30 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်း ကျော်ပြီ

Must read

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်း ကျော်ပြီ

ရန်ကုန် | ဧပြီ ၁၉

မြန်မာစစ်တပ်မှ အာဏာကို အတင်းအဓမ္မသိမ်းပိုက်ခဲ့သည့်အတွက် နိုင်ငံတစ်ဝှမ်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၁၈ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း UN OCHA Myanmar က ယနေ့ ဧပြီ ၁၉ ရကနေ့တွင် သတင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းကဏန်းများအရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့အထိ စာရင်းဖြစ်ပြီး ယင်းအထဲက လူဦးရေ ၁၅ သိန်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UNOCHA Myanmar က ဆိုသည်။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများနှင့် ကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်မှုများပါဝင်သော ပြင်းထန်သည့်တိုက်ပွဲများသည် ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအများအပြားမှာ၊ အထူးသဖြင့် နိုင်ငံ၏ အနောက်မြောက်၊ အရှေ့တောင်ဖက်နှင့် ကချင်ပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အကျိုးဆက်အနေဖြင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်းများ ဆက်လက်မြင့်တက်နေပြီး နိုင်ငံအတွင်း ကောင်းမွန်ခြင်း မရှိသေးသည့်လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကို ဆက်လက်ဆိုးရွားစေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းမှာ ဧပြီလ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများ အပြားအပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရသည့်ဖြစ်စဉ်သည် အထူးစိုးရိမ်ဖွယ်ရာတစ်ခုဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချထားကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်လည်းဖြစ်၊ စစ်ကောင်စီလည်းဖြစ်သည့် စစ်အာဏာရှင်အဖွဲ့သည် ပြည်သူလူထုများအပေါ် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများကို ကျူးလွန်နေသည့်အတွက် စစ်အာဏာရှင်အဖွဲ့မှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုများတွင် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဦးဆောင်သွားရန် သံန္ဒိဋ္ဌာန်ချထားကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်အခြေစိုက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ၂၀၂၃ မြန်မာနှစ်သစ်ကူး သင်္ကြန်ဆုတောင်နှင့်အတူ ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်အာဏာရှင်အဖွဲ့အစည်းက ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများကို အမြောက် အများကျူးလွန်နေချိန်တွင် အာဏာသိမ်းမှုနှင့် အရပ်သားပြည်သူများအပေါ် နှိပ်စက်ပြုမှုများအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရမည်ဟု အမေရိကန်က ဆိုသည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုမှာ အများအပြားရှိပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၃၀၇ ဦး၊ ပြစ်ဒဏ်ချ မှတ်ခံ ထားရသူ ၇၈၅ ဦး၊ သေဆုံးခဲ့ရသူ ၄၅၈ ဦးရှိကြောင်း Burmese Women’s Union က ယနေ့ ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၃၄၀၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၄၀၃ ဦးရှိပြီး ထိုအထဲမှ ၁၇၄၉၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၅၆၀၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article