30 C
Yangon

ဘန်ကောက်တွင် မြန်မာလုပ်သားတစ်ဦး ကိုဗစ်ရောဂါဖြင့်ကူးစက်ခံရပြီး တိုက်ခန်းတွင် သေဆုံး

Must read

ဘန်ကောက်တွင် မြန်မာလုပ်သားတစ်ဦး ကိုဗစ်ရောဂါဖြင့်ကူးစက်ခံရပြီး တိုက်ခန်းတွင် သေဆုံး

ရန်ကုန်| ဧပြီ ၁၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တိုက်ခန်းအတွင်း ပြင်ပဒဏ်ရာမရှိဘဲ သေဆုံး နေသော မြန်မာအလုပ်သမား၏ ရုပ်အလောင်းတွင် ကိုဗစ် ရောဂါ ပိုး တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၃၄ နှစ်အရွယ် မြန်မာအလုပ်သမားသည် ငါးထပ်အဆောက်အအုံရှိ ငှားထားသော တိုက်ခန်းအတွင်း သေဆုံးနေသည်ကို ဧပြီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

အလောင်းတွင် ပြင်ပဒဏ်ရာများ မတွေ့ရှိရသလို အခန်းအတွင်းတွင်လည်း ခိုက်ရန်ဖြစ်ပွားထားခြင်း၊ ပစ္စည်းများကို ရှာဖွေထားသည့် ပုံစံများလည်း မတွေ့ရှိရကြောင်း သတင်းများတွင် ရေးသားထားသည်။

နှာခေါင်းတို့ဖတ်ကို ATK Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း ဖော်ပြသည်။

အဆောက်အအုံတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သေဆုံးသူ မြန်မာအလုပ်သမားသည် နေ့စဉ် အလုပ်သွား အလုပ်ပြန်လုပ်နေကာ ယခုအချိန် ဆွန်ခရန်အားလပ်ရက်ဖြစ်နေသဖြင့် အလုပ်နားထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

၎င်းသည် မသေဆုံးမီ နှစ်ရက်အလွန်ခန့်က ထိုင်း ဆွန်ခရန်ပွဲတော်သို့ ရေကစားသွားခဲ့ပြီးနောက် ကိုဗစ်ရောဂါလက္ခဏာများဖြစ်သော အဖျားတက်ခြင်း၊ မျက်လုံးများ နီရဲလာခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း နေထိုင်သူများ၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။

သို့သော်လည်း သေဆုံးသူသည် ဆေးခန်းပြရန် ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းတွင် အခန်းတွင်း သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

အလောင်းကို ပိုးသတ်ထားသော အိတ်ထဲထည့်ပြီး ကျူလာလကွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ကိုဗစ်မျိုးကွဲ အသစ် ဟုတ်မဟုတ် စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမား၏ ကိုယ်ရေးအချက်အလက်တို့ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

ထိုင်းပြည်သူ့ကျန်းမာရေးဌာနကလည်း လွန်ခဲ့သော ၇ ရက်အတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၄၀၀ ကျော်ရှိနေပြီး ၎င်းတို့အနက် နှစ်ဦးသေဆုံးခဲ့ကာ ၁၉ ဦးမှာ အသက်ရှူကိရိယာတပ်ထားရကြောင်း ဧပြီလ ၁၇ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကူးစက်နေသော ကိုဗစ်ဗိုင်းရပ်မျိုးကွဲအသစ် XBB.1.16 ကို ဆွန်ခရန်ပွဲတော်ပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံတွင်လည်း ကူးစက်ခံရသူဦးရေ ရှစ်ဦးအထိ ရှိလာပြီဖြစ်ကြောင်း သတိပေးထားသည်။

Ref: Khaosod Online, MGR Online, Thai PBS World

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article