34 C
Yangon

“လူမဆန်တဲ့ တရားမဝင် စစ်အုပ်စု၊ အစိုးရလို့‌ ခေါ်ဖို့ မထိုက်တန်တဲ့ တရားမဝင်တဲ့ စစ်အုပ်စု (တနည်းအားဖြင့်) ပြည်သူ ၅၄ သန်းကို ဓားစာခံ အနေနဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရာဇဝတ်ဂိုဏ်း တစ်ခုသာဖြစ်”

Must read

Tom Andrews (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်)

“လူမဆန်တဲ့ တရားမဝင် စစ်အုပ်စု၊ အစိုးရလို့‌ ခေါ်ဖို့ မထိုက်တန်တဲ့ တရားမဝင်တဲ့ စစ်အုပ်စု (တနည်းအားဖြင့်) ပြည်သူ ၅၄ သန်းကို ဓားစာခံ အနေနဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရာဇဝတ်ဂိုဏ်း တစ်ခုသာဖြစ်”

Tom Andrews (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်)

ဧပြီ ၁၇၊ ၂၀၂၃။

ပြီးခဲ့တဲ့အပတ်အတွင်းက မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ကလေးငယ်များ အပါအဝင် အရပ်သား ၁၅၀ ကျော် ဆိုးဆိုးရွားရွား သေဆုံးခဲ့ရမှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ (UN) က ရှုတ်ချထားပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှာ တည်ရှိတဲ့ အဲဒီကျေးရွာငယ်ရဲ့ မျက်မြင်သက်သေ ရွာသားတွေကတော့ အဲဒီ့တိုက်ခိုက်မှုဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရုံးဖွင့်ပွဲအတွက် ဒေသခံတွေ စုဝေးရောက်ရှိလာချိန်ကို တမင်ပစ်မှတ်ထားပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်သူတွေကတော့ ဒီတိုက်ခိုက်မှုဟာ အင်မတန် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ အသိဉာဏ်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုနေကြတာပါ။ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာအစိုးရတွေကလည်း မြန်မာပြည်သူတွေ အပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပြင်သစ် Channel 4 News ကနေ နယူးယောက်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အန်ဒရူး (Tom Andrews) ကို အွန်လိုင်းကတဆင့် မေးမြန်းထားမှုကို ဆီလျှော်အောင် ဘာသာပြန်ပြီး ပြန်လည်ဖော်ပြလိုက်ပါတယ်။

မေး – ဘယ်လို လုပ်ပိုင်ခွင့်တွေကို သုံးပြီး စစ်ကောင်စီက သူ့နိုင်ငံသားတွေကို လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ တိုက်လေယာဥ်/ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်လိုက်ရတာလဲ။

Tom – (မြန်မာ စစ်ကောင်စီဟာ) လူမဆန်တဲ့ စစ်အုပ်စု၊ တရားမဝင် စစ်အုပ်စု၊ အစိုးရလို့‌ ခေါ်ဖို့ မထိုက်တန်တဲ့ စစ်အုပ်စု….. တကယ်လည်း သူတို့ဟာ တရားမဝင်တဲ့ စစ်အုပ်စုတစ်စုသာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူ့နိုင်ငံသားတွေကို အင်အားကြီး တိုက်လေယာဥ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အပြင် ပြည်သူ ၅၄ သန်းကို ဓားစာခံ အနေနဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုလည်း ဖြစ်တယ်။

သူတို့ဟာ ဘယ်အစိုးရ ပုံစံမျိုးနဲ့မှ မတူတာကြောင့် အစိုးရဆိုတာထက် ရာဇဝတ်ဂိုဏ်း တစ်ဂိုဏ်းလို့ပဲ သတ်မှတ်ရမှာ ဖြစ်တယ်။

မေး – အခုလည်း ဒီတိုက်ခိုက်မှုကို သူတို့(စစ်တပ်)ဘက်က ငြင်းဆန်တာမျိုး မရှိဘူးလေ။ ဒါကို လုပ်ခဲ့တယ်လို့ သူတို့ ကိုယ်တိုင် ဝန်ခံထားတယ်။ ဒါပေမဲ့ သိုလှောင်ထားတဲ့ လက်နက်တစ်မျိုး ပေါက်ကွဲခဲ့တာလို့ သူတို့ပြောတယ်။ ဆိုလိုတာက အဲဒီမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ပြောပြပေးပါဦး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက တိုက်ခိုက်ခံရတဲ့ ခန်းမထဲမှာ ကလေးတွေ ကပြဖျော်ဖြေနေခဲ့တယ်လို့ ကျွန်တော်တို့ သတင်းကြားထားလို့ပါ။

Tom – အမှန်ပါပဲ။ အဲအချိန်မှာ ကလေးတွေလည်း ရှိနေကြတာ။ မိသားစုတွေ အစုံအညီ အဲဒီ့နေရာကို ရောက်နေကြတာ။ ဒါက ရပ်ရွာတစ်ခုရဲ့ အရေးကြီးတဲ့ အင်္ဂါရပ်တစ်ခုပါ။ ဒီတစ်ရွာတည်းတင်မဟုတ်ဘဲ ဘေးရွာတွေက ရွာသားတွေလည်း ဒီဖွင့်ပွဲ အခမ်းအနားမှာ လာရောက် ပါဝင်ခဲ့ကြတယ်။

ဒီမှာ အထူးပြောကြားလိုတာကတော့ အပြစ်မဲ့ ပြည်သူတွေနဲ့ ကလေးငယ်တွေကို အခုလို တိုက်ခိုက်မှုဟာ တရားမျှတတယ်လို့ စစ်အုပ်စုက ရှင်းချက်ထုတ်နေတယ်။ အတိုက်အခံတွေကို အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်သုံးစွဲတဲ့ အချက်တစ်ချက်တည်းနဲ့တင် စစ်အုပ်စုအကြောင်း သိသင့်သမျှ အရာအားလုံးနီးပါးကို ရိပ်စားမိမှာပါပဲ။

တကယ်တော့ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုကို ဆန့်ကျင်နေကြသူတွေဟာ သူတို့တိုင်းပြည်ကို ကယ်ဆယ်ဖို့ ကြိုးစားနေကြတာပဲ။ သူတို့ဟာ မြန်မာနိုင်ငံကို ချစ်ကြလို့သာ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေ လုံးဝမဟုတ်ပါဘူး။

ဒီနေရာမှာ ကျွန်တော်တို့ ကိုင်တွယ်နေရတဲ့ အရာတွေကို ကမ္ဘာကြီးက အတိအကျ နားလည်ထားဖို့ လိုပါတယ်။ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေနဲ့ မယုံနိုင်စရာ ထုတ်ပြန်ချက်တွေက ကျွန်တော်တို့ သိသင့်တဲ့ သိရမဲ့ အရာအားလုံးကို ဖော်ပြနေတာ ဆိုတာပါပဲ။

ဒီစစ်အုပ်စု လက်ထဲမှာ လူပေါင်း ၃,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။ ပြည်သူ ၁ ဒသမ ၃ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။ ဒီနိုင်ငံမှာ နေ့စဥ်နဲ့အမျှ အကျပ်အတည်း အခက်အခဲတွေ ပေါ်ပေါက်နေပါတယ်။

မေး – လေကြောင်းတိုက်ခိုက်မှုတွေက (ကြုံရဖန်များလို့) အထူးအဆန်း မဖြစ်တော့ဘူးလို့တောင် ပြောလို့ရမယ်နော်။ အခုအဖြစ်အပျက်ဟာ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုတွေထဲက တစ်ခုပဲ ဖြစ်တယ်။ နိုင်ငံတကာ အသိုက်အဝန်းကနေ ဒီစစ်အုပ်စုကို လေယာဥ်ဆီတင်ပို့ခြင်း မပြုဖို့ အကြိမ်ကြိမ် တောင်းဆိုနေတာတောင် သူတို့အနေနဲ့ ဒီလို တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေနိုင်တာ ဘာကြောင့်ပါလဲ။

Tom – ဟုတ်ပါတယ်။ ဒါကတော့ သူတို့မှာ လေယာဥ်ဆီရှိနေလို့ပါပဲ။ သူတို့မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ထောက်ပံ့ပေးနေတဲ့ လက်နက်တွေလည်း ရှိပါသေးတယ်။ ဒါတွေတင်မကဘဲ သူတို့မှာ စီးပွားရေး လုပ်ငန်းကြီးတွေလည်း ရှိပါတယ်။

အဲဒီကနေရတဲ့ ဘီလီယံနဲ့ ချီတဲ့ ဒေါ်လာတွေဟာ မြန်မာပြည်သူတွေရဲ့ အသက်ကို နှုတ်ယူနေတဲ့ စစ်လက်နက်တွေကို အဆင့်မြင့်သထက်မြင့်အောင် အသက်သွင်းပေးနေပါတယ်။ ဒီတော့ သူတို့က ဘာကိုမှ မမှုတော့သလို ဖြစ်နေတယ်။

တကယ်တော့ စစ်အုပ်စုက လေကြောင်းတိုက်မှုတွေကို အရှိန်ပိုတင်လာတာ သတိထားမိပါတယ်။ ဒီလို ပိုပိုပြီး အန္တရာယ်ပြုလာရတဲ့ အကြောင်းရင်း တစ်ခုကတော့ မြန်မာ ပြည်သူတွေအနေနဲ့ စစ်အုပ်စုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်နေကြလို့ပဲ ဖြစ်ပါတယ်။

ဒီအချက်က သူတို့ကို မြေပြင်မှာ ထိထိရောက်ရောက် အလုပ်လုပ်ဖို့ ခက်ခဲသွားစေတယ်။ ဒီတော့ (မြေပြင်အင်အားကို အများအပြားသုံးမယ့်အစား) သူတို့ တပ်သားတွေကို ကာကွယ်ပြီးသားလည်းဖြစ်အောင် ဝေဟင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ချတိုက်ခိုက်တဲ့ နည်းလမ်းကို သူတို့သုံးနေတာပါ။

တကယ်က ကောင်းကင်ကနေ ဒီလို အန္တရာယ်များတဲ့ အရာတွေ ပစ်ချလိုက်မယ်ဆိုရင် အပြစ်မဲ့ ပြည်သူပေါင်းများစွာ သေကျေ ပျက်ဆီးကြမယ်ဆိုတာ အားလုံး နားလည်ထားပြီးသားကိစ္စပါ။

မေး – ဒီတော့ ချမှတ်ထားပြီးသား ဆုံးဖြတ်ချက်တွေအပြင် ကုလသမဂ္ဂက ဒီဖြစ်ရပ်အပေါ် ဘာတွေ ထိထိရောက်ရောက် လုပ်ပေးနိုင်မယ်လို့ ကုလရဲ့ အထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ ခင်ဗျားရဲ့ အမြင်ကို မျှဝေပေးပါဦး။

Tom – ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကုလလုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချမှတ်နိုင်ခဲ့တယ်။ ဒါဟာ ရှေ့ကိုသွားနေတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။

ကျွန်တော်တို့ ယူကရိန်းရဲ့ အခြေအနေကို ကြည့်ရင်လည်း သိနိုင်တာပဲ။ ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီကနေ‌ ထိရောက်တဲ့ အရေးယူမှုမျိုး လုပ်နိုင်တာ မရှိသလို လုပ်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့ နိုင်ငံတွေကိုလည်း ကုလကနေ ကာကွယ်ပေးလို့ မရပါဘူး။

အရေးကြီးတာက ဒီနေရာမှာ ရပ်တည်ချက်တူညီတဲ့ နိုင်ငံတွေ အချင်းချင်း အတူတကွ လက်တွဲ ပူပေါင်းဖို့ လိုပါတယ်။ ဒါပေမဲ့ ယူကရိန်းအရေးမှာ မြင်တွေ့နေရတဲ့ ရည်ရွယ်ချက် ပြတ်ပြတ်သားသားနဲ့ မဟာဗျူဟာကျကျ ပူပေါင်းညှိနှိုင်းဆောင်ရွက်တဲ့ လုပ်ဆောင်ချက်မျိုးကို မြန်မာ့အရေး ကိုင်တွယ်ရာမှာ အသုံးပြုနေတာမျိုး အခုချိန်ထိ မတွေ့ရသေးပါဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article