29 C
Yangon

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်များကို Green Channel ဖြင့် ဗုဒ္ဓ ဂါယာ ဘုရားဖူးခရီးသွားအေဂျင်စီများနှင့် ပြည်ပအလုပ် အကိုင် အေဂျင်စီ များအတွက် ထုတ်ပေးမှုများ ရပ်ဆိုင်း၊ ပြည်ပထွက်လိုသူများ ဒုက္ခရောက်နေကြ

Must read

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်များကို Green Channel ဖြင့် ဗုဒ္ဓ ဂါယာ ဘုရားဖူးခရီးသွားအေဂျင်စီများနှင့် ပြည်ပအလုပ် အကိုင် အေဂျင်စီ များအတွက် ထုတ်ပေးမှုများ ရပ်ဆိုင်း၊ ပြည်ပထွက်လိုသူများ ဒုက္ခရောက်နေကြ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်များကို Green Channel ဖြင့် ဗုဒ္ဓဘုရားဖူးခရီးသွားအေဂျင်စီများနှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ များအတွက် ထုတ် ပေးမှုများ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

ယမန်နှစ် ဒီဇင်ဘာလ တတိယအပတ်မှစတင်၍ နိုင်ငံကူးလက်မှတ်များကို သာမန်ပြည်သူများ လျှောက်ထားမရတော့ဘဲ စစ်ကောင်စီက ရပ်ဆိုင်းပိတ်ပင်ခဲ့ကြောင်း၊ သို့ရာတွင် ဗုဒ္ဓဂါယာဘုရားဖူး ခရီးသွားအေဂျင်စီများ၊ ပြည်ပ အလုပ် အကိုင်အေဂျင်စီများကို အထူးကိစ္စရပ်အဖြစ် Green Channel ဖြင့် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ဘုရားဖူးခရီးသွားအေဂျင်စီများနှင့် ပြည်ပ အလုပ်အကိုင်အေဂျင်စီများက နိုင်ငံကူးလက်မှတ်လုပ်လိုသူများကို ငွေကြေးမြောက်မြားစွာ ရယူ၍ ပတ်စ်ပို့ လျှောက် ထားပေးမှုများ ရှိခဲ့ကြောင်း၊ သို့ရာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ပြီး ယင်းသို့ Green Channel ဖြင့် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးမှုများပါ ထပ်မံ ရပ်ဆိုင်းသွားကြောင်း သိရှိရသည်။

“ဗုဒ္ဓဂါယာ ဘုရားဖူး အေဂျင်စီတွေက တစ်ဦးကို ငွေကျပ် ၁၈ သိန်းအပြီးအစီးဆိုပြီး နိုင်ငံကူးလက်မှတ်လုပ်ပေးတယ်။ မနက်စောစော ရန်ကင်း ပတ်စ်ပို့ရုံးရှေ့မှာ ယောဂီဝတ်စုံနဲ့ လာတန်းစီနေကြတာ တော်တော်များတယ်။ ဗုဒ္ဓဂါယာဘုရား ဖူးဆိုပြီး လျှောက်ကြတာ။ နောက်ပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီ တချို့ကလည်း ထိုင်း MOU ဆိုပြီး ပတ်စ်ပို့ လျှောက်ပေးတယ်။ အဲဒါကလည်း ၁၅ သိန်းနဲ့ ၁၈ သိန်းလောက်ပေးရတယ်။ နိုင်ငံကူးလက်မှတ် ပိတ်ထားတော့ လုပ်စားဂွင်ကြီးဖြစ်နေတာ” ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင်မူ ဗုဒ္ဓဂါယာဘုရားဖူးကုမ္ပဏီများနှင့် ပြည်ပအလုပ် အကိုင်အေဂျင်စီများအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို ထပ်မံရပ် ဆိုင်းလိုက်သည်ဟု သိရှိရကြောင်းရုံးသို့ သွားရောက်ခဲ့သူများထံမှ သိရှိရသည်။

“ဇန်နဝါရီ ၁၆ ရက်နေ့ ရုံးဖွင့်မယ်ဆိုလို့ သွားကြည့်တော့ ရုံးတော့ဖွင့်ထားတယ်။ ပတ်စ်ပို့လျှောက်မယ့်သူတွေကို လက်မခံသေးဘူး။ ပတ်စ်ပို့ ရုံးရဲတွေပြောတာတော့ ဗုဒ္ဓဂါယာတွေရော MOU သမားတွေရော နိုင်ငံကူးလက်မှတ် ထုတ်ပေးတာတွေ ထပ်ရပ်လိုက် ပြီ လို့ ပြောတယ်။ အခုက ရုံးဖွင့်ရက်တိုင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးတာတွေ ပြန်စ၊ မစ သွားကြည့်နေရတယ်။ အတော်များများ ဒုက္ခရောက်ကြတယ်။ ကျောင်းသွားတက်မယ့်သူ၊ ဆေးကုမယ့်သူ၊ အလုပ်သွားလုပ်မယ့်သူ အားလုံးဒုက္ခရောက်နေကြတာ။ အလိမ်အညာတွေကလည်း အများကြီးပဲ။ အလိမ်ခံရသူတွေလည်း အတော်များတယ်” ဟု နိုင်ငံကူးလက်မှတ်ရုံးသို့ သွားရောက်ခဲ့သူ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်က နိုင်ငံကူးလက်မှတ်ရုံး ဖုန်းနံပါတ်များသို့ အခြေအနေ အသေးစိတ် မေးမြန်းရန် ဖုန်းခေါ်ယူခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှုများကို ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းခဲ့ပြီး ထိုသို့ ရပ် ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက် ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံ ရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာ လျှောက် ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် တစ်လနီးပါးကြာမြင့်လာချိန်အထိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်များကို ပြန်လည် စတင်ခြင်း မရှိသေးပေ။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်၂၀၂၂ ခုနှစ် ဩဂုတ် လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ် အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ညွှန်ကြားခဲ့ပြီးနောက် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများ ရပ် ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက် ထွက် ခွာနေမှုကြောင့် နောင်တွင် ပြည် တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်ဟု သိရှိရသည်။

ထို့ပြင် NUG ၊ PDF နှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်များကို အဓိက လှူဒါန်းထောက်ပို့နေသူများမှာ ပြည်ပရောက် မြန်မာများဖြစ်ကြောင်း၊ ယင်းအထောက်အပံ့များကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို မရပ်တန့်နိုင်ကြောင်း၊လက်ရှိ ပြည်တွင်းမှ ထောက်ပံ့နေသည့် လမ်းကြောင်းအားလုံးနီးပါး စစ်တပ်က ထိန်းချုပ်နိုင်သော်လည်း ပြည်ပရောက် မြန်မာများ၏ အထောက် အပံ့ နှင့် လှူဒါန်းမှုကို မရပ်တန့်နိုင်သဖြင့် ပြည်ပသို့ ထွက်ခွာ နေမှုများကို စိစစ်တား မြစ်ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း၊ ယင်း ညွှန် ကြားချက်ကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု လုပ်ငန်းများ ရပ်ဆိုင်း သည်အထိ သက်ရောက်မှုရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article