36 C
Yangon

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဇယ်ဆီများ စတင်ပြတ်တောက် ပြီး အကန့်အသတ်ဖြင့် အလုအယက်ဝယ်နေရ ၊ လျှပ်စစ်မီး ပြတ်တောက်မှုများ အလွန် အခြေအနေဆိုးဝါး

Must read

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဇယ်ဆီများ စတင်ပြတ်တောက် ပြီး အကန့်အသတ်ဖြင့် အလုအယက်ဝယ်နေရ ၊ လျှပ်စစ်မီး ပြတ်တောက်မှုများ အလွန် အခြေအနေဆိုးဝါး

ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ပရီမီယံဒီဇယ်နှင့် ဒီဇယ်ဆီများ စတင်ပြတ်တောက်ပြီး အကန့်အသတ်ဖြင့် အလုအယက်ဝယ်နေရကြောင်း စီးပွား ရေးသမားများနှင့် စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင် ဒီဇယ်ဆီနှင့် ပရီမီယံ ဒီဇယ်များ ဝယ်ယူရမှု ခက်ခဲလာခဲ့ရာမှ ယခုအခါတွင်မူ ဒီဇယ်ဆီနှင့်ပရီမီယံ ဒီဇယ်ဆီကို အလုအယက်ဖြင့် ဝယ်ယူနေရကြောင်း သိရှိရသည်။

“နှစ်ဆန်းပိုင်းကစပြီး ခွဲတမ်းနဲ့ ပေးတာ။ စက်ရုံ၊ အလုပ်ရုံတွေမှာက မီးမရတော့ ဒီဇယ်ဆီနဲ့ပဲ မောင်းပြီး အလုပ်လုပ်ရတာ။ အခုက ဝယ်မရတော့ဘူး။ အမြန် အပြေး ဝယ်နေရတယ်။ ကျနော်ထင်ပါတယ် ရက်ပိုင်းအတွင်းကို ဒီဇယ်နဲ့ ပရီမီယံ က လုံး၀ ပြတ်သွားမယ့် အခြေအနေပါ။ သူတို့ကလည်း စက်သုံးဆီ တင်သွင်းတာကို ဒေါ်လာ ၁ ဘီလီယံ နီးပါးလောက် မဝယ်တော့ဘဲ လျှော့ချ လိုက်ပြီလို့ သိရတယ်” ဟု စက်မှုဇုန်တစ်ခုမှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ဒီဇယ်နှင့်ပရီမီယံ ဒီဇယ်ဆီများမှာ ရန်ကုန်တွင် ဝယ်ယူရန် ခက်ခဲနေသကဲ့သို့ နယ်ဒေသများတွင် လုံး၀ ဝယ်မရသည်အထိ ပြတ်လပ်နေသည်ဟု သိရှိရသည်။

စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန် မပေးသည့်အတွက် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လုပ်ငန်းများလည်ပတ်ရန်၊ မီးစက်အသုံးပြုရသည့် ဆိုင်များ လုပ်ငန်းများတွင်လည်း စက်သုံးဆီများ ဝယ်ယူအသုံးပြုနေရကြောင်း၊ ယခုအခါ စက်သုံးဆီ ဝယ်ယူရေးအတွက် သက် ဆိုင် ရာ ၏ ထောက်ခံချက်များ တင်ပြမှသာလျှင် စက်သုံးဆီ ဝယ်ယူနိုင်မည်ဟု စည်းကမ်းသတ်မှတ်ထားသဖြင့် သက်ဆိုင်ရာ စက်မှုဇုန်များ၏ ထောက်ခံများ တင်ပြရကြောင်း၊ စက်သုံးဆီများ ဝယ်ယူရာတွင်လည်း စစ်ကောင်စီက သတ် မှတ် ပေးထားသည့် ဆိုင်များတွင်သာ ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၉ ရက်နေ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံ တကာတွင် စက်သုံးဆီ စျေးတက် နေကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး နှင့် အသုံးစရိတ် မြင့်မားမှု ရှောင်ရှားစေရေး အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချသုံးစွဲရမည် ဖြစ် ကြောင်း၊ အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုများကို အကြီး အကျယ်လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ အခြေအနေ အလွန်ဆိုးဝါးနေကြောင်း သိရှိရသည်။

“ဒီရက်ပိုင်းမှာ ၂၄ နာရီမှာ ၃ နာရီလောက်ပဲ မီးလာတယ်။ လာလိုက် ပြတ် လိုက်နဲ့ အတော်ကို အဆင်မပြေဘူး။ ရာသီဥတုကလည်း အရမ်းကိုပူ တော့ လူကြီး လူငယ် ကလေး အားလုံး ဒုက္ခရောက်ကြတယ်။ ဒီကြားထဲ LNG သင်္ဘောကြီး ပြန်သွားတဲ့သတင်း လိုင်းပေါ်မှာ တွေ့လိုက်ရတော့ မအလ လက်ထက်မှာ တိုင်းပြည်က ၁၉၉၀ ပြည့်နှစ် အခြေအနေတွေဆီ ပြန်ရောက် သွားသလိုခံစားရတယ်။ အစစ အရာရာ အကုန်နောက်ကျ သွားလိုက်တာများ” ဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ဒီဇယ်ဆီနှင့် ပရီမီယံ ဒီဇယ်ဆီ ပြတ်တောက်သည့် သတင်းများနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန် ပြောဆိုရှင်းလင်းခြင်းမရှိဘဲ လျစ်လျူရှုထား ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ဒီဇယ်နှင့် ဓာတ်ဆီစျေးနှုန်းများ မြင့် တက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်သည်။)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article