30 C
Yangon

အာဆီယံ အကျပ်ရိုက်နေသော မြန်မာ့အရေး အမေရိကန် ဦးဆောင်ကိုင်တွယ်သင့်ပြီ

Must read

အာဆီယံ အကျပ်ရိုက်နေသော မြန်မာ့အရေး အမေရိကန် ဦးဆောင်ကိုင်တွယ်သင့်ပြီ

By Scot Marciel

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့တဲ့ တရားမဝင်တဲ့ စစ်အာဏာသိမ်းမှုကို မြန်မာပြည်သူတွေ ခုခံတော်လှန်လာတာဟာ နှစ်နှစ်ကျော် သုံးနှစ်အတွင်းကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံတကာ အသိုက်အဝန်းကတော့ ဒီအကျပ်အတည်းကို ကူညီဖြေရှင်း အဆုံးသတ်ပေးဖို့ လက်တွေ့ကျတဲ့ သေနင်္ဂဗျူဟာ မရှိဘဲ ဖြစ်လို့နေပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံခေါင်းဆောင်များ တွေ့ဆုံပွဲကနေ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ အချက် (၅) ချက်ပါတဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ပေမဲ့ ဒါတွေကို အခုအချိန်ထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

အကြောင်းရင်းတချို့ကတော့ စစ်အာဏာရှင် ခေါင်း‌ဆောင်ပိုင်းက သူတို့ရဲ့ လုပ်ရပ်ကို ပြောင်းလဲဖို့ ငြင်းဆိုခဲ့ကြတဲ့အပြင် တော်လှန်ရေး အင်အားစုတွေကြားမှာလည်း စစ်ကောင်စီနဲ့ ဆွေးနွေးတဲ့ ဘယ်လို စကားဝိုင်း တွေ့ဆုံမှုမျိုးမဆို ဘက်ညီမျှတတဲ့ ရလဒ်ထွက်မှာ မဟုတ်ဘူး ဆိုတဲ့ သံသယတွေ ပြည့်နေလို့ပါပဲ။

ဒီလအတွင်း ဂျာကာတာမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးပွဲမှာလည်း မြန်မာ့အရေး တိုးတက်လာမှု မရှိတဲ့အပေါ် စိတ်ပျက်ကြောင်း ဖွင့်ဟခဲ့ကြပြီး အရင်က ထုတ်ဖော်ထားတဲ့ အချက် (၅) ချက်ကိုပဲ ဆက်လက် အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ရဲ့ အာဆီယံမူ (၅)ချက်က ဘယ်ကိုမှ ခရီးမရောက်ဘူးဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ကြမှာပါ။ ဒါပေမဲ့ ဒီမူတွေကိုပဲ ဆက်လက် ဆွဲကိုင်ကာ လျှောက်လှမ်းဖို့ ကြွေးကြော်ကြပြန်တယ်။ဒါက ဘာကြောင့်လဲဆို‌တော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကိုယ်တိုင်က တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရပ်တည်ချက် သဘောထားချင်း မတိုက်ဆိုင်ကြလို့ပါပဲ။ တကယ်လို့သာ နောက်ထပ်ပို‌ကောင်းတဲ့ ချဥ်းကပ်မှုမျိုး ဆွေးနွေးဖော်ထုတ်နိုင်မယ်ဆိုရင်‌တောင် အဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီမှု ရရှိဖို့ အလွန်ခက်ခဲမယ်လို့ ယူဆရပါတယ်။

ဒီလို အာဆီယံရဲ့ ခရီးမတွင်တဲ့ လမ်းစဥ်တွေဟာ အမေရိကန်အပေါ် တာဝန်ပိုပိလာစေပါတယ်။ အတိတ်ကိုပြန်ကြည့်ရင် ၂၀၀၀ ခုနှစ်တွေတုန်းက အမေရိကန်အနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ပိတ်ဆို့အရေးယူမှုတွေနဲ့ အထီးကျန်ထားရှိရေး လမ်းစဥ်ကို ချမှတ်ကျင့်သုံးနေစဥ်မှာ အာဆီယံက မြန်မာစစ်အုပ်စုနဲ့ တရင်းတနှီး ဆက်ဆံနေခဲ့တာပါ။

အာဆီယံရဲ့ အဆိုပါ လုပ်ရပ်တွေကြောင့် အမေရိကန်အစိုးရနဲ့ အာဆီယံတို့အကြား ဆက်ဆံရေးဟာ အမြဲဆိုသလို အဖုအထစ်တွေ ဖြစ်ခဲ့ရပါတယ်။ အမေရိကန်နဲ့ အာဆီယံတို့ဟာ မြန်မာနိုင်ငံအပေါ် မတူညီတဲ့ ရပ်တည်ချက်ကြောင့် တစ်ခါတရံ တစ်ဖက်နဲ့တစ်ဖက် စိတ်ပျက်လက်ပျက် အနေအထား ဖြစ်တဲ့အထိ ရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၂၁ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့အကျပ်အတည်းအပေါ် အဖြေရှာတဲ့ အာဆီယံမူ (၅) ရပ် ထွက်ပေါ်လာတဲ့အခါ အမေရိကန်အစိုးရက ထောက်ခံကြောင်း မဆိုင်းမတွ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံ သဘောတူမူ ၅ ရပ်ရရှိခဲ့ပြီး ၂ နှစ်ခန့် ကြာလာပြီဖြစ်တဲ့ အခုအချိန်ထိတိုင် အဆိုပါမူဝါဒတွေကို လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါဘူး။

အစပိုင်းမှာတော့ အာဆီယံရဲ့ လမ်းစဥ်က အမေရိကန်ရဲ့ ထောက်ခံချက်လည်းရခဲ့ပြီး ယုတ္တိရှိတယ်လို့ ယူဆနိုင်ပေမဲ့ ဒါဟာ မြန်မာ့အရေးကို စဥ်းစားရာမှာ အမေရိကန်အနေနဲ့ ပိုကောင်းတဲ့ အကြံဉာဏ်တွေ မရှိခဲ့ဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အာဆီယံရဲ့ မူဝါဒတွေက ခရီးမပေါက်တော့ဘဲ ကျရှုံးလာကို မြင်သာထင်သာ ရှိလာပြီဖြစ်တဲ့အတွက်၊ ဒါဟာ အမေရိကန်ရဲ့ ဘိုင်ဒင်အစိုးရအတွက် သတိပေး နိုးဆော်ချက် ဖြစ်လာသင့်ပါတယ်။

အခုအချိန်မှာ အမေရိကန်အနေနဲ့ အာဆီယံရဲ့ မအောင်မြင်နိုင်တဲ့ လမ်းစဥ်ကို ဆက်လက် တိုက်တွန်း အားဖြည့်နေမယ့်အစား မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကြိုးပမ်းသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ အမေရိကန်အနေနဲ့ မအောင်မြင်နိုင်တဲ့ အာဆီယံမူဝါဒ နောက်ကို ဆက်ပြီး မျှောလိုက်နေမည်ဆိုပါက အမေရိကန် ပြည်ထောင်စုအပေါ် ယုံကြည်မှု ကျဆင်းလာမှာဖြစ်သလို၊ မြန်မာဖြစ်ရပ်များအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ သြဇာသက်ရောက်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ယုံကြည်ကိုးစားခံရမှုလည်း ပျောက်ကွယ်လာမှာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ အခုလို အထူးသတိထား ကိုင်တွယ်နေပုံမျိုးဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေး အင်အားစုတွေကို အပြည့်အဝ ထောက်ပံ့ရေး မူဝါဒကို အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေတဲ့ပုံ ဖြစ်လို့နေပါတယ်။ သူတို့အနေနဲ့ အကြမ်းဖက်မှုတွေ ပိုများအောင် တွန်းပို့လိုက်သလို ဖြစ်သွားမှာကို စိုးရိမ်နေကြတာ ဖြစ်နိုင်သလို၊ စစ်တပ်ကို ချေမှုန်း အောင်ပွဲခံပြီး နိုင်ငံကို ပြန်လည်စုစည်းရာမှာ မတူညီသော ခုခံတော်လှန်ရေး အင်အားစုများရဲ့ စွမ်းရည်အပေါ် မေးခွန်းထုတ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အမေရိကန်အနေနဲ့ နောက်ထပ်ပူပန်စရာ တစ်ခုကတော့ တရုတ်နိုင်ငံက စစ်အာဏာရှင်တွေကို ပံ့ပိုးကူညီမှု ပေးလာနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအပေါ် အစွမ်းကုန် နှစ်မြှုပ်ကူညီနေရချိန်မှာ မဟာဗျူဟာအရ အရေးပါမှု နည်းပါးတဲ့ နိုင်ငံလေးတစ်ခုရဲ့ ပြည်တွင်းပဋိပက္ခတွေမှာ စွမ်းအင်တွေ သုံးစွဲလိုက်ခြင်းဟာ ဖြုန်းတီးရာ ရောက်သွားမှာကို အမေရိကန်အာဏာပိုင်တွေက စိုးရိမ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုအကြောင်းမျိုးနှင့်ဖြစ်စေ အခုအချိန်မှာ အ‌မေရိကန်တွေရဲ့ ရပ်တည်မှုကို သုံးသပ်ကြည့်မယ်ဆိုရင် “မြန်မာ့နွေဦးတော်လှန်းရေးကို ထောက်ခံအားပေးတယ်၊ ဒါပေမဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေကိုသုံးပြီး အနိုင်ရတဲ့အထိ ကူညီဆောင်ရွက်ပေးဖို့ လက်တွေ့မှာ အစီအစဥ် မချရသေးဘူး” လို့ ကောက်ချက်ချလို့ ရပါတယ်။

မူဝါဒရေးဆွဲသူတွေ သတိပြုသင့်တာက အခုအချိန်မှာ မြန်မာ့အကျပ်အတည်းကို အဆုံးသတ်နိုင်မဲ့ တစ်ခုတည်းသော ထွက်ပေါက်က တော်လှန်ရေး အင်အားစုတွေက မြန်မာ့စစ်အာဏာရှင်တွေကို အောင်အောင်မြင်မြင် ဖြုတ်ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီလက်ထဲမှာ အာဏာရှိနေသရွေ့ တိုင်းပြည်အတွက် မျှော်လင့်ချက်ဆိုတာ မရှိပါဘူး။

တော်လှန်‌ရေး အင်အားစုတွေကို ကူညီထောက်ပံ့ခြင်းမှာလည်း ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေ များပြားပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေတိုင်း ဆက်သွားနေမယ်ဆိုရင် အကြမ်းဖက်မှု၊ မလုံခြုံမှု၊ မတည်ငြိမ်မှုတွေနဲ့ နှစ်ပေါင်းများစွာ မလွဲမသွေ ဒုက္ခရောက်ကြတော့မှာ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ဘာလုပ်သင့်သလဲ

==============

ပထမဦးစွာ အာဆီယံကိုပဲ ဒီထက်ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ တွန်းအားပေးတာမျိုး ဆက်မလုပ်သင့်တော့ပါဘူး။ ဒါကအလုပ်မဖြစ်ပါဘူး။ အာဆီယံရဲ့ မူငါးချက်က လက်တွေ့မှာ မဖြစ်နိုင်တော့ဘူးဆိုတာကို လက်ခံရတော့မှာ ဖြစ်သလို မြန်မာ့ပဋိပက္ခအတွက် ငြိမ်းချမ်းစွာ ဖြေရှင်းနည်းရှိတယ်ဆိုတဲ့ ထင်ယောင်ထင်မှား ဖြစ်‌စေတာတွေကို ရပ်တန့်သင့်တာပါပဲ။

၂၀၂၃ ခုနှစ်အတွက် အာဆီယံ ဥက္ကဌတာဝန်ယူထားတဲ့ အင်ဒီုနီးရှားကို မြန်မာ့အရေး လက်တွေ့ကျတဲ့ ချဥ်းကပ်မှုမျိုး ဖော်ဆောင်နိုင်တဲ့အထိ အမေရိကန်က ထောက်ပံ့ပေးသင့်ပါတယ်။ အမေရိကန်အနေနဲ့ အာဆီယံအပေါ် အလုံးစုံ တာဝန်လွှဲမထားသင့်သလို ပစ်ပယ်ထားစရာလည်း မလိုပါဘူး။

အာဆီယံရဲ့ ခိုင်မာအားကောင်းတဲ့ မဟာဗျူဟာ မရှိချိန်မှာ ဘိုင်ဒင်အစိုးရအဖွဲ့က မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေကို အာဏာလက်မဲ့ ဖြစ်သွားအောင် တွန်းအားပေးဖို့ ဦးဆောင် ကြိုးစားနေသင့်ပါတယ်။ ပြည်တွင်း တော်လှန်ရေးတပ်ဖွဲ့တွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပေးရေး သို့မဟုတ် စစ်ကောင်စီရဲ့ အင်အားကို ပြိုကွဲသွားစေမယ့် နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

ဒီလိုလုပ်‌ဆောင်ရာမှာ မြန်မာနိုင်ငံရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရ NUG အပါအဝင် အခြားသော တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့ အဆက်မပြတ် လက်တွဲဆောင်ရွက်သင့်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က NUG ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဝါရှင်တန်မှာ နိုင်ငံတော်အဆင့် လက်ခံတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့် တွေ့ဆုံပွဲတွေနဲ့ နှစ်နိုင်ငံ ပုံမှန်အစည်းအဝေးတွေ ထပ်မံလုပ်ဆောင်သင့်ပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့်သူ တစ်ဦးကိုလည်း ခန့်အပ်ထားသင့်ပါတယ်။ အဆိုပါ သံတမန်ဟာ မြန်မာ့တော်လှန်ရေး အင်အားစုအားလုံးနဲ့ ထိတွေ့ဆက်ဆံရမှာ ဖြစ်သလို စစ်ကောင်စီရဲ့ အဓိက စီးပွားဖက်တွေကို ဒဏ်ခတ်ပိတ်ဆို့ရာမှာ ပိုမိုထိရောက်‌အောင် ပါဝင်ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ မကြာသေးမီက အတည်ပြုပြဌာန်းခဲ့တဲ့ Burma Act ခေါ် စစ်တပ်ကို အပြင်းအထန် အရေးယူခြင်းဖြင့် မြန်မာကို ညီညွတ်စေရေး အက်ဥပဒေ’ (Burma Unified through Rigorous Military Accountability Act) မှာ ဖော်ပြထားတဲ့အတိုင်း NUG နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ရန်ပုံငွေ လုံလုံလောက်လောက် ထောက်ပံ့ပေးသင့်ပါတယ်။

ဒီအကူအညီတွေကို အပြည့်အဝ စည်းလုံးညီညွတ်တဲ့ တော်လှန်ရေး တပ်ပေါင်းစုတစု တည်ဆောက်နိုင်မှ ပေးအပ်မယ်လို့ မစဥ်းစားသင့်ပါဘူး။ ထောက်ပံ့ငွေတွေအပေါ် မြန်မာ့တော်လှန်ရေးအင်အားစုတွေက တာဝန်ခံနိုင်စွမ်းမရှိမှာကို ဝါရှင်တန်က စိုးရိမ်နေမယ်ဆိုပါက သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းတွေနဲ့ လိုချင်တဲ့ အခြေအနေထိ ရောက်အောင် လေ့ကျင့် သင်တန်းပေးလိုက်ခြင်းက စိုးရိမ်ပူပန်နေတာထက် လက်တွေ့ကြပြီး ပိုထိ‌ရောက်နိုင်ပါတယ်။

အကူအညီ ထောက်ပံ့တဲ့နေရာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်ကြီးတွေ တိုက်ရိုက်ပေးအပ်ခြင်းဟာ ဖြစ်နိုင်တဲ့ အလားအလာ ရှိမနေသလို သယ်ယူပို့ဆောင်ရေးအရလည်း ခက်ခဲပါလိမ့်မယ်။ အဲဒီ့အစား လက်နက်တွေ ဝယ်ယူဖို့အတွက် NUG ကို ငွေကြေးထောက်ပံ့ ပေးလိုက်တာက ပိုမိုထိရောက်နိုင်ပါတယ်။

နောက်ထပ်အကြံပေးစရာ တစ်ခုကတော့ အမေရိကန်အနေနဲ့ တော်လှန်ရေး အင်အားစုတွေအတွက် ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးရေးနဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူလူထု အင်တာနက် ကောင်းမွန်စွာ သုံးစွဲခွင့် ရရှိရေး လိုအပ်တာတွေ ကူညီပေးဖို့ စဥ်းစားထားသင့်ပါတယ်။

အဆင့်မြင့် လေကြောင်း ကာကွယ်ရေးစနစ်တွေ ပေးအပ်ရမှာကို စိုးရိမ်တယ်ဆိုပါက ဝါရှင်တန်အစိုးရအနေနဲ့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကို စုစည်းပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်ခုခံကာကွယ်နိုင်မယ့် နည်းလမ်းတွေကို အကြံပြုပေးနိုင်ပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ် ထွန်းကားရေးနဲ့ အရပ်သားအုပ်ချုပ်ခွင့် ရရှိရေး နှစ်ပေါင်းများစွာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ မြန်မာ့အရေးအခင်းမှာတော့ အမေရိကန်ရဲ့ ပါဝင်လှုပ်ရှားမှုက လုပ်နိုင်တဲ့ အတိုင်းအတာထက် အဆများစွာ လျော့နည်းနေပါသေးတယ်။

သွေးဆာပြီး အလိုရမ္မက်ကြီးလှတဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို နားချဖို့ ကြိုးစားတဲ့ အခုလုပ်နေတဲ့ လမ်းကြောင်းက လက်တွေ့မကျကြောင်း ASEAN မှာ ပါဝင်သူတွေ လက်ခံ အသိအမှတ်ပြုလာအောင် ဆက်လက် ပူးပေါင်းဆောင်ရွက်သင့်သလို၊ အခုအချိန်မှာ အလွန်လိုအပ်နေတဲ့ ခေါင်းဆောင်မှုကိုလည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ အမြန်ဆုံး ပေးအပ်သင့်ပါတယ်။

(Nikkei Asia မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖော်ပြထားသည့် Scot Marciel ၏ “With ASEAN stuck, it is up to U.S. to lead on Myanmar” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် တင်ပြထားခြင်း ဖြစ်ပါသည်။ စာရေးသူ Scot Marciel သည် Stanford University ရှိ အာရှ-ပစိဖိတ် သုတေသန စင်တာ၏ သုတေသီ တစ်ဦးဖြစ်သလို အာဆီယံ၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article