29 C
Yangon

ဝက်လက်တွင် ၆ ရက်အတွင်း ပြည်သူ ၈ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ဝက်လက်တွင် ၆ ရက်အတွင်း ပြည်သူ ၈ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီလ၂၈ရက်မှ မတ်လ ၅ ရက်အထိ အကြမ်းဖက်စစ်တပ်က နေအိမ်၆၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၈ ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့သဖြင့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း ဝက်လက်မြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေး ဆောင်ရွက်နေသူများက ပြောသည်။

ဝက်လက်မြို့နယ်တွင် စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်က တည်တောရွာမှ နေအိမ် ၆၅ လုံး၊ မုဆိုးခြုံဘူတာရွာမှ ၅၁လုံး၊ ဘိုတဲရွာမှ ၃လုံး၊အောင်ချမ်းသာမှ နေအိမ်၁၀၀ကျော်၊ ကျီးကန်တောင်ရွာမှ ၁၁၀လုံး၊ ကျီးကန်မြောက်ရွာမှ ၁၈၀လုံး၊ စိုင်နိုင်ကြီးရွာမှ ၅၆လုံး၊ စိုင်နိုင်လေးရွာမှ ၉လုံးနှင့် သခွတ္တောရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က ‌ကျီးကန်ရွာမှ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံ ၄ ဦး၊ မုဆိုးခြုံဘူတာရွာမှ ဒေသခံတောင်သူ ၁ ဦးတို့ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ဘိုတဲရွာမှ အဘွားအို ၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဝက်လက်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်တိုးကြေညာပြီးချိန်မှစ၍ အကြမ်းဖက်ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်ပြည်သူ အရေအတွက် တိုးလာနေပြီး နေအိမ်မီးရှို့ခံခဲ့ရသော ပြည်သူများအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီမှ ကိုလွင်မိုးသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျ‌နော်တို့ သပိတ်ကော်မတီအနေနဲ့ နီးစပ်ရာ ပြည်ပအလှူရှင်တွေ၊ အရပ်ဖက်ကူညီရေး အဖွဲ့အစည်းတွေဆီကနေ အလှူခံပြီး မီးဘေးသင့်ရွာတွေ ပြန်လည် ထူထောင်ရေးအတွက် ခွဲတမ်းကျ ထောက်ပံ့‌ပေးနေပါတယ်။ ဆေးအဖွဲ့လည်း ဖွဲ့စည်းထားပြီး ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်‌ပေးနေပါတယ်။ မီးရှို့ခံရတဲ့အိမ်ထောင်စုက များလွန်းတော့ ရတဲ့ရန်ပုံငွေနဲ့က မလောက်မငှ ဖြစ်နေတယ်။ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပါတယ်” ဟု ကိုလွင်မိုးသန့်က ပြောသည်။

နေအိမ်၆၅လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသော တည်တောရွာ ဒေသခံများကို တစ်အိမ်ထောင်လျှင် ဆန်၃ပြည်စီ ထောက်ပံ့ကူညီခဲ့ပြီး နောက်ထပ်မီးရှို့ခံထားရသောရွာများ ကျန်နေသေးသည့်အတွက် ဝိုင်းဝန်းကူညီကြစေလိုကြောင်း၊ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် အလှူငွေများ ပါဝင်ကူညီနိုင်ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article