36 C
Yangon

မြန်မာသာမက ဒေသတွင်း နိုင်ငံများအထိကိုပင် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာသည့် မင်းအောင်လှိုင်၏ နျူးကလီးယား စီမံကိန်း

Must read

မြန်မာသာမက ဒေသတွင်း နိုင်ငံများအထိကိုပင် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာသည့် မင်းအောင်လှိုင်၏ နျူးကလီးယား စီမံကိန်း

By လမ်းသစ်

နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးသည် မြန်မာစစ်အာဏာရှင် အဆက်ဆက် တောင့်တခဲ့သည့် အိမ်မက်တခုဆိုလျှင် မှားမည် မဟုတ်ပေ။

စစ်တပ်၏ နျူလက်နက် ထုတ်လုပ်ရန် ကြံစည်ခဲ့မှုနှင့် ပတ်သက်၍ ထိုစဥ်က စစ်အာဏာသိမ်းခေါင်းဆောင် သန်းရွှေ ဦးဆောင်နေသည့် မြန်မာစစ်တပ်က လျွိ့ဝှက်စွာ လုပ်ဆောင်နေသော နျူစီမံကိန်းအကြောင်းကို Sydney Morning Herald က ၂၀၀၉ ခုနှစ်အတွင်းမှာ စတင်ထုတ်ဖော်ရေးသားခဲ့သည်။

မြန်မာနိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာစစ်တပ်အရာရှိ ၂ ဦး၏ ထုတ်ဖော်ပြောဆိုချက်များအရ မန္တလေးတိုင်း နောင်လိုင်ကျေးရွာ အနီးရှိ တောင်ပေါ်ဥမင်လိုဏ်ဂူများ အပါအဝင် မြောက်ကိုရီးယား၏ အကူအညီဖြင့် ဆောင်ရွက်နေသည့် နျူဓာတ်ပေါင်းဖို တည်ဆောက်မှုနှင့် ပလူတိုနီယံ ထုတ်ယူရေး စက်ရုံများ အကြောင်းကို ထိုစဥ်က မြန်မာနှင့် နိုင်ငံတကာ မီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတကာနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ NLD အစိုးရလက်ထက်အရောက်တွင်တော့ စစ်တပ်၏ နျူကလီးယားစီမံကိန်းက ရပ်တန့်လုနီးပါး အခြေအနေ ဆိုက်ရောက်ခဲ့ရသည်။

သို့သော် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး၊ ၂၀၂၁ ဖေဖော်ဝါရီ တကျော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ မြန်မာစစ်တပ်သည် ရုရှအကူအညီဖြင့် ၄င်းတို့၏ နျူကလီးယားအိမ်မက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းလာသည်။

ရုရှ-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်ပြီး ပြန်ပြောင်းကြည့်မည်ဆိုလျှင် လက်နက်ရောင်းချမှုအချို့မှလွဲ၍၊ ကြီးမားသည့် စီးပွားရေးဆက်ဆံမှု မရှိသော မြန်မာနိုင်ငံအား ရုရှခေါင်းဆောင် ဗလာဒီမာ ပူတင်က ခပ်တန်းတန်းသာ ဆက်ဆံခဲ့သည် ဆိုသည့်အခြေအနေများကို ၂၀၂၂ အစောပိုင်းကာလအထိ တွေနိုင်မည်ဖြစ်သည်။

တွေ့ဆုံခွင့် ရရန် သူ၏ခရီးစဥ်များအတွင်း မင်းအောင်လှိုင်က အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း၊ ပယ်ချခံခဲ့ရပြီး နောက်ဆုံးအကြိမ်တွင်မှ ပူတင်က လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ ပြောင်းလဲလာသော ပူတင်၏ သဘောထားသည် ယူကရိန်း၏ တန်ပြန်ထိုးစစ်ကြောင့် ရုရှစစ်တပ် အခြေအနေ မလှ ဖြစ်ခဲ့သည့်အချိန်မှ စတင်လာသည်ဟု ဆိုနိုင်သည်။

အထူးသဖြင့် ယူကရိန်းကျူးကျော်စစ်ကြောင့် နိုင်ငံတကာ၏ ပြင်းထန်သော တုန့်ပြန်မှုကို ရင်ဆိုင်နေရပြီး၊ ယူကရိန်းကို လက်နက်အကြီးအကျယ် ထောက်ပံ့နေသော အမေရိကန်နှင့် အနောက်နိုင်ငံများကို ရန်လိုနေသော ရုရှခေါင်းဆောင် ပူတင်အနေဖြင့် မြန်မာနိုင်ငံကို နျူးကလီးယားလက်နက် ပံ့ပိုးကာ တောင်/ အရှေ့တောင်အာရှသာမက အာရှ-ပစီဖိတ်ဒေသတခုလုံးကိုပါ မတည်မငြိမ်ဖြစ်အောင် ကြံစည်နေပုံရသည် ဟု နိုင်ငံတကာအရေး ကျွမ်းကျင်သူများက ဆိုသည်။။

မင်းအောင်လှိုင်လက်ထက် နျူးကလီးယား အစီအစဥ်ကို ပေါ်ပေါ်ထင်ထင် ပြန်လည်စတင်ခဲ့သည့် ခြေလှမ်းအနေဖြင့် ၂၀၂၂ ဇွန်လ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီနှင့် ရုရှ နိုင်ငံပိုင် ကော်ပိုရေးရှင်းကြီး ဖြစ်သည့် ROSATOM တို့ကြား နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာစစ်တပ်နှင့် ROSATOM တို့၏ ခပ်စိတ်စိတ် ဖြစ်လာသော ဆက်ဆံရေးများကို ရုရှနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ကျင်းပခဲ့ပြီး၊ အဆိုပါ ညီလာခံတွင် မြန်မာစစ်ခေါင်းဆောင်ကို ရုရှခေါင်းဆောင် ပူတင်က ပထမဦးဆုံး လက်ခံတွေ့ဆုံခဲ့သည့် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) တွင်လည်း တွေ့မြင်နိုင်သည်။

အဆိုပါဖိုရမ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် စစ်ကောင်စီ၏ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး မျိုးသိန်းကျော် တို့က မင်းအောင်လှိုင် ရှေ့မှောက်တွင် နားလည်မှု သဘောတူ စာချွန်လွှာများ လက်မှတ်ရေးထိုးကြသည်။

ထို့အပြင် ROSATOM ၏ အကူအညီနှင့်ပင် နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာကို ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး၊ အဆိုပါနေ့တွင်ပင် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်အေဂျင်စီ (ROSATOM) နှင့် မြန်မာစစ်ကောင်စီတို့အကြား နျူကလီးယားစွမ်းအင်နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ထပ်မံလက်မှတ်ရေးထိုးခဲ့ကာ လာမည့်နှစ် အနည်းငယ်အတွင်း ရုရှအကူအညီဖြင့် အသေးစားနျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြောကြားခဲ့သည်။

ယခုကဲ့သို့ စစ်ကောင်စီနှင့် ရုရှား တို့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာမှုနှင့် ပတ်သက်ပြီး စိုးရိမ်မိသည် ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ပြောဆိုခဲ့သည်။

ရက်စက်ကြမ်းကြုတ်လှသည့် မြန်မာစစ်ကောင်စီကို ရုရှက နျူကလီးယားစွမ်းအင်အပါအဝင် ပံ့ပိုးကူညီမှုတွေကို တိုးချဲ့ပံ့ပိုးနေတာနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံက စိုးရိမ်မိသော်လည်း အံ့သြခြင်း မရှိ ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ၏ လုပ်ရပ်များက အာရှ-ပစိဖိတ်ရှိ အမေရိကန်နိုင်ငံ၏ မိတ်ဖက်၊ မဟာမိတ်များနှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ကြိုးပမ်းမှုများကို ခြိမ်းခြောက်စေသော အကျပ်အတည်းတစ်ခုကို တာရှည်စေခြင်းသာ ဖြစ်သည် ဟုလည်း ထုတ်ပြန်ပြောဆိုခဲ့သည်။

မြန်မာစစ်ကောင်စီ၏ နျူကလီးယားဓာတ်ပေါင်းဖို အစီအစဉ်နှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးသည်ကို တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ မြန်မာစစ်တပ်က နျူကလီးယားနှင့် ပတ်သက်သည့် အစီအစဉ်တွေ ပြင်ဆင်နေသည်ကတော့ အသေအချာပင်။ နျူးကလီးယားနှင့် ပတ်သက်သည်များ လေ့လာသင်ယူဖို့ သိပ္ပံပညာရှင်များ၊ အခြားဆက်စပ် ပညာရှင်များနှင့် စစ်တပ်အရာရှိများကို ဆယ်စုနှစ်ချီ ရုရှားသို့ စေလွှတ်ခဲ့သည် ဆိုသည်မှာလည်း အများအသိပင် ဖြစ်သည်။

ထိုမှတဆင့်တက်၍ ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်အနေနဲ့ အရပ်ဖက်သုံး လျပ်စစ်စွမ်းအင် ခေါင်းစဥ်ဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုငယ်များ တည်ဆောက်ရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ထိုသို့ စစ်ကောင်စီ၏ ရန်လိုသည့် လုပ်ရပ်များကို အဘယ်ကြောင့် ကမ္ဘာကြီးက အသံတိတ်နေသနည်း။ အာဆီယံ အနေနှင့်ရော အဘယ်ကြောင့် စိုးရိမ်မှုများ မပြသနေသနည်း ဟု တောင်အာရှဒေသတွင်း သတင်းတွေကို ဖော်ပြလေ့ရှိသည့် South Asia Monitor သတင်းဂျာနယ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မေးခွန်းထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ နျူကလီးယားလက်နက်ရရှိရန် ကြိုးပမ်းခဲ့မှုသမိုင်းကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် သန်းရွှေခေါင်းဆောင်သော ယခင်စစ်အစိုးရသည် နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းအတွက် ပထမအဆင့်ဖြစ်သည့် နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ရန် အစီအစဉ်များကို စတင်အကောင်အထည် ဖော်နိုင်ရန်အတွက် ၂၀၀၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနှင့် ဆွေးနွေးမှုများ စတင်ခဲ့သည်။

အထူးသဖြင့်၂၀၀၀ ခုနှစ် အစောပိုင်းနှစ်များတွင် ထိုစဥ်က စစ်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဖြစ်သူ ဦးသောင်း ရုရှနိုင်ငံ မော်စကိုမြို့သို့ သွားရောက်လည်ပတ်အပြီးမှာတော့ မြန်မာစစ်တပ်၏ နျူကလီးယားစီမံကိန်း၏ ခြေလှမ်းနှင့် ရည်ရွယ်ချက်များ ပိုမို မြင်သာလာခဲ့သည်။

ထိုသို့ကြိုးပမ်းခဲ့သော်လည်း နိုင်ငံတကာပိတ်ဆို့မှုများကြောင့် စီးပွားရေးအကြပ်အတည်းအပြင် တရုတ်၏ ဗိုလ်ကျစိုးမိုးလာမှုများကို စိုးရိမ်မကင်း ဖြစ်လာပြီဖြစ်သော စစ်ဗိုလ်ချုပ်ကြီးများက နိုင်ငံရေးထွက်ပေါက်အဖြစ် ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ရာ၊ ရွေးကောက်ပွဲအပြီး ကောင်းမွန်လာသော နိုင်ငံတကာဆက်ဆံရေးနှင့် အကူအညီများအောက်တွင် ၄င်းတို့၏ နျူကလီးယား စီမံကိန်းမှာ တခန်းရပ်ဆိုသလို ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်။

သို့သော် လာမည့်နှစ်အနည်းငယ်အတွင်း အသေးစားနျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဟု မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီက မကြာသေးမီက အတည်ပြုပြောကြားချက်သည် မြန်မာစစ်တပ်၏ ၂၀၀၀ ခုနှစ်လွန်နောက်ပိုင်းမှ စတင်ခဲ့သော နျူကလီးယားနည်းပညာ လက်လှမ်းမှီနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်နေမှုများအား ရုရှနိုင်ငံက ပြန်လည်အသက်သွင်း ဖြည့်စည်းပေးလိုက်ခြင်း ဖြစ်ကြောင်း ပြသ၍နေသည်။

လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ငြိမ်းချမ်းစွာ အသုံးပြုမည် ဆိုသည့်ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် အဆက်ဆက် အလွန်လျွို့ဝှက်စွာ စီမံခဲ့သော နျူးကလီးယား စီမံကိန်းသည် ၂၀၂၁ တကျော့ပြန် စစ်အာဏာသိမ်းအပြီးမှာတော့ ပထဝီနိုင်ငံရေး၏ ရှုပ်ထွေးမှုကို အခွင့်ကောင်းယူကာ အရှိန်အဟုန်နှင့် ပြန်လည်စတင်နေပြီဆိုသည့် အချက်ဖြစ်သည်။

“မြောက်ကိုရီးယားကို အားကျနေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ချင်လို့ အခုလို ရုရှနဲ့ပေါင်းပြီး ဓတ်ပေါင်းဖို လုပ်နေတယ်ဆိုတာ အရှင်းကြီးပါ။ သူတို့ပြောတဲ့အတိုင်း ဘယ်လောက်ပဲ သေးငယ်တဲ့ ဓာတ်ပေါင်းဖို ဖြစ်ပါစေ … ပြည်တွင်းမှာရော ပြည်ပမှာမှာ တရားမဝင် ဖြစ်နေတဲ့ သူတို့တွေအတွက်ကတော့ ဆက်လက်အာဏာတည်မြဲဖို့အတွက် နျူလက်နက် ရရှိဖို့က အဓိက ဖြစ်နေတယ် ဆိုတာပါပဲ” ဟု မြန်မာ့အရေး ကျွမ်းကျင်သူတဦးက ဆိုသည်။

ထို့အပြင် ROSATOM ကော်ပိုရေးရှင်း ၏ ပြောကြားခဲ့ချက်များအရ ၄င်းတို့ မြန်မာသို့ ထောက်ပံ့ပေးမည့် သန့်စင်ပြီး ယူရေနီယံလောင်စာ ၁၀ မက်ထရစ်တန် သည် နျူကလီးယားလက်နက် တည်ဆောက်ရန် လုံလောက်သည့် ပမာဏဖြစ်ပြီး၊ အကယ်၌ ယူရေနီယမ်ကို လက်နက်အဖြစ် ပြောင်းလဲနိုင်သည့် အဆင့်မြင့် နည်းပညာ မရရှိသေးလျှင်ပင် ၄င်းကို ဖျက်ဆီးအားပြင်းသည့် “dirty Bomb” အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

တဖက်တွင်လည်း အာဏာသိမ်းမှုကို တတိုင်းပြည်လုံးနီးပါး ဆန့်ကျင်တော်လှန်မည်ကို မတွက်ဆမိခဲ့သော မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်‌ကောင်စီသည် ပြည်တွင်းသာမက အာဆီယံအပါအဝင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိ မနေသည့်အတွက် နျူကလီးယားကို ၄င်း၏ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချလာမည်ကို လူအများက စိုးရိမ်နေကြသည်။

အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံများကဲ့သို့ နျူကလီးယားကိစ္စကို နိုင်ငံရေးလက်နက်သဖွယ်အသုံးပြုပြီး အာဆီယံအပါအဝင် နိုင်ငံတကာနှင့် အပေးအယူ လုပ်နိုင်သည့် အခင်းအကျင်းကို မင်းအောင်လှိုင်က မျှော်မှန်းနေခြင်းလည်း ဖြစ်သည်။

သေချာသည်ကတော့ အကယ်၍ ရုရှအထောက်အပံ့နှင့် မြန်မာစစ်တပ်သာ နျူကလီးယားစွမ်းရည်ကို ရရှိသွားမည်ဆိုပါက တောင်အာရှနှင့် Bangkok Treaty ဟုလည်း လူသိများသည့် အရှေ့တောင်အာရှ နျူကလီးယားလက်နက် ကင်းစင်ရေးဇုန် (SEANWFZ) စာချုပ်ကို ထိုးထားကြသည့်

အရှေ့တောင်အာရှဒေသ နိုင်ငံများအားလုံးအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည်မှာ မလွဲဧကံပင်။

မြန်မာစစ်တပ်ကို ဆက်ဆံကိုင်တွယ်ဖို့ ခက်ခဲသွားမည်ဖြစ်သလို့၊ ဒေသတွင်း နျူးကလလီးယား ပြိုင်ဆိုင်မှု အခင်းအကျင်းဆီသို့ ကျယ်ပြန့်ရောက်ရှိသွားနိုင်သည်။

အချုပ်အားဖြင့် ရင်ဆိုင်နေရသော စစ်မျက်နှာများတွင် နေ့စဥ်ကြုံတွေ့နေရသော ဆုံးရှုံးမှုများကြောင့် ကျားနာ နာနေသူ ၂ ဦး၏ မိုက်ရူးရဲ ခြေလှမ်း၊ တနည်းအားဖြင့် နျူလက်နက်နှင့် အင်အားကြီးနိုင်ငံများကိုပင် ခပ်တည်တည်နှင့် ခြိမ်းခြောက်နေ‌သော မြောက်ကိုရီးယားကို အားကျနေသူတဦးနှင့် အရေးမလှနေသော ယူကရိန်းကျူးကျော်စစ်ကြောင့် တောင်အာရှအပါအဝင် အာရှ-ပစီဖိတ် ဒေသတခုလုံးကိုသာ မတည်မငြိမ်ဖြစ်အောင် ကြံစည်နေသူတဦး တို့ သူတော်ချင်း သတင်းလွေ့လွေ့ တွေ့ဆုံနေမှုကို မြန်မာသာမက တကမ္ဘာလုံးကပါ စောင့်ကြည့် အရေးယူရမည့် အချိန်ပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article