30 C
Yangon

မြန်မာစစ်တပ်ကို ကူညီထောက်ပံ့နေသည့် ကုမ္ပဏီများတွင်ရှိသော ရင်းနှီးမြုပ်နှံထားမှုများကို ပြန်လည်ရုတ်သိမ်းရန် KiwiSaver အပါအဝင် နယူးဇီလန် စီးပွားရေးလုပ်ငန်းများကို တောင်းဆို

Must read

မြန်မာစစ်တပ်ကို ကူညီထောက်ပံ့နေသည့် ကုမ္ပဏီများတွင်ရှိသော ရင်းနှီးမြုပ်နှံထားမှုများကို ပြန်လည်ရုတ်သိမ်းရန် KiwiSaver အပါအဝင် နယူးဇီလန် စီးပွားရေးလုပ်ငန်းများကို တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေဆီမှာရှိတဲ့ ရင်းနှီးမြှပ်နှံထားမှုများကို ပြန်လည်စီစစ် ရုတ်သိမ်းပေးဖို့ နယူးဇီလန် ပင်စင်ရံပုံငွေ ကီဝီ (KiwiSaver) ကို တောင်းဆိုပါကြောင်း တာဝန်သိ ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ Mindful Money က ယမန်နေ့က သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

သတင်းထုတ်ပြန်ချက်ထဲမှာ နယူးဇီလန် ရင်းနှီးမြုပ်နှံသူတွေဟာ ၎င်းတို့ရဲ့ စုဆောင်းငွေတွေကို မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံထားတာကို တွေ့ရှိတဲ့အခါ အံ့ဩတုန်လှုပ်သွားကြမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။။ Mindful Money အနေနဲ့ မြန်မာစစ်တပ်အတွက် ဝင်ငွေနဲ့ ထောက်ပံ့မှုများကို ဖြတ်တောက်ဖို့အတွက် ကုလသမဂ္ဂရဲ့ တောင်းဆိုချက်များကို လိုက်နာဖို့ နယူးဇီလန်အစိုးရနဲ့ စီးပွားရေးကုမ္ပဏီတွေကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

Mindful Money ၏ CEO ဖြစ်သူ Barry Coates က ရဲရင့်တဲ့ ဘုန်းတော်ကြီးများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ခေါင်းဆောင်များနဲ့ နိုင်ငံသားများကို ပံ့ပိုးကူညီဖို့ နယူးဇီလန်နိုင်ငံသားတွေကို တောင်းဆိုခဲ့ပါတယ်။

၄င်းက “မီဒီယာ သတင်းခေါင်းကြီးပိုင်းတွေမှာ ယူကရိန်းကို အာရုံစိုက်နေချိန်မှာ မြန်မာစစ်တပ်ဟာ သူ့ရဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်။ ကျနော်တို့ အစိုးရနဲ့ စီးပွားရေးကဏ္ဍက တာဝန်ရှိသူတွေအနေနဲ့ မြန်မာစစ်တပ်ကို ထောက်ခံနေမှုများကို ရပ်တန့်ပြီး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရှင်သန်ရေး နိုင်ငံတကာ လှုပ်ရှားမှုတွေမှာ ပါဝင်ပေးဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

Mindful Money ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ၂၀၂၁ မြန်မာစစ်တပ်က အာဏာသိမ်းကြိုးပမ်းမှု စတင်ကထဲက ၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ ပြည်သူ ၂,၉၀၀ ကျော်သေဆုံးခဲ့ပြီး၊ ၁၇,၂၀၀ အဖမ်းဆီးခံရကာ၊ လူပေါင်း ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ လေကြောင်းတိုက်ခိုက်မှုမှသည် ရွာများကို မီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းအထိ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလို စစ်တပ်ရဲ့ အပြစ်မဲ့ ပြည်သူများအပေါ် ပြန်လည်ကျူးလွန်တဲ့ အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနှင့် သတ်ဖြတ်မှုတွေဟာ တစတစ မြင့်တက်လာပေမဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကိုတော့ မဖျက်ဆီးနိုင်ပါဘူး ဟူ၍လည်း ဖော်ပြထားပါတယ်။

ဒီလို အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေရခြင်းဟာ မြန်မာစစ်တပ်အနေနဲ့ နိုင်ငံခြား စီးပွားရေးကုမ္ပဏီတွေကတဆင့် ဝင်ငွေ၊ လက်နက်၊ လေယာဉ်ဆီနှင့် အခြားဝန်ဆောင်မှုတွေ စတဲ့ထောက်ပံ့မှုတွေကို ဆက်လက်ရရှိနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ စီးပွားရေးအရ ပံ့ပိုးကူညီမှုတွေက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းနဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်ဖို့ ခွင့်ပြုထားတာဖြစ်ပြီး၊ ထိုသို့ ပံ့ပိုးမှု ပေးနေသရွေ့ စစ်တပ်ဟာ ရက်စက်ယုတ်မာတဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေအုန်းမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နယူးဇီလန်အစိုးရအနေနဲ့ မြန်မာနိုင်ငံနှင့် အဆင့်မြင့် နိုင်ငံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုတွေကို ဆိုင်းငံ့ထားပေမဲ့၊ စစ်တပ်အတွက် လက်နက်၊ လောင်စာဆီနှင့် အခြားဝန်ဆောင်မှုများအဖြစ် ပံ့ပိုးကူညီမှုများကို ရပ်တန့်ဖို့ ဥပဒေပြဌါန်း လုပ်ဆောင်နိုင်ခြင်းမရှိသေးပဲ၊ မြန်မာစစ်အုပ်စုအပေါ် အရေးယူပိတ်မှုမှုတွေမှာ အခြားအနောက်နိုင်ငံများနဲ့ ယှဥ်ရင် နောက်ကျနေသေးတယ်လို့ ဆိုပါတယ်။

Barry Coates က “နယူးဇီလန်အနေနဲ့ ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော်တို့နိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ သမိုင်းကြောင်းရှိပြီး မြန်မာနိုင်ငံမှာလည်း အလားတူလုပ်ဆောင်ဖို့ ကတိကဝတ်ပြုကြောင်း ကမ္ဘာကို ပြသရမယ့် အချိန်ဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် Mindful Money အနေနဲ့ မြန်မာစစ်တပ်ကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်ဖို့ သုတေသနပြုခဲ့ပြီး၊ စစ်တပ်ကို ပံ့ပိုးကူညီမှုမှာ ပါဝင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီ ၁၀၂ ခုကို စာရင်းပြုစုထားတယ်လို့ ဆိုပါတယ်။ အဆိုပါ စာရင်းအရ ကုမ္ပဏီ ၂၉ ခုဟာ စစ်တပ်ကို ငွေကြေး သို့မဟုတ် လက်နက်၊ လောင်စာဆီနဲ့ အခြားဝန်ဆောင်မှုတွေကို တိုက်ရိုက်ပေးအပ်နေတယ် ဆိုတာကို စီစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။

နယူးဇီလန်နိုင်ငံသား အများအပြားကတော့ သူတို့တွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ၎င်းရဲ့လုပ်ရပ်တွေကို ပံ့ပိုးပေးတဲ့ ကုမ္ပဏီတွေမှာ မသိလိုက်ဘဲ ရင်းနှီးမြှုပ်နှံထားမိနေတယ်ဆိုတာကို သတိပြုမိကြမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

နယူးဇီလန်ပြည်သူအများစု (၉၀ ရာခိုင်နှုန်း) ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါ၀င်နေတဲ့ ကုမ္ပဏီများထံ ၎င်းတို့ရဲ့ စုဆောင်းငွေများကို ရောက်ရှိသွာမှာ မလိုလားဘူး ဆိုတာကို နှစ်စဉ်စစ်တမ်းတွေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ KiwiSaver ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ လက်လီရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာ ၄.၅ သန်း တို့ ပါဝင်တဲ့ ရင်းနှီးမြှပ်နှံငွေတွေဟာ လုပ်ငန်းတခုလုံးနဲ့ နှိုင်းယှဥ်ပါက ပမာဏအားဖြင့် မများပြားသော်လည်း၊ ရင်းနှီးမြှုပ်နှံမှု တိုင်းတာမှုပုံစံက ရန်ပုံငွေတခုချင်းစီအတွက် ပိုပြီးအရေးပါတယ်လို့ ဆိုပါတယ်။

Mindful Money အနေနဲ့ မြန်မာစစ်တပ်ကို တိုက်ရိုက်ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံထားသူတွေကို လက်ရှိအချိန်ထိ ရင်းနှီးမြှပ်နှံထားဆဲဖြစ်ပါက အဆိုပါရင်းနှီးမြှပ်နှံမှုများကို ပြန်လည်ရုတ်သိမ်းဖို့ စာရေးသားပေးပို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

Barry Coates က “ကီဝီ စုဆောင်းရှင် တော်တော်များများဟာ သူတို့ရဲ့ စုဆောင်းငွေတွေကို မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံထားမိတာတွေကြောင့် လူ့အခွင့်အရေး ကြီးကြီးမားမား ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတာကို သိရှိသွားတဲ့ တချိန်မှာတော့ သူတို့တော်တော် အံ့ဩအထိတ်တလန့် ဖြစ်သွားကြပါလိမ့်တယ်။ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်ဖြေရှင်းဖို့ ရန်ပုံငွေမန်နေဂျာတွေကို တောင်းဆိုထားပါတယ်” လို့ ဆက်လက်ပြောခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article