရာ စစ်သား ၂ ဦးသေဆုံးသွား ကြောင်း သိရသည်။

“ကျွန်တော်တို့က ရှေ့ကားကို မိုင်းဆွဲလိုက်တဲ့အချိန်မှာ နောက်မှာလိုက်တာတဲ့ ကားက ရမ်းသမ်းပစ်ခတ်ပြီး တော့ ရပ်လိုက်တယ်၊ ရပ်လိုက်တာက ကျနော်တို့ မိုင်းပွိုင့်တည့်တည့်ပေါ်ဖြစ်နေတော့ ထပ်ဆွဲတိုက်တာ၊ အဲဒီအချိန်မှာ အပစ်ပါရပ်သွားပြီးတော့ ကားရော၊ လူရော ထိခိုက်မှုတော်တော်ဖြစ်သွားတယ်၊ အဲဒါနဲ့ ရှေ့ နားမှာရှိတဲ့ သူတို့ ကင်းပုန်းဝပ်စခန်းအထိ မောင်းသွားတဲ့အချိန်မှာ ဘယ်လိုဖြစ်တာလဲမသိဘူး၊ ကား သ မားက ထွက်တားတဲ့ စစ်သားကို တိုက်သတ်ပစ်လိုက်တယ်၊ တိုက်သတ်လိုက်တော့ အပြန်အလှန်ပစ်ကြ တာ၊ နောက်ထပ် တစ်ယောက်ထပ်သေတယ်၊ ကျနော်တို့မိုင်းဆွဲလို့ သေဆုံးဒဏ်ရာရတာ အတိအကျ မသိရပေမယ့် သူတို့ အချင်းချင်း ဖြစ်လို့ သေတာနှစ်ယောက်ကတော့အတည်ပြုလို့ရတယ်” ဟု People’s Army To Fight Dictatorship – PAFD တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ထိုသို့အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ယင်းအကြမ်းဖက်စစ်သားများမှာ မုံရွာမြို့အထိ ဆက်လက်ထွက်ခွာခြင်းမရှိပဲ သေဆုံး၊ ဒဏ်ရာရ စစ်သားအလောင်းများကို တင်ဆောင်ကာ မြင်းမူမြို့သို့ ပြန်ဝင်သွားကြောင်း သိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF (MMU) ၊ People’s Knight Defense Force Myinmu (PKDF.MMU).TAUNGTHA People Defense Force (TTA PDF). D.B.B.F.MMU တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်) အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝက်လက်မြို့မ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် မင်းစုရပ်ကွက် အနီးနားသို့ ထွက်ခွာလာသည့် စစ်သားနှင့် ပျူစောထီးများကို ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေး တပ်ဦး (ဝက်လက်)၊ People Revolution Front (Wetlet)၊ အမေ့သား(LPDF)နှင့် မြို့မတိုက်နယ် ပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article